အဆစ်ပျော့သောလက်မ
လက်အဆစ်သည် ပျော့ပြောင်းခြင်း၊ နောက်ဘက်သို့ ကော့လန်လျက်ရှိခြင်းတို့သည် လက္ခဏာရှင်၏ စိတ်နေသဘာဝကို ဖော်ပြလျက်ရှိပေသည်။ ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနေတတ်သည်။ အလှအပကြိုက်သည်။ အနုပညာ၊ သဘင်၊ စာရေးဆရာ၊ စကားပြောသမားများဖြစ်တတ်သည်။
အညှာလွယ်သူများ၊ အသုံးအစွဲလက်ဖွာသူများ၊ စည်းကမ်းစနစ်စသည်တို့ကို လျော့ပေါ့စဉ်းစားတတ်သူများဖြစ်သည်။ ငွေကြေးတွင် စည်းကမ်းမရှိ အသုံးအစွဲကြီးတတ်သည်။ ၎င်းတို့သည် နောင်ရေးနှင့် ပတ်သက်၍ မစဉ်းစားဘဲ ယနေ့အရေးအခင်း၊ ယခုအရေးအခင်းတို့ကိုသာ စိတ်ဝင်စားပြီး လွယ်ကူစွာ ဖြေရှင်းတတ်ကြသည်။ သူတို့၏တွေးခေါ်မှုနယ်ပယ်သည် ကျယ်ပြန့်လွတ်လပ်သလောက် လူလည်းလွတ်လပ်စွာနေတတ်သည်။ စည်းကမ်းဘောင်နှင့် ဥပဒေ၏ချုပ်ကိုင်မှုများအပေါ်တွင် ဒဏ်မခံနိုင်ကြ။ စည်းကမ်းတင်းကြပ်မှုကို မလိုက်နာနိုင်ကြချေ။ ၎င်းတို့သည် အချိန်ကိုလည်းကောင်း၊ ဥစ္စာပစ္စည်းကိုလည်းကောင်း ဖြုန်းတီးတတ်ကြလေသည်။
သူတို့သည် မည်သည့်နေရာအခြေအနေ၊ ပုဂ္ဂိုလ်တို့နှင့်မဆို လိုက်လျောညီထွေနေတတ်သော အရည်အချင်းရှိနေသည်။ ၎င်းတို့သည် ဆွေမျိုးသားချင်းများနှင့် သူ၏မွေးချင်းစသည်တို့ကို ချစ်ခင်တွယ်တာသော စိတ်သဘောရှိတတ်သော်လည်း လက်တွေ့တွင်မူကာ ကျရာတွင် ပျော်ရွှင်စွာနေထိုင်တတ်ကြလေသည်။ သူတို့ရောက်ရှိရာနေရာသည် သူတို့အတွက် အဆင်ပြေအံ့ဝင်ခွင်ကျ ရှိတတ်လေသည်။
အဆစ်မာသောလက်မ
အဆစ်မာသောလက်မရှိသောသူသည် လက်တွေ့ကျကျစိတ်ကူးလုပ်ဆောင်တတ်ကြသည်။ စိတ်ဆန္ဒအင်အားပြင်းပြမှု၊ ခေါင်းမာသူ၊ ဇွဲကောင်း၍ ခံနိုင်ရည်ရှည်သူများအဖြစ် တွေ့မြင်နိုင်သည်။ ထိုလက်မပိုင်ရှင်များသည် လျှို့ဝှက်သိပ်သည်း အနေအထိုင်ကျစ်လစ်ပြီး သတိတရားမြဲမြံမှုရှိသည်။ ထို့ကြောင့် အဆစ်ပျော့ လက်မပိုင်ရှင်များကဲ့သို့မဟုတ်ဘဲ အမှားအယွင်းနည်းပါးကြသည်။
အချစ်ရေးတွင် သူတို့သည် ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြောဆိုလေ့မရှိကြ။ လျှို့ဝှက်သိပ်သည်းစွာ ချစ်တတ်ကြသည်။ သို့ရာတွင် ခိုင်မြဲတတ်ပြီး စောင့်စည်းထိန်းသိမ်းမှုအပြည့် ရှိလေသည်။ ရှေ့နေ၊ ကုန်သည်၊ တရားသူကြီး၊ သိပ္ပံပညာရှင်စသော အထက်လွှာတို့တွင် ထိုလက်မကို တွေ့နိုင်သည်။
၀ယ်ယူရန် နှိပ်ပါ
ခါးသိမ်လက်မ
ခါးသိမ်သောလက်မအမျိုးအစားသည် ကောင်းမွန်သောအချိုးအစားဖြစ်၏။ တိကျသေချာပြီး ဉာဏ်ကို နေရာစနစ်တကျမှန်ကန်စွာ ကျင့်သုံးလုပ်ကိုင်တတ်သည့် စိတ်ပါရှိသူဖြစ်သည်။ အရာရာတွင်အကင်းပါး၏။ လွယ်ကူစွာသိတတ်နားလည်နိုင်သော ပါးလွှာသည့်ဉာဏ်ရှိသည်။ စိစစ်တတ်သည့် အသိဉာဏ်နှင့်လည်း ပြည့်ဝ၏။ နည်းဗျူဟာမျိုးစုံတတ်မြောက်သည်။ အရောင်းအဝယ်သမားကောင်းတစ်ယောက်ဖြစ်သည်။
တင်းပုတ်လက်မ
ပထမအဆစ်ဖြစ်သည့် လက်မ၏အထက်ဆုံးသောအပိုင်းသည် ထူထဲကြီးမားခြင်း၊ တိုတောင်းခြင်း၊ လက်သည်းခွံမှာလည်း ပြားချပ်လျက်ရှိခြင်းများကို တွေ့ရပါက ၎င်းလက်မမျိုးကို တင်းပုတ်လက်မဟုခေါ်သည်။
ထိုလက်မမျိုးရှိသူတို့သည် သူတို့၏စိတ်ကို သူတို့မှန်ကန်စွာ ချုပ်တီးထိန်းသိမ်းနိုင်စွမ်း မရှိနိုင်ကြချေ။ အထူးသဖြင့် ၎င်းတို့၏ကာမဂုဏ်စိတ်ဆန္ဒနှင့် ပတ်သက်လျှင်ပို၍ပင် ထိန်းသိမ်းနိုင်စွမ်း မရှိတတ်ကြချေ။ သောကြာဂြိုလ်ခုံ မို့မောက်ကျယ်ပြန့်လျှင် ပိုဆိုး၏။ လက်မတိုခြင်း၊ ထူထဲကြီးမားခြင်းသည် ရိုင်းစိုင်းသောတိရိစ္ဆာန်တို့၏ သဘာဝအတိုင်းပင်ဖြစ်တော့သည်။ လူမဆန်သော နိုင်ထက်စီးနင်းပြုကျင့်မှုများ ပြုလုပ်တတ်သည်။ သေးငယ်သောကိစ္စကို အကျယ်ချဲ့၍ အသက်ကိုရန်ရှာတတ်သည်။
ဤကဲ့သို့သော လက်မမျိုးသည် အဆစ်မာသောအမျိုးအစားဖြစ်ခဲ့ပါက ပို၍ပင်ကြမ်းတမ်းသော သဘောရှိလေသည်။ ဒေါသကို မထိန်းချုပ်နိုင်ခြင်း၊ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေးတွင် မပြေပြစ်ခြင်းတို့ကြောင့် မကြာခဏဆိုသလိုပင် အမှုအခင်းများနှင့် ကြုံတွေ့ရတတ်လေသည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope