
မာလာရေစင် ကတော့ အခက်အခဲဖြစ်နေတဲ့အရာတွေ ပြတ်တောက် ပြိုကွဲသွားတဲ့အရာတွေကနေ ပြန်လည် ထူထောင်ဖို့ အဓိဌာန် တည်တဲ့အခါ အသုံးဝင်ပါတယ်။ မာလာရေစင်ကို ၇ ခွက် ၇ ခါ ကပ်လှူ ပေးရင် လက်ရှိကြုံနေတဲ့ အခက်အခဲဖြစ်နေတဲ့ ကိစ္စတွေ ရပ်ဆိုင်းသွားပြီး အဆင်ပြေချောမွေ့စေပါတယ်။
အရေးအကြီးဆုံးကတော့ မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို ကိုယ့်ဘက်က မသိနားမလည်ဘဲ ပြစ်မှား မိတာ အမှား လုပ်မိတာရှိရင် အပြစ်မယူဖို့ ဝန်ချကန်တော့တဲ့အခါ အရေးပါတဲ့ လှူဖွယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ မာလာရေစင်ကပ်သူက လောဘ မကြီးဖို့ နဲ့ အကျိုးလိုလားကာ ဖြစ်လျှင်ပြီးရော မကပ်ဖို့ လိုပါတယ်။
မာလာရေစင် ကပ်လှူခြင်း က တိဘက် ရှမ်ဗဲလားဒေသ ရဲ့ ရိုးရာ ကပ်လှူပူဇော်မှု ဖြစ်ပါတယ်။ ဒါ့အပြင် နီပေါ ဘူတန် ဒေသတွေမှာလဲ မာလာရေစင် ကပ်လှူခြင်း အလေ့အထ ရှိပါတယ်။ နီပေါနိုင်ငံမှာ သတ်မှတ်ထားတဲ့ ယူနက်စကို ထိန်းသိမ်းစောင့်ရှောက်ရေး ဘာသာရေးနေရာတွေမှာ နှစ်တိုင်း မာလာရေစင် ကပ်လှူ ကြပါတယ်
မာလာရေစင်ကပ်လှူနည်းမှာ နှစ်သက်ရာ ပန်းပွင့်များကို ရေဆေးပါ။ ဖန်ထည်၊ ကြွေထည်၊ မြေထည်၊ စဉ့်အိုး စသဖြင့် ပန်းကန်လုံးထဲကို ပန်းပွင့်များထည့်ပါ။ ရေအေးအေး ဖြည့်ပါ။ ရေခဲရေ ဖြည့်လျှင် လဲရပါတယ်။ ပန်းပွင့်များကို လှပစွာပုံဖော်၍ လှူ ဒါန်းနိုင်ပါသည်။
လှူဒါန်းရာတွင် ကိုးကွယ်ရာ ဘာသာအသီးသီးမှ ဘုရားရှင်များ အပါအဝင် ဘိုးဟောင်းဘွားဟောင်း ပဌာန်းဆက် ရှိသူ အပေါင်းကိုလဲ ပင့်ဖိတ်လှူဒါန်း နိုင်ပါတယ်။ မနက် ည ညနေ ကြိုက်တဲ့အချိန် ကပ်လှူပါ။ သိုက်နန်းရှင်တွေ အင်မတန်နှစ်သက်သော မာလာရေစင် ဖြစ်ပါတယ်။ မာလာရေစင် ကပ်လှူ တဲ့အခါ သဒ္ဒါတရား အားဖြည့်လုပ်ဆောင်ရပါမည်။ ပန်းဝယ်ယူတာကအစ ချွေယူခင်းကျင်း တဲ့အထိ ရေဖြည့်တာအဆုံး ကိုယ့်လက်နဲ့ လှူဒါန်းပါ။
မာလာရေစင် ကပ်လှူ တဲ့ အချိန် လေပြည်အေးကနဲ တိုက်သွားတာ၊ ငှက်မွှေးလေးတွေ ကိုယ့်အနား ရောက်လာတာ၊ ကိုယ်ကပ်လှူထားတဲ့ပန်းရနံ့ အပြင် အခြားရနံ့တွေပါ ရ ရှိနေတာ ၊ သစ်ပင်တွေလေတိုက်လို့ အရွက်ချင်းပွတ်တိုက်သလို အသံတွေ ကြားရတာ၊ လိပ်ပြာလေးတွေ လာနားတာ ဒါတွေကြုံလာရတဲ့အခါ အထူးဝမ်းမြောက်ပါ။ ကိုယ့်လှူဒါန်းမှု ကို အသိအမှတ်ပြုသူတွေ ထူးခြားစွာ ရှိလို့ပါပဲ။
မာလာ = 5 + 4 = 9 နဝင်း ၊ ရေစင် = 8 +3 = 11 မီး ၊ 9 နဝင်းအားဖြင့် 11 မီးငြိမ်းစေတာမို့ ယတြာအနေနဲ့ လဲ ဆောင်ရွက်နိုင်ပါတယ်။
၀ယ်ယူရန် နှိပ်ပါ
မာလာရေစင် လှူတဲ့အခါ ဘယ်လို ရွတ်ရလဲ
*************************
သံသရာ၌ ကျင်လည်လျှက်ရှိကြကုန်သော ဘဝဘဝဟောင်းများစွာက တော်စပ်ခဲ့ဖူးသော ဘိုးဟောင်းဘွားဟောင်းများနှင့်တကွ ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း မြင်အပ် မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့အား ကျွန်ုပ်မှ အပြစ်များရှိပါက ကြေအေးပေးပါ ကျေနပ်ပေးပါ ခွင့်လွှတ်ပေးပါ။
သင်တို့အားလုံးရဲ့ကိုယ်စား ကျွန်ုပ်မှနေ၍ မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့် ကပ်လှူပူဇော်ပါသည်
ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ မေတ္တာတော်အနန္တ၊ သစ္စာတော် အနန္တ၊ ပါရမီတော် အနန္တတို့နှင့်ပြည့်စုံတော်မူသော သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအား ဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍ မိခင်ဖခင် ကျေးဇူးရှင်တို့အား၎င်း၊ ဆရာသခင် ကျေးဇူးရှင်တို့အား၎င်း၊
အကျွန်ုပ်ကို စောင့်ရှောက်သော ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာတော်စောင့်နတ်များ၊ အကျွန်ုပ်ကိုစောင့်ရှောက်သော အစောင့်အရှောက်များနှင့်တကွ ဆွေဆက် မျိုးဆက်၊ ပဌာန်းဆက်၊ ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်း၊ မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့် သိုက်နန်းရှင်အပေါင်းတို့အားရည်စူး၍ ၎င်းတို့နှင့်ပေါင်းစု၍ ၎င်းတို့နှင့် အတူတကွ ဤ မာလာရေစင်ကို အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏။ အလှူခံတော်မှူပါ (သုံးကြိမ်) စသည်ဖြင့် ရွတ်ဆိုပြီး ကပ်လှူပူဇော်ပါ။ လက်ရှိကြုံနေတဲ့ ပျက်စီးရာ ပျက်စီးကြောင်း ကိစ္စတွေ ရပ်ဆိုင်းသွားပြီး အဆင်ပြေချောမွေ့စေပါတယ်။
ဆရာထွန်းလင်း (မြန်မာ့ရိုးရာဗေဒင်ပညာ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope