ဇွန်လအတွက် ကောင်းကျိုးတွေရရှိစေမယ့် ဂါထာနှင့်ယတြာအစီအရင်
lotaya.mpt.com.mm
|
2024-06-14

လူတိုင်းဟာ လစဉ်လစဉ် အိမ်ထောင်ရေးကိစ္စတွေ ၊ စီးပွားရေးကိစ္စတွေ ၊ ကျန်းမာရေးကိစ္စတွေ ၊ ပညာရေးကိစ္စတွေ စသဖြင့် ဆောင်ရွက်နေကြပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ တချို့ကျတော့လည်း အိမ်ထောင်ရေး အဆင်ပြေတယ် စီးပွားရေး အဆင်မပြေဘူး ။ တချို့ကျတော့လည်းဘဲ စီးပွားရေး အဆင်ပြေတယ် အိမ်ထောင်ရေး အဆင်မပြေဘူး။ တချို့ကျတော့လည်းဘဲ အိမ်ထောင်ရေး ၊ စီးပွားရေး အဆင်ပြေတယ် တခြားအရေးတွေမှာ အဆင်မပြေဘူး စိတ်သောကရောက်ရတာတွေ ရှိတယ် စသဖြင့်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကိစ္စတွေမှာ အနှောင့်အယှက်တွေ ၊ သောကတွေ ရှိတတ်ပါတယ်။

ဒီယတြာကတော့ ကောင်းတဲ့ယတြာ ၊ ကုသိုလ်ယတြာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လစဉ်လစဉ်မှာ အဖက်ဖက်ကနေပြီး တက်အားသမျှ ပြန်ပြီးတော့ ကောင်းမွန်တဲ့အခြေအနေမျိုးကို ရရှိလာအောင် ၊ ရောက်ရှိလာအောင် ဆောင်ရွက်တဲ့ ကုသိုလ်ယတြာလေးဘဲ ဖြစ်ပါတယ်။

ဒီလအတွက် အထူးသဖြင့် ပြုလုပ်ရမယ့် ကာလကတော့ ၁၅.၆.၂၀၂၄ ကနေပြီး ၁၆.၇.၂၀၂၄ အတွင်းမှာ တစ်လလုံးလုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီကာလမှာ ဆောင်ရွက်ရမယ့် ယတြာကတော့ စူဠာမဏိဘုရားဟာ ဒီကာလရဲ့ အောင်မြေဖြစ်ပါတယ်။ အောင်မြင်အောင် ဆောင်ရွက်ရမယ့် အောင်မြေဌာနဖြစ်ပါတယ်။

စူဠာမဏိဘုရားကို ကိုယ်က အနောက်တောင်အရပ်ကို မျက်နှာမူပြီး လမုန့်ဆွမ်းကို ကပ်လှူရမှာ ဖြစ်ပါတယ်။ လမုန့်ဆွမ်းကို ကပ်လှူပြီးတော့ ဘေးလွတ်ရန်ကွာဂါထာဖြင့် မိမိတို့ တတ်နိုင်သမျှ (၉) ခေါက် ၊ (၂၇) ခေါက် (ဒါမှမဟုတ်) ပုတီး (၁) ပတ် စိပ်ပြီးတော့ နေ့စဉ် မိမိတို့ အခက်အခဲ အမျိုးမျိုးကနေပြီးတော့ ပြေပျောက်ပါစေကြောင်း ဆုတောင်းပါ။ ဒီတစ်လလုံးလုံးမှာ မိမိတို့ ဆောင်ရွက်တဲ့ကိစ္စတွေ  အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး ကိစ္စတွေမှာ အဖက်ဖက်ကနေပြီး ကောင်းကျိုးအဖြာဖြာ ပြည့်စုံကာ စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာနဲ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

စူဠာမဏိဘုရားဟာ မိမိတို့ အနားမှာ မရှိဘူးဆိုလို့ရှိရင် ဓာတ်ပုံကို ပူဇော်လို့လည်း ရပါတယ်။ ဓာတ်ပုံမရှိဘူးဆိုရင်လည်း စူဠာမဏိဘုရားကို ရည်မှန်းပြီး ကိုယ်က ပူဇော်လို့ရပါတယ်။

ဘေးလွတ်ရန်ကွာ ဂါထာ

***********************

“အဂ္ဂေါ ဗုဒ္ဓေါ အဂ္ဂေါ ဓမ္မော၊

အဂ္ဂေါ သံဃော အနုတ္တရော၊

အဂ္ဂေါ စ ဝိပါကော ဟောတိ၊

ယံ ယံ ဣစ္ဆာ သမိဇ္ဈတု။”

ရတနာသုံးပါကို အတုမရှိ အမြတ်ဆုံးဟု မိမိစိတ်ထဲကနေပြီးတော့ ကြည်ညိုကာ ရွတ်ဆိုပွားများ အောက်မေ့ခြင်းကြောင့် ဘေးအန္တရာယ်တွေ ကင်းရှင်းပြီး မြင့်မြတ်တဲ့ အကျိုးထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..