၁။ ကြာသပတေးကွင်း
လက်ညိုးကို ပတ်နေသော လခြမ်းပုံအမှတ်အသားဖြစ်သည်။ ထိုလမ်းကြောင်းအား ဆော်လမွန်လက်စွပ် မဟော်သဓာလက်စွပ်ဟူ၍ ခေါ်ဝေါ်ကြသေးသည်။ ကြာသပတေးကွင်း ပါရှိသူတို့မှာ ထိုးထွင်းဉာဏ်၊ ဖြတ်ထိုးဉာဏ်ကောင်းကြသည်။ စကားအပြောကောင်းကြသည်။ ပါးနပ်ကြသည်။ ဆရာဖြစ်စေသော အမှတ်အသားတစ်ခုလည်း ဖြစ်သည်။ အထင်ကြီးကြခြင်း၊ အမြင်ကပ်ခြင်းကို ဒွန်တွဲခံစားရတတ်သည်။
၂။ စနေကွင်း
စနေဂြိုလ်ခုံကို ပတ်နေသော လခြမ်းပုံအမှတ်အသားဖြစ်သည်။ ထင်ရှားစွာ တွေ့ရခဲသည်။
အပြတ်အတောက်များဖြင့်သာ တွေ့ရသည်က များသည်။ ကောင်းသော အမှတ်အသားတော့မဟုတ်ပေ။ စနေကွင်း ပါရှိသူတို့မှာ ကောင်းသော လက်ဝါးပြင်နှင့်တွဲဖက်ပါက ထူးထူးကဲကဲ အကျိုးပေးတတ်ပေမဲ့ များသောအားဖြင့်မကောင်းကျိုးကိုသာ ဖြစ်စေတာက များသည်။ ကံမရှိ ဉာဏ်ရှိတိုင်း မွဲ ဆိုသလို လုပ်သမျှ အကျိုးမခံစားရပဲ သဲထဲရေသွန်ဖြစ်သွားတတ်ကြသည်။ လုပ်သမျှ မအောင်မြင်ကြသည်က များသည်။ ထိုအမှတ်အသားပိုင်ရှင်တို့သည်စိတ်ဓာတ်ကျလွယ်သည်။ စိတ်ညိုးစိတ်ညစ်လွယ်သည်။ အားလျော့လွယ်ကြသည်။ စနေကွင်း ပါရှိသူတို့မှာ စိတ်ဓာတ်မကျပဲ ထပ်မံကြိူးစားဖို့ အထူးလိုအပ်လေသည်။
၃။ တနဂ်နွေ ကွင်း
လက်ခလယ်ခြေရင်းမှာ ကွင်းသဏ္ဍာန်အမှတ်အသားကို ဆိုလိုသည်။ တနဂ်နွေကွင်း ပါရှိသူတို့သည် ငယ်ရွယ်စဥ်ထဲက စပြီး ဘဝတစ်လျောက်လုံးတွင် မိမိလုပ်သမျှ လုပ်ငန်းတိုင်း အရာတိုင်းမှာ ကံတရား၏ ဖေးမ ကူညီမှုကို အမြဲလို ရရှိကြသည်။ ကံကောင်းမှုများ မစခြင်းများ၊ အကူညီပေးမဲ့သူများ ရှိနေတတ်သည်။ မိမိလုပ်ကိုင်နိုင်သည်လည်း ပိုမိုအောင်မြင်တတ်ကြသည်။ အောင်မြင်မှု ၊ ကျော်စောမှု၊ အထင်ကြီးခံရမှု လေးစားမှုတွေကို ရရှိနေမည်။
အိမ်၊ခြံ၊ မြေ၊ ကား၊ ပစ္စည်းဥစ္စာလည်း ပေါများ ပြည့်စုံကာ မပူမပင်နေထိုင်သွားရမည်။
၄။ ဗုဒ္ဓဟူး ကွင်း
လက်သန်းခြေရင်းမှာ ကွင်းသဏ္ဍာန်အမှတ်အသားကို ဆိုလိုသည်။ ထို ဗုဒ္ဓဟူး ကွင်း ပါရှိသူတို့သည် စကားပရိယာယ်လွန်စွာကြွယ်ဝသည်။ မိမိပြောလိုရာကို တစ်ဖက်သား နားလည်လွယ်အောင် နားဝင်သွားအောင် လက်ခံအောင်ပြောဆိုနိုင်စွမ်း ရှိကြသည်။ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ သိပ္ပံ ၊ စွန့်ဦးတီထွင်ခြင်းတွေမှာ ကျွမ်းကျင်တတ်မြောက် ကြသည်။ စီးပွားရေးဉာဏ်ရှိပြီး စီးပွားအရှာ တော်ကြသူများလည်း ဖြစ်သည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope