၁၃၈၁(၂၀၁၉)ခုနှစ်အတွက် (၇) ရက်သားသမီးများအတွက်၁နှစ်စာဟောစာတမ်း
lotaya.mpt.com.mm
|
2019-01-28




၁၃၈၁(၂၀၁၉)ခုနှစ်အတွက် (၇) ရက်သားသမီးများအတွက်၁နှစ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင် ၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်နှစ်စာ ဗေဒင်ဟောစာတမ်းကို ၂၀၁၉ ခုနှစ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီ တစ်နှစ်စာ ၇ရက်သားသမီး ဗေဒင်ဟောစာတမ်းမှာ ရာဟုနဲ့ ဗုဒ္ဓဟူး ဟောကိန်းအတူတူ ယူဆနိုင်မှာဖြစ်ပါတယ်။ ကဲ ဒီ ၂၀၁၉ မှာ ဘာတွေကောင်းတယ်၊မကောင်းဘူး၊ ဘာတွေဆောင်ရ ရှောင်ရမယ်ဆိုတာ ဖတ်ရှုလေ့လာကြည့်ရအောင်ပါနော်။


တနင်္ဂနွေနေ့မွေးဖွားသူများ

တနင်္ဂနွေသားသမီးတို့သည် ယခုနှစ် ရှေ့(၆)လတွင် လုပ်ငန်းခွင်တွင်အတွေးအသစ်များဖြင့် ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ စက်သုံးဆီရောင်းဝယ်ခြင်း၊ စက်သွယ်ရေးပစ္စည်းများ၊အစုရှယ်ယာလုပ်ငန်းများနှင့် ကျောက်မျက်ရတနာ တူးဖော်ရောင်းဝယ်ခြင်းများ ကောင်းမည်။ ဆွေမျိုးများအိမ်သို့အလည်အပတ်သွားလာခြင်း၊ ခရီတို၊ ခရီးရှည်များသွားရခြင်းမျိုး ရှိတတ်သည်။ (14-6-2019) မှစ၍ လုပ်ငန်းခွင်တွင်အလောတကြီး မလုပ်သင့်ပါ။ ဆွေမျိုးမိတ်ဆွေများ လုပ်ငန်းတွင်အနှောက်အယှက်ပေးတတ်သည်။အမွေအနှစ်ကိစ္စတွေအတွက် စကားများရတတ်သည်။ ညီအစ်ကိုမောင်နှမခြင်း စကားများမည်။ စက်ပစ္စည်းနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရတတ်သည်။အလုပ် နေရာဌာနပြောင်းရွှေ့ခြင်း၊ ဘွဲ့ထူး၊ ဂုဏ်ထူး၊ ချီးမြှင့် မြောက်စားမှုများရရှိမည်။အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အောင်မြင်မှုရရှိမည့်နှစ်ဖြစ်သည်။ ပျိုရွယ်သူများ တဖက်သတ်အချစ်ရေးမျိုးနှင့် ကြုံတွေ့ရတတ်သည်။အိမ်ထောင်ရေး မသင့်မတင့် ဖြစ်တတ်သည်။ ပညာရေးတွင် မိမိရည်မှန်းချက်အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။ သို့သော် စာမေးပွဲဖြေဆိုရာတွင်အနှောက်အယှက်များဝင်လာတတ်သည်။ ကျန်းမာရေးတွင်အဖျားအနာရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါများ ခံစားရတတ်သည်။

ယခုနှစ်အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ - (က၊ ခ၊ ဂ၊ င)(၈- ၆- ၀ -၄)

ယတြာ - မိမိမွေးနေ့တွင် ကန်ဇွန်းညွန့်၊ ခရေညွန့်၊ ကြာပွင့်၊ ဂန္ဓမာပန်း(၅)ပွင့် ဘုရားပူဇော်ပေးပါ။ မာလာကာသီး၊ ပန်းသီး၊ ပေါင်မုန့် တို့ကို ဘုရားတွင် ဆွမ်းတော်ကပ်လှူ ပေးပါ။


တနင်္လာနေ့မွေးဖွားသူများ

တနင်္လာသားသမီးတို့သည် ယခုနှစ်တွင် သူတစ်ပါးအတွက်အကျိုးပေးသောကိစ္စများ ဦးတည်ချက်ပြောင်းပြီး ဆောင်ရွက်ခြင်းဖြင့် ကံကောင်းတတ်ပါသည်။ မိမိရည်မှန်းထားသော ကိစ္စရပ်များကစဉ့်ကလျားဖြစ်သွားတတ်သည်။ (14-6-2019)မှစ၍ လုပ်ငန်းခွင်များ စတင်ဆောင်ရွက်ရမည်။ ရေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊အပန်းဖြေစခန်းဖွင့်ခြင်း၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများ ဆောင်ရွက်ခြင်း၊ ထီး၊ ဖိနပ်၊အထည်အလိပ်ရောင်းဝယ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ဖြန့်ချီခြင်းကောင်း၏။အမျိုးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်းများ

အကျိုးခံစားရမည်။ မိမိရည်မှန်းချက်အတွက်အပျော်အပါးလိုက်စားမှုများ ရှောင်ကြဉ်ပါ။အိမ်ခြံမြေအဆောက်အဦး ဝင်လာတတ်သည်။အဆိပ်ရှိသောသတ္တဝါများ၏ ရန်မူခြင်းခံရတတ်သည်။ ပျိုရွယ်သူများအချစ်ရေးတွင် လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံခြင်းခံရတတ်သည်။ မနာလိုသူတို့၏ ကုန်းချောစကားကြောင့်အချစ်ရေးကံဆိုးသွားတတ်သည်။အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦး မယုံကြည်စရာများဖြစ်လာလိမ့်မည်။ သတိတရားရှေးရှု၍ သွားလာဆောင်ရွက်ရမည်။ ပညာရေးတွင် ဝိရီယစိုက်ထုတ်မှသာအကျိုးထူးခံစားရမည်။ ပညာရေးတွင် တခြားလူမှုရေးကိစ္စများပေါ်လာပြိး နှောင့်နှေးမှုများဖြစ်တတ်သည်။ ကျန်းမာရေးတွင် နှလုံးအားနည်းခြင်း၊ ခန္ဓာကိုယ်နေရာအနှံ့အပြား ကိုက်ခဲခြင်း မကြာခဏဖြစ်ခြင်း၊ မီးယပ်ရောဂါ သွေးအားနည်းရောဂါများ ခံစားရတတ်သည်။

ယခုနှစ်အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ - (တ၊ ထ၊ န၊အ) (၁- ၃- ၈- ၆)

ယတြာ - မိမိမွေးနေ့တွင် သရက်ညွန့်၊ သီးညွန့်၊ သဖန်းညွန့်၊ သနပ်ခါးညွန့်(၉)ညွန့်ကို ဘုရားလှူ ပေးပါ။


အင်္ဂါနေ့မွေးဖွားသူများ

အင်္ဂါသားသမီးတို့သည် ယခုနှစ်တွင် မိမိလွယ်ကူမည်ဟု ယူဆရသောကိစ္စများအနှောက်အယှက်ပေးခြင်းခံရတတ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောနှစ်ဖြစ်သည်။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်းများ လုပ်ငန်းခွင့်တွင် တတ်နိုင်သမျှရှောင်ကြဉ်ရမည်။အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများ လုပ်ခြင်း၊ ဖျော်ရည်ယမကာများ ထုတ်လုပ်ရောင်းချခြင်း၊ စက်ပစ္စည်းနှင့် စက်သုံးဆီရောင်းဝယ်ခြင်းကောင်း၏။ ယခုနှစ်တွင် ရင်းနှီးမြှုပ်နံထားသောလုပ်ငန်းများအကျိုးမြတ်ခံစားရမည်။ ဖုန်းနှင့်အဖိုးတန်ပစ္စည်းများကျပျောက်တတ်သည်။အပေါင်းအသင်းများ လူစုလူဝေးများပြားသော နေရာများတွင် သွားလာခြင်းများအထူးရှောင်ကြဉ်ပါ။ ယခုနှစ်တွင် တနင်္ဂနွေ ၊ ဗုဒ္ဓဟူး၊ စနေနေ့သားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။အချစ်ရေးတွင် နယ်၊ ရပ်ဝေးမှ ရည်စားတွေ့ရတတ်သည်။ မိမိထက်အသက်ကြီးသောသူများနှင့်အိမ်ထောင်ကျတတ်သည်။အိမ်ထောင်ရေးတွင် စိတ်သဘောထားကြီးကြီး ထားရမည့်နှစ်ဖြစ်သည်။ သားသမီးများအတွက် သတင်းကောင်းကြားရတတ်သည်။ ပညာရေးတွင် တီထွင်ဆန်းသစ်သော ပညာရပ်များ သင်ယူရမည်။ ကျန်းမာရေးအားနည်းမှုကြောင့် မိမိရည်မှန်းထားသောပညာရေးများအားနည်းတတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီးအထူးသတိထားရမည်။အထူးသဖြင့် ချောင်းဆိုးခြင်း၊ ပခုံးလည်ဆစ်ရိုးနာခြင်း၊အပူနာ၊အဖုအကျိတ်၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်တတ်သည်။

ယခုနှစ်အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ - (ပ၊ ဖ၊ ဘ၊ မ) (၅- ၄- ၇- ၂)

ယတြာ - မိမိမွေးနေ့တွင် ရွက်လှညွန့်၊ ဝါးညွန့်၊ ရွှေပန်း(၅)ပွင့် ဘုရားလှူ ပေးပါ။ယပ်တောင်(၈)ချောင်း ဘုရားကပ်လှူ ပေးပါ။ စာအုပ်၊ စာပေ၊ ကျန်းဂန်များ ဒါနပြုလုပ်ပေးပါ။


ဗုဒ္ဓဟူးနေ့မနက်ပိုင်းမွေးဖွားသူများနှင့် ညနေပိုင်း(ရာဟု) မွေးဖွားသူများ

ဗုဒ္ဓဟူးသားသမီးများ ယခုနှစ်တွင် မိမိဂုဏ်သတင်းကျော်ဇောပြီးအထူးအောင်မြင်မှု ရရှိမည့်နှစ်ဖြစ်သည်။ မည်မျှခက်ခဲသောကိစ္စရပ်များပင်ဖြစ်စေ ထူးခြားစွာအောင်မြင်မှုရတတ်သည်။ ဆက်သွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဖြစ်ထွန်းမည်။ ယခုနှစ်တွင် တနင်္လာ၊ ကြာသပတေး၊ စနေသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင်အောင်မြင်မှုများရရှိမည်။ သို့သော်(1-6-2019) နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းခွင်နှင့်အထွေထွေကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဂရုတစိုက်ဆောင်ရွက်သင့်သည်။ ပြည်တွင်း/ပြည်ပ ခရီးသွားလာခြင်း၊ ဘုရားဖူးခရီးသွားလာရကိန်း ရှိသည်။ ငွေကြေးကိစ္စရပ်များ မှန်းထားသည့်အတိုင်းအတာထက် ပိုဝင်ကိန်းကြုံမည်။ ဆက်သွယ်ရေးကိရိယာ၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်းအကျိုးခံစားရပြီး ဆက်သွယ်ရေးကိရိယာများ ဝင်လာတတ်သည်။ ညီကိုမောင်နှချင်း စကားများခြင်း၊အမွေအနှစ်ကိစ္စများ ပြောဆိုရခြင်း ကြုံရတတ်သည်။အချစ်ရေးတွင် စွပ်စွဲမှုအမျိုးမျိုးခံရကိန်းကြုံမည်။ လူငယ်လူရွယ်များအချစ်ရေးတွင် ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲမည်။အိမ်ထောင်ရှင်များအိမ်ထောင်ရေးကိစ္စအတွက် ငွေကြေးကုန်ကျမှုများမည်။အိမ်ခြံမြေအဆောက်အဦးများ ဆောက်လုပ်ရတတ်သည်။ ပညာရေးတွင် ဘဝအတွက် ရည်မှန်းထားသောပညာရပ်များ ဂရုတစိုက် လေ့လာသင်ယူ သင့်သည်။ ကျန်းမာရေးတွင် မျက်စိရောဂါ၊ စိတ်ဓာတ်ကျရောဂါ၊ သွားနှင့်ပတ်သက်သောရောဂါ၊ လေနာရောဂါများဖြစ်တတ်သည်။ ရောဂါဖြစ်ပွားလျှင် တတ်ကျွမ်းသော ဆရာများနှင့်ဂရုတစိုက် ကုသမှုခံယူသင့်သောနှစ်ဖြစ်သည်။

ယခုနှစ်အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ - (ရ၊ လ၊ ဝ၊ န) (၃- ၂- ၇- ၉)

ယတြာ - မိမိမွေးနေ့တွင် ကြေးဖလားဖြင့် ရေတော်(၅)ခွက် ဘုရားလှူ ပေးပါ။ ရွက်လှညွန့်၊ ပေါက်ညွန့်(၉)ညွန့်တို့ကို ရွှေအိုးဖြင့် ဘုရားပူဇော်ပေးပါ။ ဘုရားတွင် ဆီးမီ(၅)ခွက်ပူဇော်ပေးပါ။အဘိုးအဘွားအကြီးအကဲပုဂ္ဂိုလ်များကို ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း၊အုန်းထမင်းများကိုလှူ ပေးပါ။


ကြာသပတေးနေ့မွေးဖွားသူများ

ကြာသပတေးသားသမီးတို့သည် ယခုနှစ်တွင် စီးပွားရေးကိစ္စများနှင့်ပက်သက်၍အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့် ကာလဖြစ်သည်။ မိမိနာမည်ကိုအလွဲသုံးစားလုပ်ခြင်း ခံရတတ်သည်။ မိခင်ဘက်မှဆွေမျိုးများ၏ ကျန်းမာရေးကိစ္စရပ်များတွင် ကူညီပံ့ပိုးရခြင်းများ ကြုံတွေ့ရမည်။ (၁၄.၆.၂၀၁၉)မှစ၍ လုပ်ငန်းခွင်တွင်အကြံအစည်အသစ်များဖြင့် ဆောင်ရွက်ရမည်။ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ ကွန်ပျူတာဆက်စပ်ပစ္စည်းနှင့်အိမ်ဆောက်ပစ္စည်းများရောင်းဝယ်ခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ရောင်းဝယ်ခြင်း ကောင်း၏။ ယခုနှစ်တွင် တနင်္လာ၊ သောကြာ၊ တနင်္ဂနွေနေ့သားသမီးများနှင့် မည့်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင်အောင်မြင်မှုရရှိမည်။ စက်ပစ္စည်းနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရတတ်သည်။ ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်ပြီး စန်းပွင့်နေလိမ့်မည်။ တစ်ဖက်သတ်အချစ်ရေးမျိုးများနှင့်ကြုံတွေ့ရတတ်သည်။အိမ်ထောင်ရေးတွင်အိမ်ထောင်ဖက်၏အထင်လွဲခံရတတ်သည်။ ပတ်ဝန်းကျင်ကြောင့်အိမ်တွင်းရေး စကားများရတတ်သည်။

ပညာရေး နှင့်အချစ်ရေး ရောထွေးနေခြင်းများ ကြုံတွေ့ရတတ်သည်။ မိမိရည်မှန်းချက်အတွက်အပျော်အပါးလိုက်စားမှုများ ရှောင်ကြဉ်ပေးပါ။ သူငယ်ချင်းများ၏ ဆွဲဆောင်မှုကြောင့် လူမှုရေး ပြဿနာများ ရှုပ်ထွေးလာစေနိုင်သည်။ ခရီးသွားလာနေစဉ် ကျန်းမာရေး ဖောက်ပြန်မှုများနှင့် ကြံတွေ့ရတတ်သည်။ ကျန်းမာရေးတွင် မျက်စိရောဂါ၊ ဗိုက်အောင့်၊ လေနာခြင်း၊အရေပြားရောဂါဖြစ်တတ်သည်။ ရောဂါအခံရှိသူများ ရောဂါဟောင်းများ ပြန်ပေါ်လာတတ်သည်။

ယခုနှစ်အတွက်အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ - (စ၊ ဆ၊အ၊ ပ)(၂- ၅- ၈- ၃)

ယတြာ - မိမိမွေးနေ့တွင်အုန်းညွန့်(၉)ညွန့်၊ ပိတောက်ညွန့်၊ မာလာကာညွန့်(၉)ညွန့်တို့ကိုပေါင်းပြီး ဘုရားတွင် လှူပေးပါ။ ယို(၅)မျိုး ဆွမ်းတော်ကပ်လှူပေးပါ။ သရက်သီး၊ သလဲသီး၊ သဘောၤသီးများကို ဆွမ်းတော်ကပ်လှူပေးပါ။


သောကြာနေ့မွေးဖွားသူများ

သောကြာသားသမီးများသည် ယခုနှစ်တွင် မိတ်ဆွေအဟောင်းများနှင့် ပြန်တွေ့တတ်ပြီး လုပ်ငန်းသစ်များ တွဲဖက်လုပ်ရမည်။ (၁၅- ၁-၂၀၁၉) မှစ၍ (၁၅- ၆-၂၁၉)အထိ စီးပွားရေးများ တိုးတက်အောင်မြင်မည်။ ယခုနှစ်တွင် ကတိစကားကိုအလွယ်တကူ မယုံသင့်ပါ။

အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ဥယျာဉ်ခြံလုပ်ခြင်း၊ ဖုန်းအပိုပစ္စည်းနှင့် စက်သုံးဆီရောင်းဝယ်ခြင်း၊ ရေသန့်စက်အပိုပစ္စည်းရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ ဆောင်ရွက်ရာတွင်အကျိုးမြတ်ရရှိမည့်နှစ် ဖြစ်သည်။ ယခုနှစ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင်အောင်မြင်မှုရရှိမည်။ ယာဉ်နှင့် စက်ပစ္စည်းမမျော်လင့်ဘဲ ဝင်လာတတ်သည်။ ပြဿနာအဟောင်းများ ပြန်လည်ဖြေရှင်းရကိန်းကြုံမည်။အလုပ်နှင့်ပတ်သက်၍ ဘွဲ့ထူး၊ ဂုဏ်ထူး ချီးမြှင့်မြောက်စားခံရခြင်းများရှိမည်။ ပျိုရွယ်သူများ တစ်ဖက်သတ်အချစ်ရေးမျိုးများနှင့် ကြုံတွေ့ရတတ်သည်။ လုပ်ငန်းတူအသွားအလာတူ နေရာမှ ချစ်သူရည်းစား တွေ့ရတတ်သည်။အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများဖြစ် ဘဝရပ်တည်မှုများ ထူထောင်ရမည်။ သားသမီးများဖြစ်ထွန်းပြီး မိဘဆွေမျိုးများဘက်မှအမွေအနှစ်များ ရရှိတတ်သည်။

ပညာရေးတွင် မိမိကြိုးပမ်းမှုကြောင့် ထူးထူးခြားခြား တိုးတက်အောင်မြင်လာလိမ့်မည်။

ပြည်ပသို့သွားရောက် ပညာသင်ယူခြင်း၊ ရာထူး၊ ဌာနေ၊ နေရာပြောင်းရွေ့ခြင်းများရှိမည်။

သို့သော်အပေါင်းအသင်းများနှင့်အပျော်အပါးလိုက်စားမှုများ ရှောင်ရမည်။ ကျန်းမာရေးတွင် ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခဏ ခံစားရခြင်း၊ သွေးတိုးရောဂါ၊အရေပြားရောဂါ၊အာရုံကြောအားနည်းခြင်း၊အပူနာပေါက်ခြင်းများ ဖြစ်တတ်သည်။

ယခုနှစ်အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ - (တ၊ ထ၊ စ၊ လ)(ဝ- ၄- ၇- ၉)

ယတြာ - မိမိမွေးနေ့တွင် သလဲညွန့်(၇)၊ ဒန်းညွန့်၊ သစ္စာပန်း၊ နှင်းဆီပန်း(၅)ပွင့် ဘုရားတွင် လှူပေးပါ။အဖြူရောင်နှင်းဆီးပန်းများကိုလှူပေးပါ။ နွားနို့၊ ထိုးမုန့်၊ နဂါးမောက်သီးများ ဆွမ်းတော်ကပ်လှူပေးပါ။


စနေနေ့မွေးဖွားသူများ

စနေသားသမီးတို့သည် ယခုနှစ်တွင် မိတ်ဆွေအကြီးအကဲများ၏အကြံဉာဏ်များယူ၍ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်လျှင်အကျိုးထူးခံစားရမည့်နှစ်ဖြစ်သည်။ မိမိစေတနာက ဝေဒနာဖြစ်ပွားတတ်သည်။ ဖျော်ရည်ယမကာများ၊ စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်း၊ ဆက်သွယ်ရေးအပိုပစ္စည်းများ ရောင်းဝယ်ခြင်း ကောင်း၏။ မိသားစုတွင် ငွေကြေးကုန်ကျ များတတ်သည်။ ရင်းနှီးသောသူများနှင့် မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ မိမိပိုင်ပစ္စည်းများ တစ်ပါးသူကို ဌားရမ်းခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။ မိသားစုဘုရားဖူးထွက်ရခြင်း၊အလှူအတန်းကုသိုလ် ကောင်းမှုများလည်းအောင်မြင်ပါလိမ့်မည်။အိမ်ခြံမြေလက်မှတ်ရေးထိုးခြင်း၊ စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် သတိဖြင့်ဆောင်ရွက်ရမည်။အပျော်အပါးလိုက်စားခြင်းကြောင့်အိမ်ထောင်ရေးထိခိုက်ပြီး တစ်ဦးနှင့်တစ်ဦး မယုံကြည်စရာများ ဖြစ်ပေါ်လာတတ်သည်။အချစ်ရေးတွင် တစ်ပါးသူများဝင်ရောက်ပြီး ချစ်သူနှစ်ဦးကြား စိတ်ရှုပ်ထွေးမှုများ ကြုံတွေ့ရတတ်သည်။

အပေါင်းအသင်းနှင့်အပျော်အပါး လိုက်စားမှုများကြောင့် မိမိရည်မှန်းချက်များ နှောင့်နှေးသွားတတ်သည်။အထူးသဖြင့် နည်းပညာဆိုင်ရာများ၊အနုပညာဆိုင်ရာလုပ်ငန်းများအောင်မြင်တတ်သည်။ လုပ်ငန်းခွင်စာမေးပွဲများ ဖြေဆိုခြင်း ကောင်း၏။ ကျန်းမာရေးတွင် လေးဖက်နာရောဂါ၊ ကျီးပေါင်းတက်ခြင်း၊ သွေးတိုးရောဂါ၊ ဒူးနာ၊ ခါးနာအဆစ်အမြစ် ကိုက်ခဲခြင်း ရောဂါများ ခံစားရတတ်သည်။

ယခုနှစ်အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ - (အ၊ ဆ၊ မ၊ က)(၂- ၆- ၅- ၈)

ယတြာ - မိမိမွေးနေ့တွင်အုန်းညွန့်၊အင်ကြင်းညွန့်၊ စံပယ်ပန်း၊ သြဇာညွန့်(၁၁)ညွန့် ပူဇော်ပေးပါ။ သံဃာတော်များနှင့်အကြီးအကဲပုဂ္ဂိုလ်များအားအဝတ်အထည်၊ ဆပ်ပြာမွှေးခဲ၊ ထီး၊ ဖိနပ်များ လှူပေးပါ။

ဆရာမင်းသူရ




Some text some message..