အောက်တိုဘာလ ၁၆ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2018-10-16




အောက်တိုဘာလ ၁၆ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်းအောက်တိုဘာလ ၁၆ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

လုပ်ငန်းတိုးချဲ့မှုတွေကိုတော့ ဒီရက်မှာ မလုပ်သင့်သေးပါဘူး။အိမ်မှာ နာတာရှည်ရောဂါခံစားနေရသူ ရှိတယ်ဆိုရင် ပြန်ကောင်းလာပါလိမ့်မယ်။ သူတစ်ပါးကိစ္စ ကြားခံအာမခံပေးတာမျိုးရှောင်ကြဉ်သင့်ပါတယ်။ ငွေချေးငှားသူတွေအနေနဲ့ ဆုံးရှုံးတတ်လို့ သတိပြုရပါမယ်။ စုငွေ၊အတိုး ကိစ္စရပ်များကနေ ငွေဝင်နေပါလိမ့်မယ်။အိမ်ထောင်ပရိဘောဂအသစ်ဝင်ကိန်းရှိပြီး ဝင်လျှင်အိမ်ရှိကြီးကဲသူ နာမကျန်းဖြစ်တတ်ပါတယ်။ ဗုဒ္ဓဟူးနံ လုပ်ငန်းများအကျိုးပေးနေပြီး စနေနံလုပ်ငန်းများအနည်းငယ် ထစ်ငေါ့တတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ကွဲတတ်ပါတယ်။ ချစ်သူမရှိသေးသူတွေကတော့ စိတ်တိုင်းကျမယ့်သူ မတွေ့ပဲ ဖြစ်နေပါလိမ့်မယ် ။ ပညာရေး ၊ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။

ယတြာ - ဘုရားတွင် ပေါင်မုန့်ယိုသုတ် ကပ်လှူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့အထင်လွဲငြိုငြင်မှု ခံရတတ်ပြီး ဒါဟာယာယီသာဖြစ်ပါလိမ့်မယ်။ လုပ်ငန်းကနေ ဝင်ငွေရလမ်းများနေမှာဖြစ်ပြီး ငွေရမယ့် လုပ်ငန်းကိစ္စအသစ်တွေကိုလည်း လုပ်ကိုင်နေရတတ်ပါတယ်။ နေအိမ်နေရာထိုင်ခင်း ပြောင်းရွှေ့ရကိန်းရှိပြီးအလုပ်ပြောင်းဖို့လည်းအားသန်နေပါလိမ့်မယ်။အိမ်ထောင်သည်တွေ စကားများရန်ဖြစ်ရတတ်ပြီးအိမ်ထောင်ဖက်အိမ်က ဆင်းသွားတတ်ပါတယ်။ ဖုန်း၊ ဖိနပ်အစရှိတဲ့ ကြာသပတေးနံ ထွက်တတ်၊ ပျက်တတ်ပြီးအိမ်မှာကြာသပတေး သားသမီးရှိတယ်ဆိုရင် သူ့ရဲ့ ကျန်းမာရေး ဂရုစိုက်ပေးလိုက်ပါ။ လုပ်ငန်းတိုးချဲ့မှုတွေ မလုပ်ဆောင်သေးတာကအကောင်းဆုံးဖြစ်ပြီး လက်ရှိလုပ်ငန်းအနေအထားမှာပဲအဆင်ပြေနေပါလိမ့်မယ်။ ပညာရေးအနည်းငယ်ညံ့နေပြီးအချစ်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - သုဂတောဂုဏ်တော် ၉ပတ် ပုတီးစိပ်ပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

အလှကုန်လုပ်ငန်းရှင်များ၊အလှပြုပြင်ဖန်တီးသူများ ကောင်းမွန်နေပြီးအလှကုန်လုပ်ငန်းရှင်တွေလည်းအထူးကောင်းမွန်နေပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေအဆင်ပြေနေပြီး လုပ်ငန်းမှာ စပ်တူရှယ်ယာထည့်ဝင်ချင်သူတွေ ပေါများနေပါလိမ့်မယ်။အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များ လုပ်ငန်းချဲ့ထွင်ရကိန်းရှိပြီး ဒီနေ့မှာအိမ်နေရာထိုင်ခင်းအသစ်ပြောင်းရွှေ့ရကိန်းလည်း ရှိနေပါတယ်။အိမ်အပြောင်းအရွှေ့မလိုလားသူများအိမ်ခန်းကို ဆေးအသစ်သုတ်ပေးလိုက်ပါ။ သူများကိစ္စတွေမှာ ပါဝင်နေရကိန်းရှိပြီးအိမ်မှာ လျှပ်စစ်ပစ္စည်း ပျက်တတ်ပါတယ်။ နိုင်ငံရပ်ခြားသွားရောက်လုပ်ကိုင်ရကိန်းရှိပြီး ပညာရေးအတွက်အဆင့်မြင့်သင်တန်းတွေတက်ရောက်ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ လေးဘက်နာရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - ဘုရားတွင် ယပ်ဖြူ ၁၀ ချောင်း ကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

နေအိမ်အနီးမှာအလှူရှိနေရင် ထီထိုးပေးပါ။ ရေသန့်လုပ်ငန်း၊အဖျော်ယမကာလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်က လစာ၊ ရာထူးတိုးပေးတာမျိုး ကြုံရပါလိမ့်မယ်။အလုပ်ရှင်နဲ့ မိမိအဆင်ပြေနေတာကို မနာလိုသူတွေလည်း ရှိနိုင်တာကြောင့် သတိပြုသင့်ပါတယ်။အထည်အလိပ်လုပ်ငန်း၊ ထီး၊ ဖိနပ်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်များ ယခင်ရပ်တန့်နေတဲ့လုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာပါလိမ့်မယ်။အိမ်ကို ညအိပ်ညနေ ဧည့်သည်ရောက်လာမှာဖြစ်ပြီးအပူသည်ဖြစ်တတ်လို့ လက်မခံတာအကောင်းဆုံးပါပဲ။ ဆုံးပြီလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။အိမ်ထောင်ရေးအချစ်ရေးကတော့ ပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့အဆုတ်ရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - လမ်းဘေးခွေးလေးများကို ပေါင်မုန့်ကျွေးပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ပြည်ပခရီးသွားလာမယ့် သူတွေအနေနဲ့အထစ်အငေါ့လေးတွေဖြစ်တတ်ပါတယ်။ Visaအဆင်မပြေဖြစ်တတ်ပြီး စာရွက်စာတမ်း ပျောက်တတ်လို့ သတိပြုပါ။ စာချုပ်စာတမ်းအာမခံ လက်မှတ်ထိုးခြင်းများအဆင်ပြေနေပြီး လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေ ကောင်းမွန်နေပါတယ်။ ငွေစုငွေချေးလုပ်ငန်း၊ မဲစုခြင်းအစရှိတဲ့ လုပ်ငန်းတွေလည်း လုပ်ကိုင်အဆင်ပြေမယ့်အချိန်ပါပဲ။ လုပ်ငန်းရှင်တွေအနေနဲ့ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံရကိန်းရှိနေပြီး ငွေကြေးအကူအညီတွေရလာတတ်ပါတယ်။ ဝန်ထမ်းများ နေရာဌာနအပြောင်းအရွှေ့ရှိနေပြီးအိုးသစ်အိမ်သစ် ဝင်ကိန်းလည်း ရှိနေပါတယ်။ ဒီနေ့မှာ စာမေးပွဲဖြေဆိုမှုရှိရင် လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်မှာဖြစ်ပြီးအချစ်ရေးကတော့အနည်းငယ်ညံ့နေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်နဲ့ လေရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် ရေသက်စေ့ ရေသပ္ပာယ်ပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

သူတစ်ပါး ကြားစကားကြောင့် မိမိအလုပ်ရှင်နဲ့ မိမိအကြားအထင်အမြင်လွဲမှားမှုတွေ ရှိလာတတ်ပြီး လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေအချင်းချင်းလည်း စိတ်ဝမ်းကွဲနိုင်တဲ့အချိန်ပါပဲ။ ဒီနေ့မှာ လုပ်ငန်းတိုးချဲ့မှုတွေကို ခေတ္တရပ်ဆိုင်းထားသင့်ပြီးအိမ်ခြံမြေလုပ်ငန်းရှင်များလည်း လုပ်ငန်းတိုးတက်မှု ရပ်တန့်နေမှာဖြစ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ ကြားလူနှောင့်ယှက်တတ်ပြီး ချစ်သူရှိပြီးသူတွေအနေနဲ့လည်း ချစ်သူရဲ့ သစ္စာဖောက်မှုကို ခံရတတ်ပါတယ်။အဆိုတော်၊အနုပညာရှင်များအထူးကောင်းမွန်နေပြီးအထည်အလိပ်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းရောင်းဝယ်သူများအနည်းငယ် ခက်ခဲနေပါတယ်။ ပညာရေးပိုင်းကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ ခြေထောက်ထိခိုက်မိတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် နာနတ်သီးကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

ဒီရက်ပိုင်းမှာ ကိစ္စရပ်တိုင်းလိုလို ဆုံးဖြတ်ရခက်နေပြီး မတင်မကျဖြစ်နေတတ်ပါတယ်။ လုပ်ကိုင်သင့်တဲ့ လုပ်ငန်းရယ်လို့ မဆုံးဖြတ်နိုင်ပဲ ရှိနေမှာဖြစ်ပြီး ငွေကိစ္စ၊အရောင်းအဝယ် ကိစ္စတွေမှာလည်း လွဲချော်မှုတွေ ကြုံရတတ်ပါတယ်။ စပ်တူလုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများအကျိုးပေးနေပြီး မြေ၊အိမ်ခြံမြေ ကိစ္စမှာတော့အထစ်အငေါ့ရှိနေပါတယ်။ဆိုင်သစ်၊ နေရာသစ်၊အိမ်အသစ်ပြောင်းရွှေ့ရကိန်းရှိနေပြီးအဖိုးတန် လျှပ်စစ်ပစ္စည်း ဝင်ကိန်းရှိနေပါတယ်။ လူမျိုးခြားအကျိုးပေးနေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်ပါတယ်။ လူူရင်းထဲက ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။အလှူမင်္ဂလာကိစ္စပေါ်လာတတ်ပြီးအားလုံး ချောမွေ့အဆင်ပြေပါလိမ့်မယ်။အိမ်ထောင်ရေးပြေလည်နေပြီး ချစ်သူရည်းစားတွေကတော့ ဆွေမျိုးမိဘကြားဝင်မှုကြောင့်အဆင်မပြေဖြစ်တတ်ပါတယ်။ စကားရှုတ်ထွေးမှုတွေ ဖြေရှင်းရတတ်ပြီး ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။

ယတြာ - ဘုန်းကြီးတစ်ပါးအား သင်္ကန်းကပ်လှူပေးလိုက်ပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

နေရာထိုင်ခင်းအသစ်ရရှိကိန်းရှိပြီး ထီပေါက်ကိန်းလည်း ရှိနေပါတယ်။ စနေ၊သောကြာ သားးသမီးတွေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်းမျိုး ကောင်းမွန်နေပါတယ်။အိမ်ထောင်ရှင်များအနေနဲ့အိမ်ထောင်ဖက် လုပ်ငန်းစီးပွားတိုးတက်နေမယ့်အချိန်ဖြစ်ပြီး ချစ်သူမရှိသေးသူတွေ စနေသားသမီးနဲ့ ဖူးစာဆုံရတတ်ပါတယ်။အိမ်အနီးအနားမှာ နာရေးရှိနေရင် ထီထိုးပေးပါ။ လုပ်ငန်းသစ်ကနေ ကမ်းလှမ်းတာမျိုးလည်း ကြုံရကိန်းရှိပြီးအလုပ်ပြောင်းရွှေ့မယ်ဆိုရင်လည်း ကောင်းမွန်နေတဲ့အချိန်ပါပဲ။ ဆွေမျိုးထဲမှာအမှုအခင်းဖြစ်တတ်ပြီး ငွေကုန်ကြေးကျများတတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး ကြိုးစားမှသာအောင်မြင်နိုင်ခြေရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးနာတတ်ပါတယ်။

ယတြာ - ဘုရားတွင် စပျစ်သီးဖျော်ရည်ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ မိတ်ဆွေကောင်း၊ ဆရာသမားကောင်းတွေရဲ့အကူအညီတွေရရှိလာမှာဖြစ်ပြီး ငွေကံလည်း ကောင်းနေပါတယ်။အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအိမ်မှာ ပရိဘောဂပစ္စည်းသစ် ဝင်ကိန်းလည်း ရှိနေပါတယ်။ ဥယျာဉ်ခြံမြေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်များလည်း ကံကောင်းနေပါတယ်။ စပ်တူ၊ ရှယ်ယာကိစ္စများအဆင်ပြေနေပြီး စာချုပ်စာတမ်းအသစ်တွေလည်း ချုပ်ဆိုလုပ်ကိုင်ရကိန်းရှိနေပါတယ်။အိမ်အနီးအနားမှာအလှူကြီးပေးသူရှိပါက ထီထိုးပေးပါ။ ဘုရားဖူးခရီးသွားရတတ်ပြီးအလှူအတန်း မင်္ဂလာကိစ္စတွေလည်း ပေါ်ပေါက်လာတတ်ပါတယ်။ ဒီနေ့မှာအထည်၊ ထီး၊ ဖိနပ်လုပ်ငန်းများအနည်းငယ်ညံ့နေပြီးအမွေကိစ္စအဆင်ပြေလာတတ်ပါတယ်။အိမ်ထောင်ရေးအဆင်ပြေနေပြီး ချစ်သူတွေကတော့ စိတ်အခန့်မသင့်ဖြစ်တတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားပညာတော်သင်သွားရကိန်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။

ယတြာ - ရွှေသင်္ကန်း ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

ပညာရေးကိစ္စ ၊သင်တန်းကိစ္စများကောင်းမွန်အဆင်ပြေနေပြီး လူမျိုးခြား မစတတ်ပါတယ်။အလုပ်ရှင်ရဲ့ နှစ်သက်မှုကိုလည်း ရရှိနိုင်မှာဖြစ်ပြီးအိမ်ထောင်ရှင်တွေအနေနဲ့ သားသမီး ရတနာ ထွန်းကားတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူထံမှလက်ဆောင်ရရှိတတ်ပြီး ချစ်သူမရှိသေးသူတွေကတော့ ရပ်ဝေးမှ သူတစ်ဦးရဲ့ ချစ်ရေးဆိုမှု ခံရတတ်ပါတယ်။အိမ်နေရာထိုင်ခင်းအသစ်ပြောင်းရွှေ့ရကိန်းရှိနေပြီး လျှပ်စစ်ပစ္စည်းလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။အိမ်ကို ဆွေမျိုးထဲမှအသက်ကြီးမြင့်သူတစ်ဦး လာရောက်လည်ပတ်ပါက ကောင်းမွန်စွာ ကျွေးမွေးပြုစုပေးလိုက်ပါ။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - ဘုရားတွင် စံပယ်ပန်း ၃ကုံး ကပ်လှူပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

ဒီနေ့မှာအစစအရာရာအခွင့်အလမ်းတွေကောင်းမွန်နေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ငွေဝင်များနေပြီး ရွှေ၊ ငွေ၊ ကား၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။အိမ်ခြံမြေလုပ်ငန်းရှင်များအနည်းငယ်အထစ်အငေါ့လေးများ ရှိနေပြီး စပ်တူလုပ်ခြင်း၊ စာချုပ်စာတမ်းအာမခံခြင်းမျိုးကိုလည်း သတိပြုသင့်ပါတယ်။ သူများကိစ္စအတွက် ပါဝင်ဖြေရှင်းရတတ်ပြီး နိုင်ငံရပ်ခြားခရီးစဉ်ရှိရင်လည်း ပျက်တတ်ပါတယ်။ ရန်ပွဲဖြစ်ပွားတတ်ပြီး လက်အောက်ငယ်သားတွေရဲ့အကူအညီရရှိပါလိမ့်မယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ဖက်အပေါ် စိတ်တိုင်းမကျဖြစ်နေတတ်ပြီးအချစ်ရေးကတော့ စန်းပွင့်နေပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုအားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ဆီးရောဂါ သတိပြုပေးပါ။

ယတြာ - ဘုရားတွင် တံမြက်စည်းလှဲပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ငွေကံတအားကောင်းနေပြီး လူမျိုးခြားနဲ့ ပတ်သက်တဲ့လုပ်ငန်းလုပ်ဆောင်မှုတွေလည်းအောင်မြင်မှာဖြစ်ပါတယ်။ နာမည်ကောင်းရနေမယ့် ကာလဖြစ်ပြီး ထီထိုးပေးသင့်ပါတယ်။အင်္ဂါနံလုပ်ငန်းများအကျိုးပေးနေမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့သင့်တဲ့အချိန်ပါပဲ။အလှူကြီးပေးရကိန်းရှိပြီးအိမ်ခြံမြေ၊အမွေကိစ္စမှာတော့ စကားများရကိန်းရှိပါတယ်။အိမ်ထောင်သည်များအနေဖြင့်အိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပြီး ချစ်သူ မရှိသေးသူတွေကတော့ ချစ်သူရလာတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တဆင့်မြင့်သင်တန်းများ တက်ရောက်ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်တတ်ပါတယ်။

ယတြာ -အိမ်ရှိကြီးကဲသူအား ငွေကြေးကန်တော့လိုက်ပါ။

LEO




Some text some message..