မှဲ့အသစ်တွေထွက်လာတာ ကြောက်ရသလား
ondoctor.com.mm
|
2019-09-04

မှဲ့အသစ်တွေထွက်လာတာ ကြောက်ရသလား


မှဲ့ဆိုတာ လူတိုင်းနီးပါးမှာ ရှိတတ်ကြပါတယ်။မြင်သာတဲ့နေရာမှာရော မမြင်သာတဲ့နေရာမှာရော မှဲ့တွေ ရှိနိုင်ပါတယ်။Melanocytes လို့ ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ ကြီးထွားမှုလွန်ကဲလာရာကနေအရေပြားပေါ်အထိ ရောက်လာတဲ့အခါ မှဲ့တွေ ထွက်လာပါတယ်။တော်တော်များများသော မှဲ့တွေကအန္တရာယ် မရှိတတ်ကြပါဘူး။

များသောအားဖြင့် ကျနော်တို့ကိုယ်ပေါ်က မှဲ့တွေဟာ ကလေးဘဝနဲ့ ကြီးကောင်ဝင်ခါစအရွယ်တွေမှာ ထွက်ခဲ့တဲ့မှဲ့တွေ ဖြစ်ပါတယ်။ဒါပေမဲ့အရွယ်ရောက်ပြီးတဲ့အချိန်မှလည်း မှဲ့အသစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။မှဲ့အများစုဟာ ကင်ဆာနဲ့ မသက်ဆိုင်ပေမဲ့ ထပ်ထွက်လာတဲ့ မှဲ့အသစ် ဒါမှမဟုတ် ရှိပြီးသားမှဲ့မှာရုတ်တရက်ဖြစ်လာတဲ့အပြောင်းအလဲအချို့က Melanoma လို့ခေါ်တဲ့ မှဲ့ကင်ဆာရဲ့ လက္ခဏာတစ်ခုတော့ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

Melanoma ဆိုတဲ့ မှဲ့ကင်ဆာဟာအရေပြားကင်ဆာပုံစံတစ်ခုဖြစ်ပြီး ဖြစ်ခဲပါတယ်။အရေပြားကင်ဆာအားလုံးပေါင်းရဲ့ ၁% လောက်ပဲရှိပါတယ်။ဒါပေမဲ့ ဖြစ်ရင်တော့အသေအပျောက်အများဆုံးအရေပြားကင်ဆာထဲမှာ ပါဝင်ပါတယ်။

ပြောခဲ့သလိုပဲ Melanocytes လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေအလွန်အကျွံကြီးထွားလာရာက မှဲ့အသစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။မှဲ့အသစ်ထွက်တိုင်းတော့လည်း ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။မျိုးရိုးဗီဇအပြောင်းအလဲတွေကြောင့်သာ ကင်ဆာဖြစ်တတ်တာပါ။မှဲ့အသစ်ထွက်လာနိုင်တဲ့အခြေအနေတချို့ကတော့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့ခြင်း ၊အသားဖြူလွန်းခြင်း ၊ မျိုးရိုးဗီဇပြောင်းလဲခြင်း နဲ့ ကိုယ်ခံအားကျဆင်းခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

မှဲ့တွေကိုအကြမ်းအားဖြင့် ၄ မျိုးခွဲနိုင်တယ်။


၁။ပုံမှန်တွေ့နေကျမှဲ့

ဒီလိုမှဲ့မျိုးတွေက မွေးတုန်းက ဒါမှမဟုတ် ကလေးဘဝမှာ ဖြစ်လာတဲ့ မှဲ့တွေဖြစ်တယ်။များသောအားဖြင့် နေရောင်နဲ့ထိတဲ့နေရာတွေမှာ ထွက်လေ့ရှိတယ်။ပုံမှန်အားဖြင့် ဝိုင်းဝိုင်းစက်စက်လေးရှိနေတတ်ပြီး မျက်နှာပြင်က ချောချောလေးရှိပါတယ်။ပုံမှန်မှဲ့တွေဟာအရွယ်အားဖြင့် သေးငယ်ပြီးအချင်း ၅ မီလီမီတာအောက်ပဲရှိတတ်ပါတယ်။ဒီမှဲ့တွေကြောင့် ကင်ဆာဖြစ်ဖို့ကအတော်လေးခဲယဉ်းပါတယ်။ဒါပေမဲ့ လေ့လာမှုတွေအရ ပုံမှန်မှဲ့ပေါင်း ၅၀ ကျော်လောက်ထိရှိတဲ့သူတွေဟာအခြားသူတွေထက် မှဲ့ကင်ဆာ Melanoma ဖြစ်နိုင်ချေ ပိုများတယ်လို့ သိရပါတယ်။


၂။မွေးရာပါမှဲ့ (သို့)အမှတ်

မွေးရာပါအမှတ်တွေ မှဲ့တွေဟာအရွယ်အစားမျိုးစုံရှိပါတယ်။တချို့ဆိုအတော်လေးခပ်ကြီးကြီးအရွယ်တွေတောင်ရှိတတ်တယ်။များသောအားဖြင့်တော့ ဒီမှဲ့တွေကလည်း ပုံမှန်ပဲဆိုပေမဲ့အရွယ်အစားအရမ်းကြီးနေရင်တော့ မှဲ့ကင်ဆာဖြစ်နိုင်ချေ မဆိုစလောက်ကလေး ရှိနေနိုင်ပါတယ်။


၃။ပုံစံမမှန်သော မှဲ့

ဒီလိုမှဲ့တွေက ခန္ဓာကိုယ်နေရာအနှံ့မှာထွကိနိုင်ပြီး တခြားမှဲ့ပုံစံတွေထက်အရွယ်အစားကြီးမားလေ့ရှိပါတယ်။အရောင် နဲ့ မျက်နှာပြင်ပုံစံအမျိုးမျိုးရှိတတ်ကြပြီးအနားသတ်တွေက မညီညာဘဲအရေပြားထဲကို မှိန်ဝင်နေတတ်ပါတယ်။အရောင်အနေနဲ့ ပန်းရောင်၊အနီရောင်၊ကြေးနီရောင် နဲ့ ညိုညစ်ညစ်အရောင်တွေ ရှိနိုင်ပါတယ်။တချို့သော ပုံမမှန်တဲ့မှဲ့တချို့က ကင်ဆာဖြစ်နိုင်ပေမဲ့အများစုကတော့ မှဲ့ကင်ဆာ မဖြစ်နိုင်ပါဘူး။တချို့သော ပုံမမှန်မှဲ့တွေက မှဲ့ကင်ဆာရဲ့လက္ခဏာတွေနဲ့တူတတ်ပေမဲ့ သေချာသိရဖို့ စိတ်မပူရဖို့ဆိုရင်တော့အရေပြားဆရာဝန်နဲ့ ပြဖို့လိုပါလိမ့်မယ်။


၄။Spitz nevus

ဒီပုံစံမှဲ့ကအတော်ဖြစ်ခဲပြီး မှဲ့ကင်ဆာမှာထွက်တတ်တဲ့ပုံစံနဲ့အတော်တူပါတယ်။ဒါပေမဲ့ ကင်ဆာတော့ မဟုတ်ပါဘူး။များသောအားဖြင့်အသက်၂၀အောက်အသားဖြူဖြူ ကလေးနဲ့လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။Spitz nevus နဲ့ မှဲ့ကင်ဆာဟာ ခွဲရခက်တာမို့ တွေ့ပြီဆိုရင်တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖယ်ရှားပစ်လေ့ရှိပါတယ်။ဒီမှဲ့ပုံစံဟာ ကြီးထွားမှုမြန်ပြီးအရွယ်အစားအနေနဲ့လည်း မီလီမီတာကနေ စင်တီမီတာအထိ ရှိတတ်ပါတယ်။သူ့ရဲ့ပုံစံက ခပ်ဝိုင်းဝိုင်းညီညီလေးရှိပြီး မျက်နှာပြင်က ချောပါတယ်။

သတိထားရမဲ့အချက်တွေ

များသောအားဖြင့် မှဲ့တွေကအန္တရာယ်မရှိပေမယ့် မှဲ့အသစ်တွေထွက်လာတာ ဒါမှမဟုတ် ရှိပြီးသားမှဲ့တွေပုံစံပြောင်းလာတာမျိုးဆိုရင်တော့ သတိထားသင့်ပါတယ်။

ရှိပြီးသား မှဲ့တစ်ခုမှာ သတိထားရမယ့်လက္ခဏာတွေက


(က)အရောင်၊ပုံစံ နဲ့အရွယ်အစားအပြောင်းအလဲ
(ခ) မှဲ့နေရာက နာတာ ကိုက်တာ
(ဂ) သွေးထွက်တာ စတာတွေ ဖြစ်တယ်။

နောက်ပြီးအလွယ်မှတ်လို့ရတာ တခုရှိပါတယ်။American Cancer Society က ထုတ်ပြန်ထားတာဖြစ်ပြီး ABCDE လို့ မှတ်ထားရပါမယ်။


၁။ A ဆိုတာ Asymmetry ဖြစ်ပြီး ဘက်မညီမှုကို ပြောတာပါ။ဥပမာ မှဲ့ရဲ့ တစ်ခြမ်း နဲ့ နောက်တစ်ခြမ်း ပုံစံမတူတာမျိုး။
၂။ B ဆိုတာ Border လို့ မှတ်ပါ။အစွန်းထွက် နယ်နိမိတ်တွေပေါ့။မှဲ့ရဲ့အစွန်းဖက်တွေက ပုံစံပျက်နေတာအရောင်မှိန်နေတာ စသဖြင့်ပေါ့။
၃။ C က Color ။အရောင်ပေါ့။မှဲ့တစ်လုံးထဲမှာအရောင်မျိုးစုံရောနေတာမျိုးဆိုရင် မကောင်းပါဘူး။
၄။ D ဆိုတာ Diameterအချင်းကို ဆိုလိုပါတယ်။မှဲ့ရဲ့အချင်းက ၆ မီလီမီတာ ထက် ကြီးနေရင် သိပ်မကောင်းပါဘူး။
၅။ E ဆိုတာ Evolving ။ ပြောင်းလဲလာတာကို ဆိုလိုပါတယ်။အရောင် ၊ ပုံစံ နဲ့အရွယ်အစားတွေ ပြောင်းလဲလာရင်လည်း သတိထားရပါမယ်။

တခြားသတိထားရမှာတွေက မှဲ့ရဲ့အစွန်းပတ်လည်မှာအဖြူကွက်လေးတွေကွက်နေတာ ၊ မှဲ့ကနေ သွေးထွက်တာ နာကျင်တာ စသဖြင့်ပေါ့။

မှဲ့ကင်ဆာဟာ သေနှုန်းမြင့်တဲ့ကင်ဆာတခုဖြစ်ပေမဲ့ စောစောစီးစီးသိပြီး ကုသမှုခံယူနိုင်ရင်တော့ ရလာဒ် ကောင်းနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့် မှဲ့အများကြီးရှိတဲ့သူတွေအနေနဲ့ တလတခါ ဓာတ်ပုံလေးရိုက်ထားပြီး သတိထားကြည့်သင့်ပါတယ်။ဥပမာ ကျောကုန်းလိုအလွယ်တကူ မမြင်နိုင်တဲ့နေရာမျိုးတွေကိုပေါ့။စောစောသိရင် မှဲ့ကင်ဆာဟာ နောက် ၅ နှစ်ထိအသက်ရှင်နိုင်ချေ ၉၈%အထိ ရှိပါသတဲ့။

Dr.KG




Some text some message..