ဖက်ရှင်ကို တန်ဖိုးထားမှုနှင့် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်
mmtimes.com
|
2020-02-26



ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်။ ဓာတ်ပုံ • ကိုကိုဌေး

ဖက်ရှင်ကို တန်ဖိုးထားမှုနှင့် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်

မိခင်ရဲ့ ချိတ်လုံချည် အဖြူဝမ်းဆက်လေးကို ကလေးဘဝက အမြတ်တနိုးငေးမောခဲ့ရာ မြန်မာပြည်ရဲ့ ထိတ်ထိတ်ကြဲနာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့သူကတော့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပါက်ပါ။ အနုပညာမြောက် လက်မှုအနုပညာနဲ့ ဖန်တီးထားတဲ့ မြန်မာချိတ်လုံချည်တွေကို မြတ်နိုးသလို မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုအဖြစ် တန်ဖိုးထားထိန်းသိမ်းချင်သူလည်း ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ နာမည်ကျော်ဒီဇိုင်နာရဲ့ ဖက်ရှင်အမြင်နဲ့ အကြံပေးချက်တွေကို အမျိုးသမီးထုကြီးက စိတ်ဝင်တစားမျှော်လင့်တတ်ကြပါတယ်။ ဒါပေမဲ့ သူ့ဖက်ရှင်ဖန်တီးမှုတွေမှာ ဖက်ရှင်အမြင်အယူအဆ တစ်ခုတည်းအတွက် စဉ်းစားတာ မဟုတ်ဘဲ ရှေးခေတ်အဆက်ဆက်က ရှိခဲ့တဲ့ အချိတ်ဒီဇိုင်းတွေကို အမျိုးသမီးလေးတွေဆီ ပြန်လည်ရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မြန်မာ့အမွေအနှစ်ကို လက်မှုအနုပညာတွေကို တန်ဖိုးထားထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားပြီး နှစ်ပေါင်းများစွာ အကောင်အထည်ဖော်ခဲ့တာလည်း သူ့ဖြတ်သန်းမှု တနံတလျားကို ပြန်ကြည့်မယ်ဆို တွေ့နိုင်ပါတယ်။

မတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အကြိုက်တွေက လုံးဝမတူနိုင်သလို ဖက်ရှင်အရလည်း ပေးရတဲ့ အကြံပေးချက်က မတူညီနိုင်ဘူးလို့ မိုးကုတ်ပေါက်ပေါက်က ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။ ဒီလို လူတန်းစာကွာဟမှုကို ပြောပြရတာ သူ့အတွက် စိတ်မကောင်းစရာ ဖြစ်ပေမဲ့လို့ လူတန်းစားကွာဟမှုဟာ လက်တွေ့လောကမှာ အမှန်တကယ်ရှိနေပြီး ဖက်ရှင်အမြင်နဲ့ ရွေးချယ်မှုတွေမှာလည်း လူတန်းစား ကွာဟမှုဟာ အများကြီး ထင်ဟပ်သိသာစေတယ်လို့သူက ပြောပါတယ်။

"အန်တီပေါက်တို့ အကြံပေးရတဲ့ tips က မတူနိုင်ဘူး။ အန်တီပေါက်က ဘယ်အလွှာကို အကြံဉာဏ်ပေးရမှာလဲ ဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ High Fashion အတွက် အကြံဉာဏ်ပေးရမယ်ဆိုရင် အဝတ်အစားဆိုတာ ကျန်တဲ့ ဖက်ရှင်အသုံးအဆောင်၊ ကျောက်မျက်ရတနာတွေထက် ဈေးသက်သာတယ်။ အဝတ်အစားကို ရွေးမယ်ဆိုရင် ကိုယ်တစ်သက်လုံး အမြတ်တနိုး ဝယ်ယူစုဆောင်းခဲ့တဲ့ ဖက်ရှင်အသုံးအဆောင်တွေ၊ ကျောက်မျက်ရတနာတွေနဲ့ လိုက်အောင် ကိုယ်နဲ့လည်း လိုက်အောင် ရွေးကြတယ်။ ဒါပေမဲ့ ပုံမှန်လူများစုကတော့ ကိုယ်အဆင်ပြေတာကိုပဲ ရွေးတယ်။ ဖက်ရှင်ဆိုတာကိုလည်း အသေးစိတ်ထည့်တွက်ပြီးတော့ မစဉ်းစားနိုင်ဘူး"လို့ မိုးကုတ်ပေါက်ပေါက်က ကွာဟမှုနဲ့ ကွဲလွဲချက်ကို ရှင်းပြပါတယ်။

အဝတ်အထည် ရောင်းတဲ့သူတွေက အတင်းရာင်းတဲ့ အဝတ်အထည်တွေကို လိုက်လိုက်မလိုက်လိုက် ဝတ်တတ်ကြတာ၊ အောင်မြင်ကျော်ကြားတဲ့သူတွေ သရုပ်ဆောင်တွေ ဝတ်ထားတာ လှတယ်လို့ထင်ရင် ကိုယ်နဲ့ လိုက်လိုက် မလိုက်လိုက် ဝယ်ဝတ်လိုက်ကြတာ၊ ဖက်ရှင်နဲ့ ပတ်သက်လို့ လေ့လာအားနည်းကြတာတွေဟာလည်း ဖက်ရှင်ကို သိပ်မစဉ်းစားနိုင်တဲ့ လူတန်းစားတွေမှာ တွေ့နေရတဲ့ အချက်တစ်ခုပါ။

ဖက်ရှင်ဟာအရေးကြီးတယ်လို့ ယူဆသူတွေအတွက် လူတစ်ယောက်ရဲ့ Personality အမူအကျင့် အဆင့်အတန်းတွေကို ထင်ဟပ်ပြနိုင်သလို ရှိတာလေးနဲ့လှအောင် တွဲဝတ်နေရတဲ့ အခြေအနေမျိုးမှာလည်း ဖက်ရှင်ကိုသာ နားလည်မယ်ဆိုရင် ကိုယ့်ရဲ့ ပင်ကိုအလှတရားဟာ ပိုပေါ်လွင်ပြီး ကိုယ့်ရဲ့ ပင်ကိုအလှကို အများကြီး ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။

"လူတွေအများကြီးမှာ မတူညီတဲ့ လူနေမှုဘဝအခြေအနေတွေ ရှိတယ်။ ဖက်ရှင်မှာလည်း ရွေးချယ်မှုပုံစံတွေ မတူသလို တချို့မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသလို တချို့မှာ ရှိတာလေးနဲ့ လောက်အောင် ဝတ်ရမယ့် အခြေအနေမျိုးမှာ ရှိနေတယ်။ အဲဒီတော့ ရှိတာလေးနဲ့ လှအောင်ဝတ်နိုင်အောင်ပဲ အကြံဉာဏ်ပေးရမလို ဖြစ်နေပြီ"လို့ သူက ဆိုပါတယ်။

"ဖက်ရှင် မတိုင်ခင်မှာ ပြောချင်တာက မြန်မာမိန်းကလေးတစ်ယောက်က သူ့ဗီရိုထဲမှာ ဘာရှိထားသင့်သလဲ ဆိုတာပါပဲ။ မြန်မာအမျိုးသမီး အများစုကတော့ ဝါဝင်းပြီး အညိုဘက်သန်းတဲ့အ သားအရောင်တွေရှိတော့ အဓိကအားဖြင့် နွေးတဲ့အရောင်လေးတွေဖြစ်တဲ့ ရွှေရောင်၊ အနီ၊ အဝါ၊ လိမ္မော်တို့လို Gold under tone အရောင်တွေကို ရွေးရမယ်လို့ အကြံပေးချင်တယ်။ ဒါပေမဲ့ ကချင်၊ ရှမ်း၊ မွန်တို့လို အသားဖြူပြီး အသားအရေလှတဲ့သူတွေ ဆိုရင်တော့ အရောင်နုလေးတွေ ဝတ်ကြတယ်။ အရောင်မှန်သွားရင် အဆင်အသွေးပေါ့။ ချိတ်မှာဆို ဝတဲ့သူက ကန့်လန့်ဆင်ဝတ်ရင် ပိုပြီး ဝသလိုဖြစ်သွားတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ အဆင်ဖြစ်ဖို့လိုတယ်။ ကိုယ့်ခန္ဓာကိုယ်က သေးသေးလေးဆို ချိတ်အလုံး အကြီးကြီးတွေ မရွေးမိဖို့ပေါ့။ နောက် ကိုယ်နဲ့လိုက်ဖက်တဲ့ ဖိနပ်၊ အိတ်၊ လက်ဝတ်ရတနာတွေ ရွေးတတ်ဖို့လိုပါတယ်။ နောက်ဆုံး ကိုယ်သွားမယ့် ပွဲလမ်းသဘင်၊ နေ့ညအချိန်အခါနဲ့ ရာသီဥတုကို ရွေးရမယ်။ အဲဒီ ခြောက်ခုကတော့ ဘယ်သူ့ကိုမဆို ပေးလို့ရတဲ့ Fashion Tips လေးတွေပေါ့"လို့ လူတန်းစားမျိုးစုံအတွက် ခြုံငုံပြီး မြန်မာအမျိုးသမီးလေးတွေ လှပလာအောင် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က အကြံပေးပြောပြခဲ့ပါတယ်။

"ငယ်ငယ်က မိုးကုတ်မှာနေတုန်းက မိုးကုတ်က အလှူအတန်းဘာသာရေးတွေ သိပ်များပြီး မြန်မာသိပ်ဆန်တယ်။ မိုးကုတ်ကလူတွေက အလှူလှည့်ရင် ဗမာအင်္ကျီ၊ ချိတ်လုံချည်၊ ပုံတော်ဖိနပ်၊ လည်တုံ၊ ခြေကျင်း အကုန်အပြည့်ဝတ်တယ်။ အန်တီပေါက် အမေက ပြောတယ်။ ချိတ်လုံချည်က ရေလျှော်လို့လည်း ဈေးကလည်းကြီးတယ်။ ရွှေတစ်ကျပ်သားနဲ့ ညီတယ်တဲ့။ အမေ့ မင်္ဂလာဆောင်တုန်းက ဝတ်ခဲ့တဲ့ ချိတ်က အန်တီပေါက်ကို Inspire အဖြစ်စေဆုံးပဲ။ အဲဒီအချိန်က တွေ့ခဲ့တဲ့ အဘိုးအဘွားတွေ အဒေါ်တွေ ဓာတ်ပုံတွေထဲက ချိတ်တွေကလည်း အန်တီပေါက်ကို အလွှမ်းမိုးဆုံးပဲ"လို့ ချိတ်လုံချည်တွေကို စရင်းနှီးမြတ်နိုး ခဲ့ရတဲ့ အချိန်တွေအကြောင်း ပြန်ပြောလာခဲ့ပါတယ်။

မိုးကုတ်ပေါက်ပေါက်ဟာ ကဘေးဘဝကတည်းက ချိတ်ဒီဇိုင်းတွေကို ပန်းချီအဖြစ် ကူးဆွဲခဲ့ဖူးသလို အသက် ၁၈ နှစ် မင်္ဂလာဝတ်စုံချုပ်တဲ့အလုပ် လုပ်နေချိန်မှာ ပိုးထည်တိုက်တွေမှာ သူလိုချင်တဲ့ အချိတ်ဒီဇိုင်းနဲ့ အရောင်မရခဲ့တဲ့အတွက် တစ်နေ့ကျရင် ရက်ကန်းလုပ်ငန်းကို ကိုယ်တိုင်လုပ်ပြီး ကိုယ်လိုချင်တဲ့ အရောင်အသွေး ချိတ်အဆင်တွေ ဖန်တီးဖို့စိတ်ကူးရှိခဲ့သူပါ။ နောက်ထပ် အကြောင်းတစ်ခုက ချိတ်ရောင်းတဲ့ ပိုးထည်လုပ်ငန်းတွေက ငွေကြေးရပေမဲ့ ချိတ်ရက်လုပ် ဖန်တီးသူတွေက ရက်လုပ်ဖန်တီးခ တန်ဖိုးကိုထိုက်ထိုက်တန်တန် မရတဲ့အခါ အနုပညာမြောက်အောင် ဖန်တီးရတဲ့ ချိတ်ဒီဇိုင်းတွေ အားလျော့လာတာကို သတိထားမိခဲ့တာပါ။ ဒီနှစ်ချက်ကြောင့် သူတစ်ချိန်က စိတ်ကူးခဲ့တဲ့ ရက်ကန်းလုပ်ငန်းကို မန္တလေးရောက်တဲ့အချိန်မှာ စတင်ခဲ့ပါတယ်။

၁၉၉၀ နဲ့ ၂၀ဝ၀ ဝန်းကျင်တွေမှာ ချိတ်လုံချည်တွေဟာ အနုပညာမြောက်မှု လျော့ကျလာပြီး ကွန်ပျူတာစက်ပန်းထိုးတွေကို ဈေးကြီးပေး ဝယ်နေတာတွေ့ရတဲ့အတွက် မိုးကုတ်ပေါက်ပေါက်ဟာ လက်နဲ့ လချီရက်လုပ်ရတဲ့ မြန်မာချိတ်လုပ်ငန်းကို ပြန်ပြီးတန်ဖိုးထားလာအောင် ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။

"အန်တီပေါက် အီတလီကပြန်လာတဲ့ ၂၀ဝ၆ လောက်မှာ ချိတ်တွေကို လူငယ်တွေစိတ်ဝင်စားအောင် ခပ်သွက်သွက်ပုံစံနဲ့ အနောက်တိုင်းနဲ့ အရှေ့တိုင်းစပ်ပြီး ဖန်တီးခဲ့တယ်။ နံပါတ်တစ်အရေး အကြီးဆုံးက ဗမာမိန်းကလေးတွေ ထဘီပြန်ဝတ်အောင် လုပ်တယ်။ အဲဒီအချိန်မှာ ချိတ်ကို မျိုးစုံချုပ်တယ်ဆိုပြီး ဝေဖန်တိုက်ခိုက်မှုတွေလည်း အမျိုးမျိုးကြုံရတယ်။ ဝေဖန်တိုက်ခိုက်မှုတွေ ကြားမှာပဲ ၂၀၁၀ ဝန်းကျင်မှာ ချိတ်လုံချည်တွေပြန် ခေတ်စားလာခဲ့တယ်" လို့လည်း မိုးကုတ်ပေါက်ပေါက်ကဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိက အချိန်တွေမှာ မြန်မာအချိတ်တွေဟာ ဖက်ရှင်လောကမှာ သိက္ခာရှိရှိ ပွဲလယ်တင့်ခဲ့တယ်လို့ ပြောလို့ရတဲ့အချိန်တွေပါ။ ဒါပေမဲ့ ဒီအချိတ်လုပ်ငန်းကို ပိုပြီးခေတ်မီအောင်လုပ်ဖို့ သားသမီးတွေကို လက်ဆင့်ကမ်းဖို့ ရက်ကန်းထွန်းကားတဲ့ ဂျပန်တို့ အီတလီတို့မှာ အထည်အလိပ်နဲ့ ပတ်သက်တဲ့ ပညာတွေသွားသင်ဖို့ မေ့နေခဲ့ကြပါတယ်။

"ကုန်းဘောင်ခေတ်ဒီဇိုင်းတွေ၊ ရတနာပုံခေတ်က ချိတ်ဒီဇိုင်းတွေကို ခက်ခက်ခဲခဲပြန်ရှာ အသေးစိတ်ကြည့် လက်ရေးနဲ့ ကူးကြည့်ပြီးမှ ပြန်တွက်ပြီး ချိတ်ဒီဇိုင်းတွေလုပ်ခဲ့ရတာ။ အချိန်တွေရော အများကြီးပေးခဲ့ရတာ"လို့လည်း ဆိုပါတယ်။

မိုးကုတ်ပေါက်ပေါက်ဟာ ချိတ်ကို လူတန်းစားအားလုံးဝတ်နိုင်ဖို့ FGM တံဆိပ်နဲ့ ချိတ်ဒီဇိုင်းပရင့်တွေကို ထုတ်လုပ်ခဲ့ပေမဲ့ လက်မှု အနုပညာအရ လက်ရာမြောက်တဲ့ မြန်မာ့ချိတ်ဒီဇိုင်းတွေကိုတော့ ပရင့်အတွက် အသုံးမပြုခဲ့ဘဲ လက်မှုချိတ်အနုပညာရဲ့ ရသကိုအရသာရှိရှိ ခံစားနိုင်အောင် တမင်တန်ဖိုးတစ်ခုထားကာ ချန်လှပ်ထားခဲ့သူပါ။

ခုချိန်မှာတော့ သူတန်ဖိုးထားပြီးချန်လှပ်ထားတဲ့ အရည်အသွေးမြင့်လက်ရာမြောက် အချိတ်ဒီဇိုင်းတွေကို ဈေးကွက်ထဲမှာ ပရင့်တစ်မျိုး စက်ရက်ကန်းတစ်မျိုးနဲ့ စီးပွားရေးသမားတွေက တန်ဖိုးမထားဘဲ ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးနဲ့ ရောင်းချနေတာတွေဟာ ကြာလာရင် မြန်မာ့လက်မှုချိတ်အနုပညာရဲ့ အရည်အသွေးနဲ့ အဆင့်အတန်း ထိန်းသိမ်းထားနိုင်မှုတွေ လျော့ကျလာစေနိုင်တယ်လို့လည်း ရေရှည်အတွက် ထောက်ပြသွားခဲ့ပါတယ်။

"အန်တီပေါက်ကတော့ ဒီမြန်မာ့လက်မှုအနုပညာ ချိတ်လုံချည်ဆိုတာ အနုပညာတစ်ခုပဲ အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ တန်ဖိုးရှိတဲ့ အဖိုးတန်အမွေအနှစ်ဖြစ်တယ်ဆိုတာလေးကို သတိရပြီး အားလုံးကို ထိန်းသိမ်းစေချင်တယ်"လို့ သူ့ရင်ထဲက မြန်မာချိတ်လက်မှုအနုပညာ အပေါ်ထားတဲ့ ပူပန်မှုနဲ့ မြတ်နိုးမှုကို လှစ်ဟပြောပြသွားခဲ့ပါတယ်။




Some text some message..