တိမ်အတွေး
ခင်ဗျား တိမ်တွေကို ကြည့်ဖူးမယ်လို့ ကျွန်တော်ထင်တယ်။ မကြာခဏလည်း မြင်ဖြစ်၊ ကြည့်ဖြစ်မှာပေါ့။ မြေပြန့်မှာ နေရင်တော့ခင်ဗျား မော့ကြည့်ရမယ့် တိမ်တွေဟာ တောင်ပေါ်မှာ နေတဲ့သူ အတွက်ဆိုရင် ငုံ့ကြည့်ရမယ်။ တောင်ပေါ်ကအိမ်တွေကို တစ်ခါတစ်ရံမှာ တိမ်က ဝင်တိုက်တာမျိုးလည်း ရှိနိုင်ရဲ့။ အဲဒီနေရာတွေမှာတော့ နီးလွန်းရင် မမြင်ရဘူးဆိုတဲ့ သဘောတရားအရ အခိုးအငွေ့တွေ လောက်ပဲ မြင်ရမှာပဲ။ ဂွမ်းစိုင်တွေ အဆုပ်လိုက် ကြဲဖြန့်ထား သယောင် တိမ်တွေကို နေ့ဘက်ပိုင်း လေယာဉ်စီးဖြစ်ရင်တော့ ဘေးတိုက် အနေအထားမှာ အနီးကပ်မြင်ရမှာပေါ့။
ကလေးဘဝတုန်းကတော့ တိမ်တွေဟာ ပျော်ရွှင်ခြင်းကို ပေးတတ်သလို၊ ကြောက်ရွံ့ခြင်းကိုလည်း ဖြစ်စေခဲ့ တာပဲ။ ဆင်ပုံ၊ မြင်းပုံ၊ ဝက်ဝံပုံ အစရှိသဖြင့် ကိုယ့်စိတ်ထဲ ထင်ရာကို ပေးတူပစ်လိုက်လို့ရတဲ့ တိမ်တွေဟာပျော်ရွှင်စေတာ။ အညာနွေနေ့လယ်ခင်းဘက်တွေမှာ ပူလောင်အိုက်စပ်လွန်းလို့ အရိပ်ကောင်းကောင်း မန်ကျည်းပင် တစ်ပင်အောက် ဖျာခင်းပြီး ယပ်ခတ် နေရချိန် တိမ်တစ်အုပ် နှစ်အုပ်လောက်များ အနောက်တောင်ဘက်က ပေါ်လာရင် ပျော်ကြရသေးတယ်။ တိမ်တွေ ပိုများလာရင်တော့ မိုးရွာနိုင်ဖို့ ဆုတောင်းကြရပြီ။ အညာမှာ မိုးရွာခဲလှတော့ တစ်ဖြောက်နှစ်ဖြောက် မိုးကျလို့ မြေသင်းနံ့လေးများ ရှူရှိုက်ကြရရင် ကျေးဇူးတွေ တင်နေတတ်ကြသေးတာ။ မိုးဆိုတာလည်း တိမ်ကနေ အသွင်ပြောင်းလာတာပဲ မဟုတ်လား။
နွေနှောင်းလို့ မိုးဦးဘက်ကူးရင် လေနီကြမ်းဆိုတာတွေ အညာဘက်မှာ မကြာခဏ ဖြစ်တတ်သေးရဲ့။ လေက အနီရောင် မရှိပေမဲ့ လေနဲ့အတူပါလာတဲ့ ဖုန်လုံးကြီးတွေကြောင့် နီသယောင်ယောင် ဖြစ်နေတာမျိုးပေါ့။ ဒါကိုလည်း တိမ်တွေနဲ့ပဲ ကြည့်ပြီး ခန့်မှန်းကြရတာပါပဲ။ ခပ်လှမ်းလှမ်းက တိမ်တွေနီနေရင် အချိန်ကို တစ်ချက်ပြန် ကြည့်ကြတယ်။ တိမ်တောက်ချိန် လားပေါ့။ တခြားနေရာ တွေ ကြည်လင်နေရဲ့လား၊ မှုန်မှိုင်းနေလားဆိုတာလည်း လှည့်ပတ်ကြည့်တတ်ကြတယ်။ ညနေ ၃ နာရီ၊ ၄ နာရီလောက်ကို မှုန်မှိုင်းမှိုင်းနဲ့ တိမ်တွေ နီနေရင်တော့ မကြာခင် လေနီကြမ်းလာတော့မှာ။ နေပူလှန်းထားတဲ့ ငရုတ်သီးလို၊ အမဲခြောက်လို သိမ်းစရာတွေ သိမ်း၊ အဝတ်တွေရုပ်ကြနဲ့ ရုတ်ရုတ်သဲသဲပေါ့။ အဲဒီအချိန်ကတော့ လျှပ်စစ်မီးရယ်လို့ ကောင်းကောင်း မရှိသေးရတဲ့အထဲ လေနီကြမ်းဆင်ပြီဆို မီးပျက်ပြီးသားပဲ။ သစ်ရွက်ခြောက်တွေ၊ သဲတွေ ဝင်မှာမို့ တံခါးတွေက ပိတ်ထားတော့ အိမ်ထဲမှာ မှောင်နဲ့မည်းမည်း ထိုင်နေကြရတာ။ ြွေမပါးကင်းပါးလည်း ကြောက်ရသေးတာကိုး။
မိုးဦး၊ မိုးနှောင်းရာသီတွေမှာ အလိပ်လိုက်တက်လာတတ်တဲ့ မဲနယ်ရောင်၊ တိမ်မှောင်မှောင်တွေ တွေ့ရင် အိမ်ထဲ ပြေးဝင်ပြီး အမေ့ကို ရှာတတ်ခဲ့တယ်။ မိုးကြိုးလျှပ်စီးတွေလည်း ဘေးမှာ အဖော်ပါတတ်သေးရဲ့။ တိမ်စိုင်တွေ တက်လာလို့ ပူလောင်အိုက်စပ်နေရာကနေ အေးခနဲ ဖြစ်သွားရတာလည်း တိမ်တွေကပေးတဲ့ နောက်ထပ် ခံစားချက်ပဲ။ မိုးကြိုးတွေကြောင့် လူတွေ သေကြရတာတော့ သိပ်ပြီး နှစ်လိုစရာမကောင်းဘူးပေါ့။ အလုပ်နဲ့မို့ ရှောင်ချိန်၊ တိမ်းချိန် မရ လိုက်တာမျိုး၊ ဘယ်လို နေရမယ်ဆိုတဲ့ အသိနည်းပါးသူတွေကို ထိခိုက်သွားတာမျိုးတွေဆိုတော့ တိမ်က သယ်လာတဲ့ နောက်ဆက်တွဲ မိုးကြိုးကို မုန်းတီးမိရပြန်တယ်။ ဒါသည်ပင်လျှင် သဘာဝပဲလို့ နှလုံးသွင်းတတ်အောင်လည်း တိမ်တွေက စွမ်းနိုင်ပါတယ်။
ကလေးဘဝက အံ့သြစရာ၊ နှစ်သက်စရာတိမ်တွေဟာ ရေသံသရာလည်ခြင်း သင်ခန်းစာအပြီးမှာတော့ သိပ်မထူးဆန်းပါဘူးလေ လို့ အတွေးဝင်မိတယ်။ သံသရာဆိုတဲ့အတိုင်း မြေပေါ်ကရေတွေဟာ အပူကြောင့် အငွေ့ပြန်ပြီး အပေါ်တက်၊ အပေါ်မှာ အေးလာလို့ ငွေ့ရည်ဖွဲ့ရာက တိမ်ဖြစ်၊ အေးလွန်းရင် မိုးအဖြစ် ပြန်ရွာချ။ ဒါကို သင်ယူမိတဲ့ ကလေးစိတ်မှာ အငွေ့ပြန်တဲ့ထဲ မြေကြီးပေါ်ပေါက်ချထားတဲ့ ရှူရှူးတွေလည်း ပါမှာပဲဆိုတဲ့ အတွေးနဲ့ မိုးရေချိုး၊ မိုးရေသောက်ရမှာ တောင် ခပ်တွန့်တွန့် ဖြစ်ခဲ့သေးတယ်။
မိုးလေကင်းစင်တဲ့ မနက်စောစောတွေ၊ ညနေစောင်းတွေမှာတိမ်တွေဟာ နေရောင်ဟပ်ပြီး ရောင်စုံလှပလို့။ သူ့ရဲ့ နဂိုအရောင်ကနေ လှတဲ့ အရောင်တွေကို ထင်ဟပ်ပေးနိုင်လို့ သဘောကျနှစ်သက် နိုင်သလို၊ နီးစပ်ရာအတိုင်း အရောင်ပြောင်းတတ် လိုက်တာလို့ အပြစ်မြင် ချင်ရင်လည်း ရပါတယ်။ တိမ်တွေကတော့ သူတို့ နိယာမအတိုင်း တည်ရှိနေမှာ ပဲလေ။ ကိုယ်ဟာ အကောင်းမြင်ဘက်က တွေးပေး လို့ရသလို အဆိုးမြင်အတွေးနဲ့ ထင်ရာ နှိုင်းပစ်လိုက်လို့လည်း ရပါတယ်။
ခင်ဗျားအနေနဲ့ တိမ်တွေကို နှစ်သက်ရင် နှစ်သက်မယ်၊ ဘာမှလည်း မထူးလှပါဘူးဆိုတဲ့ သဘောနဲ့ ဘာသိ ဘာသာထားရင်လည်း ထားမယ်။ ဒါပေမဲ့ တိမ်တွေကတော့ သူ့သဘောသူဆောင်ပြီး သူ့ဘာသာ လည်ပတ် နေဦးမှာပဲ။ အသက်အရွယ် တစ်ခု ရောက်လာတဲ့အခါ တိမ်တွေကို အတုယူတတ်လာတယ်။ ကိုယ့်ဘာသာ ရွေ့စရာရှိတာ ရွေ့တယ်။ လုပ်စရာရှိတာ လုပ်တယ်။ ခင်ဗျား အနေနဲ့ တိမ်တွေကို မော့ကြည့်ဖူးမယ်ဆိုရင် သူတို့တွေ သွားစရာ ရှိတဲ့ လမ်းကို သွားနေ တာ မြင်ရမှာပဲ။ ဘယ်လောက်လှတဲ့ တိမ်ဖြစ်ဖြစ် ကိုယ့်အနားမှာ ခဏပဲ ရှိမယ်။ သူနဲ့ကိုယ်တွေ့တုန်း ခဏ ပျော်ရွှင်ကြရတယ် ဆိုရင် ပြီးတာပါပဲ။
တိမ်တွေက ခင်ဗျား ကို ပျော်စေနိုင်သလို တစ်ချိန်တည်းမှာ မိုးကြိုးပစ်တာမျိုးလို မပျော်စရာတွေလည်း ပေးကောင်းပေးနိုင်မယ်။ အကောင်းအဆိုး နှစ်ဖြာတွဲလျက် ရှိနေတဲ့ လောကကြီးဆိုတော့ကာ ဖွေးလွလွ တိမ်ဖြူတွေဟာ ပတ်ဝန်းကျင်အရ၊ အခြေအနေအရ တိမ်စိုင်မည်းမည်းတွေ ဖြစ်သွား နိုင်သေးတာ သတိထားမိရပြန်တယ်။ ဆင်ပုံလေးကနေ ဝက်ဝံပုံလေးကို မျက်စိတစ်မှိတ်အတွင်း ပြောင်းသွားတာက ကလေးအတွေးနဲ့ဆို ပျော်စရာကောင်းလှတာပဲ။ ဒါပေမဲ့ အနိစ္စသဘောကို ပြနိုင်တယ်လို့ လူကြီးတစ်ယောက်လို တွေးမိတဲ့အခါ တိမ်တွေကို ပိုလို့ သဘောကျမိတယ်။ တိမ်တွေဟာလေ၊ ခင်ဗျား မြင်တတ်မယ်ဆိုရင် ရသစုံကို ပေးနိုင်တာပါ။ တိမ်တွေကို ကျွန်တော် အင်မတန်သဘောကျတယ်။ ကလေးဘဝကနေ အခုအချိန်အထိ တိမ်တွေကိုမြင်တိုင်း အတွေးစတွေ ပေါ်ရတယ်။ တိမ်တွေဟာ အတွေးစ တွေ ပေးသလို တစ်ချိန်တည်းမှာပဲ သိပ်လှနေတတ်ကြတယ်
ျ။