လာဘ်ရွှင် အသုံးဝင် ငွေလာဂမုန်းပင်
lotaya.mpt.com.mm
|
2020-03-25

တချို့က ရှင်သူငယ်ဂမုန်းလို့ ခေါ်ကြတဲ့ ငွေလာဂမုန်းပင်ကို တရုတ်နဲ့ အိန္ဒိယက ဗေဒင်လောကီပညာ ကျွမ်းကျင်သူတွေက အိမ်တွင်းအိမ်ပြင် ဆက်ဆံရေးကဏ္ဍ အေးချမ်းစေဖို့နဲ့ ငွေကြေးစီးပွား လာဘ်လာဘတွေ ရွှင်လန်းစေဖို့ ရည်ရွယ်ပြီး စိုက်ပျိုးလေ့ရှိပါတယ်။ ငွေလာဂမုန်းပင်ကို ဘယ်လို စိုက်ရမလဲ၊ ငွေလာဂမုန်းပင်က ဘယ်လိုတွေ အကျိုးပြုနိုင်သလဲဆိုတာ ဗေဒင်သုတအဖြစ် ဖော်ပြပေးချင်ပါတယ်။




ဘယ်လို စိုက်မယ်၊ ဘယ်မှာ ထားမယ်


ငွေလာဂမုန်းပင်ကို အိမ်ခန်း၊ ရုံးခန်းအတွင်းက နေရောင် တိုက်ရိုက်မကျတဲ့ အရှေ့တောင်ထောင့်တစ်နေရာမှာ အပြာရောင်ဖန်ပုလင်း (ဒါမှမဟုတ်) အစိမ်းရောင်ပန်းအိုးကြီးနဲ့ စိုက်ပါ။ အပင်ကို ခြောက်မသွားအောင်လို့ ရေ မကြာခဏ လောင်းပေးပါ။ အနီရောင် အသုံးအဆောင်တွေနဲ့ ခပ်ဝေးဝေးမှာ ထားပါ။ ဂမုန်းရွက်လေးတွေ စိမ်းစို လှပလာလေ ၊ ငွေကြေးဆိုင်ရာကံကြမ္မာတွေ ပိုကောင်းလာလေပဲလို့ သတ်မှတ်ပါတယ်။

ဘာတွေ ကောင်းလဲ၊ ဘာထူးခြားသလဲ

မမြင်ရတဲ့ ဆန်းကြယ်မှုတွေကို ခဏ ဘေးဖယ်ပြီး ပြောရမယ်ဆိုရင် ငွေလာဂမုန်းပင်လေးတွေဟာ မျက်စိကို အေးချမ်းစေပြီး အခန်းတွင်းက ဆေးလိပ်ငွေ့အပါအဝင် အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူ ဖယ်ရှားပေးပါတယ်။ လေထုသန့်စင်နိုင်စွမ်း ရှိပြီး ကွန်ပျူတာနဲ့ WiFi လွှင့်စက်တွေက ထုတ်လွှင့်တဲ့ ရေဒီယိုသတ္တိကြွလှိုင်းတွေကိုပါ စုပ်ယူနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ကိုယ်တိုင်က ဆိုထားပါတယ်။




ဂမ္ဘီရရှုထောင့်က ကြည့်ရင်တော့ ငွေလာဂမုန်းဟာ လာဘ်ရွှင်ငွေဝင်တွေ ခဏ ဖယ်ထား၊ လူတွေရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို အရင် ဖယ်ရှားပေးပါတယ်။ အိမ်တွင်း၊ ရုံးတွင်းမှာ အငြင်းပွား စကားများတာတွေနဲ့ အိပ်စက်ပုံ မူမမှန်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ငွေလာဂမုန်းရဲ့ အဓိကစွမ်းအားကတော့ ငွေကြေးစီးပွားဥစ္စာကို ဆွဲဆောင်နိုင်ခြင်းပါပဲ။ အိမ်ထဲမှာ ထားရင် မိသားစု စီးပွား တက်မယ်၊ ကုမ္ပဏီရုံးခန်းမှာ ထားရှိရင် လုပ်ငန်း အဆင်ပြေ အောင်မြင်မယ်လို့ အယူ ရှိပါတယ်။ အသည်းပုံ ပေါ်နေတဲ့ ဂမုန်းရွက်လေးတွေကြောင့် မိသားစုကြား အချစ်ပွားသလို လုပ်ငန်းမှာလည်း ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးတွေကို ဖန်တီးပေးနိုင်ပါတယ်။

ဂမုန်းနွယ်တွေ ပွားလာရင် ဘယ်လိုလုပ်မလဲ

ပန်းအိုးထဲက ဂမုန်းနွယ်ပင်တွေ ရှည်လာ၊ ပွားလာတဲ့အခါ မိသားစုဝင်တစ်ဦးဦးကပဲ သင့်တော် ကြည့်ပျော်အောင် ဖြတ်ပေးရပါမယ်။ ကုမ္ပဏီလုပ်ငန်းဆိုရင် သက်ဆိုင်ရာအကြီးအကဲ တစ်ဦးဦးက လုပ်ရပါမယ်။ ပြင်ပလူက လုံးဝ ဝင် လုပ်ပေးလို့ မရပါဘူး။ ဒီအချက်ကိုတော့ သတိထားရပါမယ်။

ကဲ.. ဒီလောက်ဆိုရင် ငွေလာဂမုန်းပင်လေးတွေက ဘာတွေ စွမ်းသလဲ၊ ဘယ်လို စိုက်ရမလဲဆိုတာ နားလည် သဘောပေါက်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံး လာဘ်ရွှင် အသုံးဝင်နိုင်ကြပါစေ..။

ဧက (ဗေဒင်သုတ)

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..