သူမ မရှိတော့ဘူး။ သူမ မရှိတော့ဘူး။ အသိစိတ်က ဘယ်လိုမှလက်ခံလို့မရ။ ရင်ဘတ်တစ်ခုလုံးတစ်ဆို့နေပြီး ဘယ်အရာမှအစားထိုးလို့မရတော့တဲ့ဆုံးရှူးမှုတစ်ခုနဲ့အတူ ပူလောင်နေတယ်။
အား!အသိစိတ်ထဲဘာကိုမှဂရုမစိုက်နိုင်တော့ဘဲအော်ဟစ်မိတယ်။ ပြီးတော့ စီးကျလာတဲ့မျက်ရည်တွေ။ ဟင့်အင်း ငါမငိုဘူး။ ငါမငိုဘူး။ သူမ ငါ့ကိုသိပ်ချစ်တာ။ ဟုတ်တယ် သူမငါ့ဆီပြန်လာမှာ။ မပြောနဲ့!။ မပြောနဲ့။ သူမ မသေဘူး။ သူမ မသေဘူး။ ငါ့ဆီပြန်လာမှာ။ မတားနဲ့!လက်တွေဖယ်ပေးကြပါ။ ဟိုး..မှာ သူမငါ့ကိုရပ်စောင့်နေတယ်။ မတွေ့ကြဘူးလား။ ကျေးဇူးပြုပြီး ငါ့ကိုဖယ်ပေးကြပါကွာ။
လူတွေအတင်းဖမ်းချုပ်နေတဲ့ကြားထဲက မရမကတိုးထွက်ဖို့ကြိုးစားရင်း အားအင်ချိနဲ့စွာလဲကျသွားတယ်။အသိစိတ်ထဲအမှောင်ထုကြီးရောက်မလာခင် သူမပုံရိပ်လေးရပ်စောင့်နေတာ နောက်ဆုံးတွေ့လိုက်ရတယ်။
ဒီလိုနဲ့ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ် အချိန်တွေအကြာကြီးစောင့်နေရင်း ငါလက်မခံချင်ဘဲလက်ခံလိုက်ရတော့မလား။ ဟင့်အင်း ဘယ်သူမှမသိပေမယ့် ငါသိတယ်။ နင်ရှိနေတာ ငါသိတယ်။ အခု ငါ့ကိုလေ နေမကောင်းဘူးဆိုပြီးဆေးတွေလာလာတိုက်တယ်။ ငါမသောက်ချင်လဲမရဘူး။ အတင်းတိုက်ကြတယ်။ ငါအဲဒီဆေးတွေမသောက်ချင်ဘူးကွာ။ ဆေးတွေသောက်ပြီးရင် ငါအိပ်ချင်လာတယ်။ ငါအိပ်ပျော်နေတုန်းမှာ နင့်ကိုဆွဲခေါ်သွားကြရင် ငါ..ငါနင့်ကိုမကာကွယ်ပေးနိုင်တော့မှာစိုးလို့ပါ။ ငါနိုးလာလို့ နင်မရှိတော့ဘူးဆိုရင် ငါရူးသွားလိမ့်မယ်။ ဟုတ်တယ် ငါနင့်ကိုအဲဒီလောက်ချစ်တာ နင်မသိဘူးလား။ နင် မနောက်နဲ့ကွာ။ ငါ စိတ်တိုလာပြီနော်။
အင်း.ပါ ငါစိတ်မကောက်တော့ပါဘူး။ ကြည့်.. ငါရယ်နေပြီလေ။ ဟာ.ကွာ နင်ကလဲ ကျွတ်(စ်)..။ ဟာ.မဟုတ်ပါဘူးကွာ စိတ်ရှည်ပါတယ်။ ကောက်ပါ စိတ်ကြိုက်သာကောက်ပါ။ ရွဲ့တာမဟုတ်ရပါဘူးကွာ။ တော်ကြာဟိုလူတွေရောက်လာရင် နင်နဲ့စကားမပြောရတော့မှာစိုးလို့ပါ။ လာပါကွာ နင်ကလည်း ငါနင့်ကိုဖက်ထားချင်လို့ပါ။
ငါ ဘယ်လိုဖြစ်နေလဲမသိဘူး။ ခေါင်းတွေအရမ်းမူးပြီး ကြည့်လိုက်ရင်ပုံရိပ်တွေနှစ်ထပ်ဖြစ်နေတယ်။ အခုတလော သောက်ရတဲ့ဆေးတွေပိုများလာလို့ဖြစ်မယ်။ နင် စိတ်မပူပါနဲ့ကွာ။ငါဘာဘဲဖြစ်ဖြစ် နင့်အနားမှာရှိနေမှာပါ။ မငိုနဲ့လေကွာ.နော်။ ငါအရင်ကလောက် အားမရှိတော့ပေမဲ့ နင့်ကိုလက်ဖျားနဲ့တောင်အထိမခံဘူး။ စိတ်ချ ငါရှိနေပါတယ်။
ဘာ.ဘာပြောတယ်။ ဟင့်.အင်း ငါလက်မခံနိုင်ဘူး။ မရဘူး..နင်မသွားရဘူး။ ငါ အခုလဲနေကောင်းနေတာဘဲ။ မရဘူး.ငါ့ကိုမထားခဲ့ပါနဲ့ကွာနော်။ နင်မရှိရင် ငါမနေနိုင်ဘူး။ နင်မငိုပါနဲ့ကွာ။ နင် ငါ့ကိုချစ်တယ်ဆို။ အဲဒါဆို ဘာကြောင့်သွားမှာလဲ။ မလိုဘူး..ငါမလိုဘူး အဲဒီလူ့အသိုင်းအဝိုင်းဆိုတာတွေကို ငါ့အတွက်မလိုဘူး။ ငါ့မှာနင်ရှိရင်ရပြီ။
တားဆီးနိုင်ခွင့် ငါ့မှာမရှိတော့ပါလား။ နင်တကယ်ထွက်သွားပြီပေါ့။ ငါမနေတတ်တာနင်သိရက်သားနဲ့။ အခုတော့..ကောင်မလေးရယ်။ ငါတစ်ယောက်ထဲ ဒီအခန်းငယ်လေးထဲမှာ နင့်အကြောင်းတွေးရင်းမခံမရပ်နိုင်အောင် လွမ်းနေမိတယ်။ အဖြူရောင်သုတ်ထားတဲ့အခန်းပတ်ပတ်လည်နံရံတွေမှာ နင့်ပုံရိပ်တွေ။ တစ်ခါတစ်ရံ ဝင်လာတတ်တဲ့လေပြေတွေထဲမှာ နင့်ရဲ့ကိုယ်သင်းရနံ့လေးတွေ။ အိပ်မက်တွေထဲမှာတော့ နင်လာလာပြောတဲ့ချစ်တဲ့စကားတွေ။ ငါရူးပြီ.. ကောင်မလေးရယ်။
ဟေ့ လူကြီး။ ဆေးလာတိုက်တဲ့လူကြီး ဒီနေ့ဘယ်နှစ်ရက်နေ့လဲ။ ကျွန်တော်ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘာ.မနောက်ပါနဲ့ဗျာ။ အကောင်းမေးနေတာ။ ဒါ..ဒါဆိုကျွန်တော်ဒီရောက်နေတာ…။ ဘယ်လောက်..တစ်နှစ်နဲ့ရှစ်လကျော်ဟုတ်လား။ အဖေနဲ့အမေကော။ ကျွန်တော့်ကို အဖေတို့ကိုခေါ်ပေးပါဗျာနော်။
ခြေသံတွေကြားနေရတယ်။ အဖေတို့များလား။ ဟိုလူကြီး ခေါ်ပေးပါ့မလား။ အတွေးပေါင်းများစွာနဲ့ စိတ်တွေရှုပ်ယှက်ခက်နေတယ်။ ငါဒီကိုဘယ်လိုရောက်နေတာလဲ။ ဘာကြောင့်မို့ရောက်နေတာလဲ။ စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ရင်း အဖြစ်အပျက်တွေကိုပြန်တွေးတော့…။
ရင်ဘတ်တစ်ခုလုံး ဖွာလန်ကြဲသွားသလိုခံစားလိုက်ရတယ်။ ပြီးတော့..မျက်ရည်တွေ။ အဲဒီနေ့က ပုံရိပ်တွေ…။ အင်္ကျီဆင်တူ၊ ငါပေးထားတဲ့ စတစ်(စ်)အရုပ်လေးနဲ့နှင်းဆီပန်းတွေပွေ့ပိုက်ထားတဲ့သူမရဲ့အပြုံး။ နောက်တော့ ကန်တော်ကြီးထဲကရန်ပွဲ။ ခေါင်းမှာသွေးတွေနဲ့လဲကျသွားတဲ့သူမ။ ပြီးတော့ကြားလိုက်ရတဲ့စကား။ အုတ်ခဲက မင်းဆီကိုလာတာ ကောင်မလေးကကြားကဝင်ခံလိုက်တာတဲ့။ ငါနင့်စကားကိုနားထောင်ပြီး အဲဒီငမူးတွေနဲ့ရန်သာမဖြစ်ခဲ့ရင် နင်ဒီလိုဖြစ်မှာမဟုတ်ဘူးနော်။
အခုတော့….
ခြေသံတွေကြားရပြန်ပြီ။ ခပ်မြန်မြန်လျှောက်လာတဲ့ခြေသံတွေ။ ပြီးတော့မျက်ရည်တွေနဲ့ပြုံးနေတဲ့ အဖေနဲ့အမေ။ ဘာမှပြောမထွက်တော့ဘဲ အဖေနဲ့အမေကိုသာခပ်တင်းတင်းပြန်ဖက်ထားမိတယ်။ ဆေးရုံအထွက် ကားပေါ်တက်တော့ အဖေနဲ့အမေက ငါ့သားဘာလုပ်ချင်လဲ၊ ဘာစားချင်လဲ၊ ရေအရင်ချိုးရမယ်တို့၊ ဆံပင်လဲညှပ်ရမယ်တို့ စကားတွေအလုအယက်ပြောနေပေမဲ့ ငါတစ်ခွန်းဘဲပြောမိတယ်။ငါနင့်အုတ်ဂူဆီသွားချင်တယ်လို့။
လမ်းမှာနင်သိပ်ကြိုက်တဲ့ အဝါရောင်နှင်းဆီပန်းတွေနဲ့ စတစ်(စ်)အရုပ်လေးဆင်းဝယ်တော့ အဖေတို့စိတ်ပူတဲ့မျက်လုံးတွေကိုတွေ့တယ်။ စိတ်ထဲကဘဲငါပြောမိတယ် အဖေတို့စိတ်မပူရတော့ပါဘူးလို့။ နင်လဲငါ့ကိုအဲဒီအတိုင်းဖြစ်စေချင်ခဲ့တာမလား။ ငါစိတ်ကယောင်ခြောက်ခြားဖြစ်လို့နင့်ကိုတွေ့နေတာမဟုတ်တာ ငါသိတယ်။ နင် ငါ့ကိုစိတ်ချပါတော့။ နင်ငြိမ်းချမ်းစွာလှဲနေတဲ့အဖြူရောင် အုတ်ဂူလေးပေါ်မှာ ငါတို့ချစ်သူသက်တမ်း ၅နှစ်ပြည့်အထိမ်းအမှတ် နင်သိပ်ကြိုက်တဲ့အရုပ်လေးနဲ့အဝါရောင်နှင်းဆီပန်းတွေ။
နင့်ရဲ့ပြုံးနေတဲ့မျက်နှာလေး ငါတွေ့လိုက်ရသလိုဘဲ။ သွားနှင့်တော့ ကောင်မလေးရယ်။ ငါလဲ လိုက်လာခဲ့ပါ့မယ်။ ငါ နင့်ကို အရမ်းချစ်တယ်…။
#Lifestyle_myanmar
#Dmo_aung