ကိုယ့်နှလုံးသားကဆူးကို သူများနှလုံးသားနဲ့ ဘယ်တော့မှမထွင်မိပါစေနဲ့
lifestylemyanmar.com
|
2020-04-18



ကျွန်တော်တို့တော်တော်များများ ဘဝမှာ ဆူးစူးတတ်ကြပါတယ်။ ဟိုးကလေးဘဝငယ်ငယ်လေးတည်းကစူးလာခဲ့တဲ့ ဆူးတွေ နောက်ဆုံး ဘဝနေဝင်ချိန်အထိ ဆူးတွေစူးနေကြတုန်းပေါ့။ ငယ်ငယ်ကဆူးစူးရင် ကျွန်တော်တို့ငိုမယ်။ ခနနေရင် တစ်စုံတစ် ယောက်က အဲ့ဒီဆူးလေးကို ပြန်ထုတ်ပေးလိုက်ရင်ကောင်းသွားမယ်။ ဆူးနှုတ်ရတာ လွယ်တယ်ပေါ့။

အဲ့ဒီလိုပဲ တစ်ဘဝလုံး မကျေနပ်မှုဆူးတွေ စူးလိုက်၊ လောဘဆူးတွေစူးလိုက်၊ ဒေါသဆူးတွေစူးလိုက် ဆူးချင်တာ စူး အချိန်နဲနဲ ဒဏ်ရာ အနာတရ နည်းနည်းနဲ့ ကျွန်တော်တို့ ပြန်နှုတ်ပစ်ခဲ့ကြတယ်မလား။




ကျွန်တော်တို့ ရိုးရိုးဆူးလေးတွေကိုတော့ အနာခံပြီး အမြန်နှုတ်ပစ်ကြနိုင်ကြပေမယ့် နှလုံးသားကိုဆူးတဲ့ အချစ်ဆူး နာကျင်မှုဆူးတွေကိုတော့ လွယ်လွယ်နဲ့ မနှုတ်ပစ်နိုင်ကြဘူးမလား? အဲ့ဒီနှလုံးသားမှာ စူးနေတဲ့ဆူးတွေကို ပဲ တခါတလေ မြတ်မြတ်နိုးနိုး ဖွဖွရွရွ ပွေ့ဖက်ထားမိတယ်မဟုတ်လား? တခါတလေကျတော့ ကျွန်တော်တို့ဟာ ကိုယ့်ရင်ထဲ အသဲထဲ နက်နက်နဲနဲ စူးနစ်ဝင်နေတဲ့ ဆူးလေးကို ထုတ်ပေးဖို့ ကယ်တင်ရှင် ကိုမျှော်မှန်းတောင့်တနေမိတတ်ကြပြန်ရော။




ကျွန်တော်ပြောချင်တာက ဆူးတစ်ချောင်းရဲ့ ဈာပနာကိုပြောချင်တာပါ။ ကိုယ်ချစ်မြတ်နိုးသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခ၊ ကိုယ့်နှလုံ းသားကို ဆုပ်ခြေပီး လမ်းတကာ လွှင့်ပစ်ထွက်သွားရက်သူကို စွဲလမ်းနေရတဲ့ မောဟ အဲ့ဒီဆူးတွေကို အကောင်းဆုံးဘယ်လိုနှုတ်ပစ်ကြမလဲဆိုတာပေါ့။

အကောင်းဆုံးဘယ်လို နှုတ်ပစ်မလဲဆိုတာကို မပြောခင် ကျွန်တော်တို့ရဲ့ဆူးတွေကို မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ နှုတ်ပစ်လို့ ဒဏ် ရာပိုပြင်းသွားတတ်တယ်ဆိုတာလေးကိုပြောပြချင်တာပါ။ ဆိုလိုတာက ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ ကိုယ့်ဒဏ်ရာကို သူများနှလုံးသားနဲ့ကုသတတ်ကြတာပါ။

ကိုယ်ခံစားရတဲ့ ဝေဒနာတွေ သက်သာလိုသက်သာငြား အချစ်သစ် နှလုံးသားသစ်ကို ရှာပီးကုကြတာမျိုးပေါ့။ တကယ်တမ်းကျတော့ ကိုယ်ကိုတိုင်က ချစ်တတ်သေးလား မချစ်တတ်တော့ဘူးလား သူ့ကိုချစ်တာလား မချစ်ဘူးလား စသဖြင့် မဝေခွဲနိုင်တော့တဲ့အချိန်မှာ အသဲနှလုံးအစားထိုးပီးချစ်ကြည့်တာမျိုးပေါ့။ အချစ်သစ်တွေရှာတာပေါ့။

ဒါမျိုးက တစ်ကယ်တော့ ခနတာ အတွက် ဝေဒနာ သက်သာသွားစေရတယ်ထင်ရပေမယ့် အချိန်ကြာလာရင် ဝေဒနာတွေထပ်တိုးလာနိုင်ပါတယ်။ ကိုယ့်ကိုထွင်တဲ့ဆူးနဲ့ ကိုယ်ပြန်စူးမိနေနိုင်တာမျိုးပေါ့။ အနာက မသက်သာလာတဲ့အပြင် သူများနှလုံးသားနဲ့ ကိုယ့်ဒဏ်ရာကို ကုမိတဲ့အခါ နှလုံးသား နှစ်ခုစလုံး ဒဏ်ရာထပ်ရလာနိုင်ပါတယ်။




အဲ့ဒီလိုပဲ သူ့ဘာသာ ဒဏ်ရာဗရပွနဲ့ နှလုံးသားတွေက အပြစ်ကင်းတဲ့ ကျွန်တော်တို့နှလုံးသားနဲ့လာကုနိုင်ပါတယ်။ ပြီးတော့ သူ့ဒဏ်ရာတွေနဲ့ နာကျင်မှုတွေ ဝေဒနာတွေကို ကျွန်တော်တို့ နှလုံးသားကို အသုံးချတတ်ကြပါတယ်။

သူတို့ ဒဏ်ရာကမကျက်တဲ့ အပြင် နောက်ထပ် နှလုံးသားတစ်ခုပါ ဒဏ်ရာရသွားတယ်ဆိုတာ သူတို့ သတိမထားမိကြပါဘူး။ ဒါကြောင့် ဘာကြောင့်ပဲ ဘယ်လိုပဲ နာကျင်ရပါစေ ကိုယ့်ဒဏ်ရာကို သူများနှလုံးသားနဲ့ ဘယ်တော့မှ မကုပါနဲ့။

ဆူးကိုဆူးနဲ့ မထွင်မိပါနဲ့။ ဆူးကိုထွင်တဲ့ ဆူးက ကိုယ့်ကို ပြန်စူးစေတတ်ပါတယ်။ ပြီးတော့ အပြစ်မဲ့တဲ့ နှလုံးသားလေးတွေကိုလည်း ဆူးစေတတ်ပါတယ်။ ကိုယ့်ရင်ထဲက ဆူးကို အကောင်းဆုံးနှုတ်နိုင်မယ့်နည်းလမ်းကတော့ ဆုံးရှုံးမှုကို တကယ်ဆုံးရှုံးလိုက်ရပြီဆိုတာ လက်ခံလိုက်ဖို့ပါပဲ။




တချို့အရာတွေက ကျွန်တော်တို့ ပြောင်းလဲလို့မရတော့ပါဘူး။ ကျွန်တော်တို့ ပြောင်းလဲလို့မရတော့တဲ့ အရာတွေကို လက်ခံရဲတဲ့ သတ္တိနဲ့မှ ဒီဆူးတွေကို နှုတ်လို့ရပါမယ်။ နောက်ပြီး ကျွန်တော်တို့ ပြောင်းလဲလို့ရသေးတဲ့အရာတွေကို ပြောင်းလဲပစ်နိုင်တဲ့ သတ္တိလည်းလိုအပ်ပါလိမ့်မယ်။

ကျွန်တော်အကြံပေးရပါစေ။ တချို့အရာတွေက ခင်ဗျားတို့ ကျွန်တော်တို့ ဘယ်လိုမှ ပြောင်းလဲလို့မရဘူးဆိုတာ လက်ခံလိုက်ပါ။ ခင်ဗျားလွတ်မြောက်ချင်ရင် သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်ပါ။ ခရီးတွေသွားပါ..အားကစားတခုခုလုပ်ပါ..ဘဝမှာကောင်းမွန်တဲ့အရာတွေ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေရှိသေးတယ်ဆိုတာ ခနခနပြောပေးပါ..နာကျင်စရာတွေကိုမဆုပ်ကိုင်ထားပါနဲ့တော့….




ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်မြှားကိုယ်ပြန်မြိုတဲ့ တာတေလူဆိုးကြီးအဖြစ် အများကို ခေါင်းညိတ်ပြလိုက်ပါ။ တခါကစွဲလမ်းဖူးတဲ့ ပုံပြင်တစ်ပုဒ်နဲ့ ဆူးတွေထွန်းထားတဲ့လမ်းမှာပေတေပြီး မတ်တပ်ဆက်ရပ်နေလိုက်ပါ…


တချို့လူတွေက ကျွန်တော်တို့ဘဝထဲကို ခနဝင်လာကြတယ်..
ပီးရင်ခနလေးနဲ့ ပြန်ထွက်သွားကြတယ်……
တချို့လူတွေကို ကျွန်တော်တို့က လှည့်စားတတ်ကြပြီး
တချို့လူတွေက ကျွန်တော်တို့ ကိုအရူးတစ်ပိုင်းဖြစ်အောင်လုပ်သွားကြတယ်…
တကယ်တော့ရေစက်ကုန်သွားရင် ကျောချင်းကပ်ထားရင်းအဝေးဆုံးဝေးသွားကြရတာပဲ မဟုတ်လား..
ဒါပေမယ့်တစုံတယောက်ကတော့ ကျွန်တော်တို့ဘေးမှာ အမြဲရှိနေပါလိမ့်မယ်….ဒါပေမယ့် ကိုယ့်နှလုံးသားကဆူးကိုတော့ သူများနှလုံးသားနဲ့ ဘယ်တော့မှမထွင်မိစေနဲ့.ပေါ့ဗျာ…..

#Mg_Htet

#Lifestyle_Myanmar




Some text some message..