
မိုးရာသီရောက်လာတော့မယ်ဆိုတော့ မိုးရာသီမှာ အဝတ်အစားတွေ မှိုနံ့စွဲတာက စိတ်အနှောက်အယှက် ဖြစ်စရာတစ်ခုပါ။ လူအများကြား သွားတဲ့အခါ၊ အဲကွန်းခန်းထဲမှာ အလုပ်လုပ်ကြတဲ့အခါ ကိုယ့်အဝတ်အစားက မှိုနံ့ရနေတာက ရှက်စရာကောင်းသလို ဘေးမှာ ရှိတဲ့လူအတွက်လည်း အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် မိမိတို့ အဝတ်အစားတွေ မှိုနံ့ကင်းပြီး မွှေးမွှေးလေးဖြစ်သွားအောင် ဘယ်လိုထားရမလဲဆိုတာကို ပြောပြပေးသွားပါ့မယ်။
မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းလျှော်ပါ။ မလျှော်ခင် ၁၅ မိနစ်ခန့် ဆပ်ပြာမှုန့်ဖြင့်စိမ်ပါ။ ပြီးရင်တော့ သေချာစွာ Brush နဲ့ တိုက်လျှော်လိုက်ပါ။ မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းမလျှော်ပဲ ထားလိုက်မယ်ဆိုရင် မှိုစွဲပြီး လျှော်တဲ့အခါမှာ မှိုနံ့က တော်ရုံနဲ့ မပျောက်စေနိုင်ပါဘူး။
လျှော်ပြီးတဲ့ အဝတ်တွေကို အမွှေးဆီဖြင့် မိနစ်ပိုင်းလော် စိမ်ထားပါ။ သာမန်အချိန်မှာ အမွှေးဆီမသုံးတာက မသိသာပေမယ့် မိုးရာသီမှာ အမွှေးဆီသုံးပေးခြင်းက အဝတ်အစားတွေအတွက် မကောင်းတဲ့ အနံ့အသက်တွေကို သက်သာစေပြီး အနံ့လေးမွှေးနေမှာပါ။ အမွှေးဆီအနံ့ကို ရွေးချယ်တဲ့အခါမှာလည်း အနံ့ပြင်းတွေကို မရွေးချယ်ပဲ အနံ့အေးအေးလေးတွေကို ရွေးသုံးသင့်ပါတယ်။
လျှော်ပြီးအဝတ်တွေကို လှန်းတဲ့အခါမှာလည်း နေပူပူမှာ အချိန်ပေးပြီးလှမ်းသင့်ပါတယ်။ မိုးရာသီဖြစ်တာကြောင့် နေပူတဲ့အချိန်ကို စောင့်ကိုတော့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ် အခြောက်ခံစက်ကို အသုံးပြုနိုင်ပါတယ်။ အဝတ်အစားတွေ ခြောက်သွေ့နေတဲ့အချိန်မှ မီးပူတိုက်တာက အကောင်းဆုံးပါ။ မခြောက်တခြောက်အဝတ်အစားတွေကို မီးပူတိုက်တာက အနံ့အသက်မကောင်းသလို ရေရှည်မှာလဲ မှိုနံ့စွဲစေတာကြောင့် မလုပ်သင့်ပါဘူး။ ခြောက်အောင်သေချာလှမ်းပြီးမှ မီးပူတိုက်ပေးသင့်ပါတယ်။
မီးပူတိုက်ပြီးအဝတ်တွေကို သိမ်းဆည်းတဲ့အခါမှာ ကလေးငယ်တွေရဲ့ အဝတ်အစားမှအပ ကျန်တာတွေကို ပရုပ်လုံးထည့်ပြီး သိမ်းပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပရုပ်လုံးက မှိုနံ့ကို စုပ်ယူနိုင်တာကြောင့်ပါ။
ဒါဆိုရင် မိုးရာသီမှာ အဝတ်အစားလေးတွေကို မှိုနံ့ကင်းကင်းနဲ့ ယုံကြည်မှုရှိစွာ ဝတ်နိုင်ဖို့အတွက် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးကို သုံးကြည့်ရအောင်နော်။