
မြန်မာနိုင်ငံအနေနဲ့ ရာသီဥတုသုံးမျိုးရှိတဲ့အနက် အအေးချမ်းဆုံး၊စိမ်းစိုလှပမှူအရှိဆုံးနဲ့ ငယ်ဘဝကိုအလွမ်းရဆုံးရာသီကတော့ မိုးရာသီပါပဲ။ ဒါပေမဲ့ အရာရာမှာ အကောင်းအဆိုးဒွန်တွဲနေသလို မိုးရာသီမှာလည်း လူအများစု ကြုံတွေ့ရတတ်တဲ့ အခက်အခဲလေးတွေ အနည်းနဲ့အများရှိတတ်ပါတယ်။ အထူးသဖြင့်တော့ မိုးသည်းသည်းမည်းမည်းရွာတဲ့အခါ စိုတိစိုစွတ်နဲ့ အပြင်သွားရလာရတာ ဒုက္ခရောက်တာ ၊အဝတ်အစားတွေအလွယ်တကူပျက်စီးတတ်တာနဲ့ မှိုစွဲလွယ် ၊အနံ့ဆိုးထွက်လွယ်တဲ့ ဒုက္ခတွေပါ။ ဒီလိုဒုက္ခတွေ အခက်အခဲတွေကြားထဲက အပြင်ကိုမသွားမနေရ သွားလာနေရတဲ့သူတွေအနေနဲ့မိုးသည်းသည်းကြားမှာ ဒုက္ခရောက်စေနိုင်တဲ့ အဝတ်အစားတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ဖို့လိုပါတယ်။ ဒါကြောင့်မို့ မိုးရာသီရောက်တဲ့အခါ ထုတ်ဝတ်သင့်တဲ့အဝတ်အစားတချို့ကိုထုတ်ဝတ်ပြီး သိမ်းထားသင့်တဲ့အဝတ်အစားတွေကို ဗီဒိုထဲသော့ခတ် သိမ်းထားနိုင်ဖို့အတွက် မိုးရာသီနဲ့လုံးဝမအပ်စပ်တဲ့ အဝတ်အစားတွေထဲကတချို့ကို ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်နော်
1.ဂျင်းဘောင်းဘီအပွ
ဂျင်းဘောင်းဘီအရှည်ဆိုတာ မိုးရာသီနဲ့ ဘယ်လိုမှမအပ်စပ်တဲ့ Outfit တစ်ခုပါ။ အဲဒီထဲမှာမှ ဂျင်းအပွအရှည်လိုမျိုးဘောင်းဘီကတော့ ဒုက္ခအပေးဆုံးလို့ဆိုရမှာပါပဲ။ ဂျင်းမို့လို့ ရေထိရင် အလွယ်တကူမခြောက်စိုစိစိနဲ့ လေးပင်နေရတဲ့ကြားထဲ အပွဖြစ်တဲ့အတွက် ခြေသလုံးမှာကပ်ပြီး ဘတ်လတ်ဘတ်လတ်နဲ့ အရမ်းကို တိုင်ပတ်စေတာမို့ မိုးရာသီဆိုရင် ဂျင်းဘောင်းဘီတွေနဲ့ ဂျင်းအပွတွေကို တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။
2.စကတ်အရှည်
စကတ် ဂါဝန်အရှည်တွေလည်းထိုနည်းတူပါပဲ။ မိုးသည်းသည်းရွာလို့များ အောက်ပိုင်းတွေစိုသွားပြီဆိုရင် အသားမှာကပ်ပြီး လမ်းလျှောက်ရခက်တဲ့ထိဒုက္ခပေးပါလိမ့်မယ်။ ဒါကြောင့်မို့ စကတ်အရှည်တွေကို ရှောင်နိုင်သမျှရှောင်ပြီး ဝတ်ဆင်ခြင်းက သင့်ကို မိုးရွာထဲ ဒုက္ခမရောက်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
3.အဖြူရောင်အဝတ်အစား
အဖြူရောင်နဲ့ပတ်သက်ရင်တော့ ဘောင်းဘီ၊အင်္ကျီသာမက ဖိနပ်အပါအဝင် ဘယ်အသုံးအဆောင်မဆို မိုးရာသီနဲ့ လုံးဝမအပ်စပ်ဘူးလို့ဆိုရမှာပါ။ မိုးရာသီဟာ ဗွက်တွေရွှံ့တွေမထင်ရင်မထင်သလို ပေကျံနိုင်သေးတဲ့အပြင် ရေစိုနေတဲ့ ထိုင်ခုံတွေများထိုင်မိရင် ဖုန်နဲ့ရေနဲ့ရောပြီး ဘောင်းဘီဖြူဖြူမှာ အကွက်လိုက်၊အကွင်းလိုက် ညစ်ပတ်စေဦးမှာပါ။ နောက်ဆုံး အလုပ်ပင်ပန်းလို့ ချက်ချင်းမလျှော်ဖွပ်မိရင် ဖားဥစွဲတာမျိုးဖြစ်ပြီး အဝတ်အစားပျက်စီးတတ်ပါသေးတယ်။နောက်ဆုံး အဖြူရောင်အဝတ်အစားအတော်များများဟာ ရေစိုရင် အလွယ်ဖောက်မြင်တာမျိုးကြုံရတတ်သေးတာမို့ အဖြူရောင်ကတော့လွယ်လွယ်နဲ့မရွေးချယ်သင့်တဲ့ outfit ထဲမှာပါပါတယ်။
4.အရောင်ကျွတ်လွယ်တဲ့အဝတ်အစား
ဒါကတော့ အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ်။ အရောင်ကျွတ်လွယ်တဲ့အဝတ်အစားဆိုတာ ရေထိတာနဲ့ တစ်ကိုယ်လုံးကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့အဝတ်အစားမျိုးပါ။ တချို့အဝတ်အစားတွေဟာ စဝယ်တုန်းကတော့ ဆေးကျွတ်လွယ်မလွယ်ဘယ်လိုမသိနိုင်ပါဘူး။ ဝယ်ပြီး တစ်ရေနှစ်ရေလျှော်ပီးတဲ့အခါမှာ ဆေးကျွတ်လွယ်တဲ့အဝတ်အစားဟုတ်မဟုတ် သိနိုင်ပါတယ်။ ဒီလိုဆေးကျွတ်လွယ်တဲ့ အဝတ်အစားမျိုးပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မိုးရာသီရောက်ပီဆိုတာနဲ့ ချောင်တစ်ချောင်မှာသာထိုးထားလိုက်ပါ။ လုံးဝကို ဝတ်သင့်တဲ့အဝတ်အစားထဲမှာမပါပါဘူး။
5.ဒေါက်ဖိနပ်၊sneaker
ဒေါက်ဖိနပ်ကို မိုးရာသီမှာစီးမယ်ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပြောရမှာပါပဲ။ ကြက်ပေါင်ဖိနပ်စီးရင်တောင် ချော်မလဲအောင်မနဲထိန်းနေရတဲ့ မိုးရာသီလို ရာသီဥတုမှာ ဒေါက်ဖိနပ်စီးရဲတယ်ဆိုရင်တော့ သူရဲကောင်းဘွဲ့ပါချီးမြှင့်ရမယ်လို့ထင်ပါတယ်။ Sneaker တွေကတော့ ရေစိုရင် တော်ရုံခြောက်သွေ့ဖို့ခက်တာမို့ လှောင်ပြီး အနံ့ဆိုးထွက်မှာစိုးလို့ မစီးသင့်တဲ့အထဲထည့်ထားတာပါ။ တကယ်တမ်းအကောင်းဆုံးကတော့ ခြောက်သွေ့လွယ်၊ ရေဝင်ရေထွက် လေဝင်လေထွက်ကောင်းတဲ့ မိုးတွင်းစီးဖိနပ် ၊ခြေညှပ်နဲ့ Slider တွေကအကောင်းဆုံးပါပဲ။ Sneakerမှ Sneaker မစီးရမနေနိုင်ဆိုရင်တော့ ရေစိုခံ Sneaker မျိုးတွေသာရှာဝယ်ပြီး စီးပါလို့ပဲ အကြံပြုချင်ပါတယ်။
Photo Credit to the Rightful Owners