အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ မျက်နှာများတဲ့ ယောက်ျားလေးတွေအကြောင်းအများကြီး ကြားဖူးကြမှာပါ။ ရှေ့မှာကျ ယုံအောင်ပြောတတ်ပြီး နောက်ကွယ်မှာ လုပ်ချင်ရာလုပ်တတ်ကြတဲ့ ယောက်ျားလေးတွေရဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာသွားကြတဲ့ မိန်းကလေးတွေအများကြီးပါဘဲ။ ဒီတော့ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ၊ သစ္စာမဲ့တဲ့ လုပ်ရပ်တွေကို လုပ်နေပြီဆို ဘယ်လိုတွေ လုပ်တတ်ကြသလည်းဆိုတာကို သတိပြုမိစေဖို့အတွက် အချက်အလက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
Phone password ၊ E-mail၊ Messenger အစရှိတာတွေကို လျို့ဝှက်ထားခြင်း
လူတော်တော်များများက ဒီလိုမျိုးတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပြီး အခြားသောသူတယောက်က စစ်ဆေးတာ၊ စာတွေဖွင့်ဖတ်တာ၊ အီးမေးလ်တွေဝင်ကြည့်တာမျိုးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် သူဟာ ရယ်ရယ်မောမောနဲ့ စာတွေပို့နေတာ၊ စကားတွေပြောနေတာ စတာတွေကို တွေ့ရှိလို့ ဘယ်သူနဲ့ ပြောနေတာလဲလို့ မေးမြန်းတာမျိုးကို ရှောင်လွှဲပြောဆိုနေပြီဆိုရင်တော့ သတိထားဖို့လိုပါတယ်။ အရင်တုန်းကတော့ ဖေ့စ်ဘွတ်ခ်အကောင့်တခုကို နှစ်ယောက်အတူတူသုံးတာမျိုး၊ ပတ်စ်ဝါ့ခ်ပေးထားတာမျိုးရှိပေမယ့် နောက်ပိုင်းမှာ ပါ့စ်ဝါ့ခ် ပြောင်းပစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ထဲကို ဝင်အကြည့်မခံတော့ဘူးဆိုရင် တခုခုကို ဖုံးကွယ်ထားတာမျိုးလို့ ယူဆလို့ရပါတယ်။
အရင်ကထက် သန့်သန့်ပြန့်ပြန့်နေချင်တာ (သို့) လိုတာထက်ပိုပြီး ဝတ်စားဆင်ယင်လာပြီဆိုရင်
အရင်ကတော့ သာမာန်သာ ဝတ်စားနေထိုင်ပေမယ့် နောက်ပိုင်းမှာတော့ အချိုးတွေပြောင်းလဲလာပြီး အဝတ်အစားဝတ်တဲ့အခါ၊ တယောက်ထဲအပြင်သွားတဲ့အခါမျိုးမှာ လိုအပ်တာထက်ပိုတဲ့ ဝတ်စားဆင်ယင်မှုမျိုးတွေ၊ အရမ်းကို စမတ်ကျချင်တဲ့ ပုံစံမျိုးတွေကို ပြုလုပ်နေပြီဆိုရင်တော့ ဒါဟာနောက်ကွယ်မှာ အကြောင်းတခုခုရှိနေပြီဘဲဖြစ်ပါတယ်။ အရင်တုန်းကတော့ စားသောက်နေထိုင်တာမျိုးကို နေချင်သလိုနေခဲ့ပြီးမှ ရုတ်တရက်ကြီး Gym သွားကစားပြီး ကိုယ်ခန္ဓာကို ကြည့်ကောင်းအောင်ပြုပြင်နေ
ပြီဆိုရင်လည်း နည်းနည်းတော့ သတိထားစောင့်ကြည့်ဖို့ လိုအပ်နေပြီဘဲဖြစ်ပါတယ်။
မနာလို၊ သဝန်တိုမှုတွေပြုလုပ်လာခြင်း၊ တစုံတယောက်နဲ့ စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်လာခြင်း
အရင်တုန်းကတော့ ဘာပြဿနာမျိုးမှ မရှိခဲ့ဘဲ ရုတ်တရက် ရင်းနီးကျွမ်းဝင်တဲ့ ယောက်ျားလေးတွေနဲ့ စွပ်စွဲပုတ်ခတ်တာ၊ ဝေဖန်ပြောဆိုတာ၊ ခင်မင်ရင်းနီးတဲ့ သူငယ်ချင်းဖြစ်မှန်းသိနေလျက်နဲ့ မဟုတ်တရားပြောဆိုတာမျိုးကို ပြုလုပ်လာပြီဆိုရင် ဒါဟာ သူ့စိတ်သူမလုံလို့ လူတဘက်သားကို တမင်သက်သက်အပြစ်ရှာနေတာမျိုးဘဲဖြစ်ပါတယ်။ ဘယ်သူနဲ့ ဘာကြောင့် ဖေ့စ်ဘွတ်ခ်မှာ friend ဖြစ်နေရတာမျိုးလည်းဆိုတဲ့ မေးခွန်းတွေကို သံသယကင်းအောင်ဖြေရှင်းပြနေပေမယ့် မယုံသင်္ကာတဲ့ မျက်လုံးမျိုးတွေနဲ့ကြည့်ပြီး ဘယ်လိုအချိန်မှာ ဘာတွေလုပ်နေလဲ၊ ဘယ်မှာရှိနေလဲဆိုတဲ့ စကားတွေနဲ့ ဆက်ပြီး အပြစ်တင်ဝေဖန်မှုတွေကို ဆက်တိုက်လုပ်လာပြီဆိုရင် သူ့ရဲ့ မကောင်းတဲ့လျို့ဝှက်ချက်ကို ဦးမတည်မိအောင် လမ်းကြောင်းလွှဲပစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။
ခံစားချက်တွေ သိသိသာသာအေးစက်လာခြင်း
အလုံးစုံသာယာပျော်ရွှင်နေတဲ့ ချစ်ခရီးလမ်းမျိုး၊ အိမ်ထောင်ရေးမျိုးဆိုတာ ပုံပြင်တွေထဲမှာဘဲရှိနိုင်ပါတယ်။ လူတယောက်နဲ့ တယောက် ဘဝတွေ၊ ခံစားချက်တွေ၊ ကြောက်ရွံ့မှုတွေ အစရှိတာတွေကို ကောင်းတူဆိုးဘက်ဝေမျှနေထိုင်နိုင်မှသာ သံယောဇဉ်ကြိုးတွေခိုင်မာပြီး တွဲလက်တွေခိုင်မြဲနိုင်မှာပါ။ ဘယ်လောက်ဘဲ အရမ်းချစ်ကြတယ်ဆိုကြပါစေ စကားများရန်ဖြစ်၊ ဒေါသထွက်ရတဲ့ ကိစ္စရပ်တွေရှိလာကြမှာပါ။ တယောက်ကမကြိုက်တဲ့ အပြုအမူတွေကို တယောက်က အမှတ်တမဲ့လုပ်မိလို့ ရန်ဖြစ်ရတာမျိုးတွေလည်းရှိကြမှာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ခံစားချက်တွေကို ဂရုမစိုက်တော့ဘဲ အေးတိအေးစက်ပုံစံဖြစ်လာတာမျိုး၊ အတူတူရှိနေတဲ့အချိန်တွေကို ပျင်းရိနေတာမျိုး၊ အနာဂတ်ဘဝလမ်းခရီးအတွက် တိုင်ပင်တာမျိုး၊ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေကို အကြံဉာဏ်တောင်းခံတာမျိုးကို အရေးတယူမလုပ်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်နေတာမျိုးဆိုရင်တော့ ပုံမှန်မဟုတ်တော့တဲ့ အနေအထားတွေလို့ ဆိုရမှာပါ။ ဒီလိုမျိုးတွေကို ကြုံတွေ့လာရပြီဆိုရင်တော့ နှစ်ဦးသားဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့လိုလာပြီဘဲဖြစ်ပါတယ်။
ဘယ်လောက်ဘဲ ပိပိရိရိဖုံးကွယ်ထားပါစေ တချိန်ချိန်မှာတော့ အမှန်တရားက ပေါ်ထွက်လာစမြဲပါ။ ဘယ်လိုလူတွေကမှ အစဉ်အမြဲလိမ်ညာဖုံးကွယ်ပြီးမနေနိုင်ကြပါဘူး။ ဒါပေမယ့် သူစိမ်းလူတွေက အသိပေးပြောဆိုမှ သိရတာမျိုးဆိုရင်တော့ ကိုယ့်ဘက်က ညံ့ဖျင်းရာကြပါတယ်။ ဒါကြောင့်မို့ အခုဖော်ပြထားတဲ့ အချက်အလက်တွေကို သုံးသပ်ပြီး အမှန်တရားကို သိမြင်နိုင်ကြစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
#Lifestyle_Myanmar
#Dmo_aung
#Ref- beliefnet