
(၁)
ရန်ကုန်မိုးကို ဒီတစ်ခါ ပက်ပင်းကြုံဖူးလေပြီ။မိုးသည်းလေထန် တဗြုန်းဗြုန်းနဲ့ ကားခေါင်မိုးပေါ်မိုးစက်ထိသံက ရွာကဆန်ကြိတ်စက်ကြီး လည်နေသလားတောင်အောက်မေ့ရသည်။
အဖော်ကောင်း၍ သူငယ်ချင်းနှင့်အတူ ရန်ကုန်ကားအရောင်းစင်တာ(Car showroom)သို့ အလည်တစ်ခေါက် လိုက်လာခဲ့မိခြင်းဖြစ်သည်။
အလာတုန်းက ခရီးသည်တင် အိပ်စ်ပရက်ကားကြီးပေါ် နှစ်ဦးသား ဇိမ်ဖြင့် အိပ်လိုက်ခဲ့ကြပြီး၊ အပြန်မှာတော့
ကားအရောင်းစင်တာက အိမ်စီးကားငယ်တစ်စီးကို တစ်ယောက်တစ်လှဲ့မောင်းယူ လာခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန် မင်္ဂလာဒုံကို ဖြတ်ကျော်စကတည်း ရွာလိုက်တဲ့မိုးက အမြန်လမ်း ၃၉မိုင် ဘုရားကြီးလမ်းခွဲ
ရောက်သည်အထိ သည်းတုန်းမည်းတုန်း တအုံးအုံးရွာနေတုန်းဖြစ်၏။ရေဝပ်သော နေရာများကို
ဖြတ်လျင် ကားက ဘရိတ်ဆွဲလိုက်သကဲ့သို့ ဝပ်ဆင်းသွားတတ်သည်။ ဂျပန်ကျ ကားအသစ်
ဆိုတော့ ရေယက်(ဝိုက်ဘာ)တွေက ကောင်းပါသည်။သို့သော်ပက်မိုးကို အလျင်မီအောင် မယက်
ပေးနိုင်၍ တစ်ခါတရံ မြင်ကွင်းမှာမှုန်ဝါးဝါး ဖြစ်နေတတ်သည်။
၃၉မိုင် ယာဉ်ရပ်နား စခန်းမှာမိုးခိုရင်း ဗိုက်ဖြည့်ကြရန် ဝင်လာခဲ့ကြသည်။နာရီကို ကြည့်တော့
ညနေ ၆နာရီထိုးလုပြီ ဖြစ်သည်။ရန်ကုန်မြို့ထဲမှာ ကားကြပ်သည်ကတစ်ကြောင်း၊မြို့ထွက်တော့
မိုးသည်းနှင့်ကြုံနေရသည်က တစ်ကြောင်းဆိုတော့ သူတို့ ကားမောင်းလာတာ ၂နာရီရှိသွားပြီ
ဖြစ်သည်။သူတို့ မန္တလေးအထိခရီးဆက်ရဦးမည် ဖြစ်သည်။
ကားပါကင်တွင် ကားကိုထိုး၍ထီးတစ်ချောင်းကို သူတို့၂ဦးအတူဆောင်းကာ ဆိုင်ထဲသို့
ပြေးဝင်ခဲ့ကြသည်။သူလိုကိုယ်လိုမိုးခိုရင်း မုန့်စားနေကြသူများလည်းဆိုင်ထဲမှာ ရှိနေကြသည်။
" ဇေယျ ..မင်း စားစရာတစ်ခုခုမှာထားနှင့်ကွာ၊ ငါ ဝိတ်သွားလျော့လိုက်ဦးမယ်"
ဆန်နီက သူ့ကိုယ်လုံးကြီးကိုလှုပ်ခါလှုပ်ခါဖြင့် ဆိုင်အနောက်ထဲသို့ မပြေးရုံတမယ် ထွက်သွား၏။
ဆန်နီ၏ကိုယ်က ပေါင်၂၀၀ကျော်ခန့် ရှိလိမ့်မည်။အတော် ဝ၏။
စားပွဲထိုးလေးကို ထမင်းကြော်၂ပွဲ မှာလိုက်သည်။သွားရမည့်ခရီးက ဝေးလံ၍ဗိုက်ကိုအစာ
ဖြည့်ထားမှ ဖြစ်မည်။မှာထားသည့်ထမင်းကြော်မရောက်မီ ဘေးဘီမှ စားပွဲများကို လေ့လာကြည့်
လိုက်မိသည်။
မျက်နှာချင်းဆိုင်စားပွဲတွင် အသက်၃၀ကျော်ခန့် အမျိုးသမီးတစ်ဦးနှင့်၅နှစ်အရွယ် သမီးငယ်လေးတို့
ထိုင်နေကြသည်။
ကလေးမလေးက မုန့်စားရင်းဇေယျကို လှမ်း၍ ပြုံးပြသည်။ဇေယျ လည်း ပြန်၍ ပြုံးပြလိုက်၏။
အမျိုးသမီးကတော့ သူတို့ကို မြင်ပုံမရ။ဖုန်း၂လုံးဖြင့် အလုပ်ရှုပ်နေသည်။ဖုန်းတစ်လုံးဖြင့် နံပါတ်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေခြင်းဖြစ်သည်။တစ်ဖက်ကဖုန်းသည်ဝင်သွားသော်လည်း ပြန်လည်ဆက်သွယ်ခြင်း မပြုဟန်တူ၏။
ထိုခပ်ချောချော အမျိုးသမီးထံမှစိတ်ရှုပ်ဟန် စိတ်ညစ်ဟန်ဖြင့်တောက်ခေါက်သံပင် ထွက်ပေါ်
လာသည်။
ကလေးမလေးက မုန့်စားရင်းသူမ၏အမေဖြစ်ဟန်တူသူကိုမော့ကြည့်သည်။အမျိုးသမီးကဖုန်းကို စားပွဲပေါ် ပစ်ချရင်း...
"မီးငယ် စားနေတာကြာပြီ၊အခုထိ မကုန်သေးဘူး၊မြန်မြန်စားစမ်း "
အမျိုးသမီးက သမီးငယ်ကိုစိတ်မရှည်သလို ခပ်မာမာပြောရင်း စားပွဲပေါ်က ကော်ဖီခွက်ကို
မော့သောက်လိုက်သည်။သူမအတော် အမြန်လိုနေသည်လားမသိပါ။ ဆိုင်အပြင်ဘက်ကို လှမ်း
၍ ကြည့်ရင်း ..
"ဟူး မိုးကလည်း တိတ်ပါ့ဦးမလား"ဟု ငြီးတွားပြန်သည်။
မိုးက နောက်တကျော့ ပြန်၍သည်းလာပြန်သည်။တခါတရံလေပါ ပါလာကြောင့် ဆိုင်အဝင်ဝကို မိုးရေ ဗြန်းကနဲ ပက်၏။
ဆန်နီ ပြန်ရောက်တော့ မှာထားသော ထမင်းကြော် ရောက်ပြီ။ထမင်းကြော် ပူပူနွေးနွေးလေးကို စားရန် လက်လှမ်းပြီးမှ ဆန်နီက စားပြဲထိုးအား ခပ်တိုးတိုးမေးလိုက်၏။
"ညီလေး မြန်မာဘီယာ ရလားရရင် တစ်လုံးလောက်ကွာ "
စားပွဲထိုးလေးက ခေါင်းငြိမ့်၍ထွက်သွားသည်။ဇေယျက ဆန်နီကို မျက်စောင်းထိုးကြည့်တော့..
"ဟီး ..ကားထဲက ဆီအပြည့်၊လူပဲ ဖြည့်ဖို့ကျန်နေတာကွ ၊မင်းရော သောက်ဦးမလား ဇေယျ"
ဇေယျ ခေါင်းခါပြရင်း ထမင်းကြော်သာ ကုန်းလွေးနေမိသည်။ဇေယျ က ခရီးထွက်ရင် အိပ်ခါနီး
မှသာ ရံဖန်ရံခါ သောက်တတ်၏။ကားမောင်းနေသော ကြားကာလမှာ လုံးဝ မသောက်ပေ။
လေတော့ ငြိမ်သွားလေပြီ။
သို့သော် မိုးက ရွာနေဆဲပင်။ဇေယျထမင်းကြော်ကုန်ခါနီးမှာ မျက်နှာချင်းဆိုင်က အမျိုးသမီးချောက
ပိုက်ဆံရှင်း၍ သူ့သမီးငယ်ကိုလက်ဆွဲခေါ်ကာ ထွက်လာသည်။
သမီးငယ်က သူတို့စားပွဲနားကဖြတ်တော့ ဒုတိယမ္မိ ပြုံးပြပြန်သည်။ချစ်စရာကောင်းသော သမီး
ငယ်လေးကို သူ ပြန်၍ ပြုံးပြ၏။အထက်အောက်တွဲလျက် ပန်းနုရောင် ဂါဝန်လေးနှင့် အတော်
ကို ချစ်စရာကောင်းသည်။
သူမတို့ ဆိုင်အပြင်မရောက်မီစားပွဲထိုးလေးက အပြေးလိုက်သွားပြီး မေ့ကျန်ရစ်သော ထီး
ကို ပေးသည်။ဘာများ အရေးကြီးနေလို့ ထီးပင် မေ့သွားသည်မသိ။
ကားကို ကျင်လည်စွာ မောင်းထွက်သွားသည်အထိ ဇေယျ ငေးကြည့်နေမိသည်။အနီရောင် ToyotaPasso ကားလေးသည် အဝေးပြေးလမ်းမပေါ်သို့ မိုးရေတွေကြားထဲလှစ်ကနဲ ပျောက်သွားသည်။
ဇေယျ စားပွဲဘက် ပြန်လှည့်ကြည့်တော့ ဆန်နီက မြန်မာဘီယာ နောက်တစ်လုံးပင် အဖုံးဖွင့်၍ သောက်နေလေပြီ။ဇေယျကမနေနိုင်၍...
"ဆန်နီ ဒီတစ်လုံးပြီးရင်တော်တော့ကွာ၊ ငါတို့ ကားမောင်းရဦးမှာမဟုတ်လား ..."
“အေးပါ ဇေယျရယ်ငါ ဒါပြီးရင် ဘရိတ်ပါပြီ၊အပြင်မှာက မိုးသည်းတုန်းဟ၊
တို့လည်း ခရီးဆက်လို့ မရသေးပါဘူးကွာ၊ ဖြေးဖြေးပေါ့ .."
မိုးက ခုမှ ပိုသည်းလာသလိုပင်။ရန်ကုန်မိုးက ဤသို့ မစဲတမ်း ရွာတတ်သကိုးဟု ဇေယျ တွေးလိုက်
သည်။မဆီမဆိုင် ခုနက ထွက်သွားသော သားအမိ၂ယောက်ကိုစိတ်ပူသွားမိသည်။
....................
(၂)
ဇေယျ ကားမောင်းလာရင်းနာရီကို ကြည့်တော့ ည ၇ နာရီခွဲကျော်ပြီ။ဘေးခုံမှာ ဆန်နီက
တခူးခူးနဲ့ အိပ်ပျော်နေ၏။မိုးကတိတ်တော့ မတိတ်သေး။ခုနကလောက်တော့ မသည်းတော့ပါ။
ခပ်ဖွဲဖွဲနဲ့ မစဲပဲ ရွာနေတုန်းဖြစ်၏။
ဇေယျကိုသာ ငါ ဘရိတ်ပြီဟုပြောပြီး မြန်မာဘီယာ၄လုံးကုန်သည်အထိ သောက်
ခဲ့သည်ဖြစ်၏။ဘီယာနဲ့ထမင်းကြော်ကုန်တော့ မိုးစဲပြီဆိုခါဇေယျ ပိုက်ဆံအမြန်ရှင်း၍ ထွက်
လာခဲ့ရသည်။မဟုတ်လို့ကတော့ဆန်နီက ဘီယာထပ်မှာလိမ့်ဦးမည်။
ဒီကောင် ခန္ဓာကိုယ်ကြီးနှင့်လိုက်အောင် အတော်သောက်နိုင်သည်ဟုဆိုရမည်ဖြစ်သည်။
အမူးသမားက လူပါးဖြစ်၏။ကားပေါ်စတက်တော့ ဘယ်အချိန်ရောက်ရောက် ဖြေးဖြေးမောင်းငါ့သူငယ်ချင်း၊ ငါတရေးလောက်မှိန်းလိုက်ဦးမယ်ဟုပြောကာကျောမှီကို လှန်ချပြီး အိပ်လိုက်လာခြင်း ဖြစ်သည်။
" ဂျိမ်း ..ဒလိမ်း ..."
မိုးခြိမ်းသံနှင့်အတူ လျပ်စီးကြောင်းကြီးက အမြန်လမ်းမပေါ်သို့ လင်းကနဲ ထင်းကနဲ။ဇေယျကားကို အရှိန်လျော့ချလိုက်သည်။ဇေယျက ငယ်ငယ်ကလေးတည်းက မိုးခြိမ်းသံ ကြောက်တတ်၏။
အဖော်ဖြစ်သူ ဆန်နီက ဘေးမှာအိပ်ပျော်နေပြီဆိုတော့၊ ကြောက်လည်း သူပဲ မောင်းရတော့မည်။ ကြောက်သော အတွေးကြောင့်စိတ်ပြောင်းအောင် ပါးစပ်က ဘုရားစာ ရွတ်ရင်း မောင်းနေ၏။
" ဂျိမ်း ဒလိမ်း "
" ဣတိပိတော ဘဂဝါ အရဟံ
.... ..... ....... ...."
မိုးခြိမ်းသံကြားလိုက်တိုင်း၊လျပ်စီးလက်လိုက်တိုင်း ဇေယျ မျက်စိကို စုံမှိတ်ပစ်လိုက်သည်။
ကားကိုလည်း ယောင်မှားပြီး ဘရိတ်နင်းမိသည်။ကြာရင် ခက်ကုန်တော့မည်ဟု ဇေယျ တွေးမိသည်။
လမ်းဘေးချရပ်ပြီး ခဏမျှ နားရန် တွေးမိ၍ လမ်းဘေးကို ကြည့်လိုက်သည်။မိုးရေကြောင့် ရွံ့နွံ
ဖြစ်နေသည်ကို တွေ့ရ၏။ရပ်လို့မဖြစ်ပေ။ကားဘီးက ရွံ့ထဲကျွံသွားရင် အခက်။
လမ်း၏ညာဘက်ဘေးကနေဖြေးဖြေးချင်းသာ မောင်းလာခဲ့လိုက်သည်။မိုးက စဲသွားပြီ။သို့ပေမယ့် လျပ်စီးကြောင်းများကဝင်းကနဲ လက်ကာ မိုးခြိမ်းသံတဂျိမ်းဂျိမ်းကြောင့် ဇေယျ ကားမောင်းရတာ ခက်နေသည်။
မောင်းလာရင်း မြေမာသည့်လမ်းဘေးတစ်နေရာ တွေ့တော့ကားကို ထိုနေရာသို့ စမ်းမောင်းရင်း ရပ်လိုက်သည်။ကားသာရပ်သွား၏။ဆန်နီက မနိုးပေ။အိပ်၍ ကောင်းနေဆဲ ဖြစ်သည်။
ဆိုင်းလင်းမီးသာဖွင့်ထားပြီး၊ရှေ့မီးကြီး ပိတ်လိုက်သည်။စက်တော့ နှိုးထားဆဲ ဖြစ်၏။ စိတ်ချလက်ချ တရေးလောက် အိပ်ပြီးမှမောင်းတော့မည်ဟု ဆုံးဖြတ်ခါနောက်ကျောမှီကို လှန်ချလိုက်ပြီးမျက်စိကို မှိတ်ထားလိုက်သည်။
၁၀ မိနစ်သာသာတွင် မှေးကနဲ အိပ်ပျော်သွားသည်။အိပ်ပျော်နေစဉ် သူတို့ကားကလှုပ်ကနဲ
ယိမ်းထိုးသွား၍ ..
ဇေယျ မျက်လုံးဖွင့်ကြည်သည်။ဖက်တီး ဆန်နီ ဘယ်ဖက်မှ ညာဘက်သို့ လှည့်စောင်းအိပ်၍
ကား လှုပ်သွားခြင်း ဖြစ်နေ၏။
ဇေယျ ပြန်၍ အိပ်ရန် မျက်စိကိုမှိတ်မည်အပြုတွင် ကားရှေ့မှရိပ်ကနဲ ဖြတ်ပြေးတာ မြင်လိုက်
ရပြန်သည်။ အိပ်စုံမှုန်ဝါးနဲ့ သူအမြင်အာရုံ လွဲမှားတာဖြစ်မည်ဟုတွေးလိုက်သည်။
သို့ပေမယ့် ..ဆန်နီဘက် အခြမ်းက တံခါးကို တဘုတ်ဘုတ်နဲ့ထုသံကို ရုတ်တရက်ကြီးကြားလိုက်ရပြန်သည်။
" ဘုတ် ဘုတ် ဘုတ် "
ဇေယျ ခေါင်းထောင်ထ မိ၏။ကားအတွင်းခန်းမီးကို ဖွင့်၍ အပြင်ကို ကြည့်တော့ အပြင်မှာ ဘာမျှ
မတွေ့ရချေ။သူ့အကြည့်က ကားတံခါးမှန်၏ အပြင်မြင်ကွင်းသာ။
အမြန်လမ်းသွားနေကျ ကားသမားများ ပြောသလို သရဲများခြောက်သလားဟု တွေးမိ၍
ကြက်သီးမွှေးညှင်းများ ထသွားလေ၏။ဘုရား ဘုရားဟုလည်းပါးစပ်က အသံထွက်သွားသည်။
" ဘုတ် ဘုတ် "
ဟော ထပ်ပုတ်ပြန်ပြီ။အားကိုးတကြီး ဆန်နီကို ကြည့်တော့သကောင့်သားက တုပ်တုပ်မျှ
မလှုပ်ပဲ တခေါခေါနဲ့ အိပ်ပျော်နေဆဲပင်။
" ဘယျသူလဲ "
ဇေယျ အရဲစွန့်၍ မေးလိုက်သည်။အပြင်က ဘာမှ အဖြေပြန်မပေး။ကားက ဗြုန်းစားကြီး စက်ရပ်သွား
သည်။ပြီးနောက် သူတို့ကားသည်သိသိသာသာ ဘယ်ညာယိမ်းထိုးလှုပ်ခတ်သွားသည်။
" ဆန် ...ဆန်....နီ "
ဇေယျ ကြောက်စိတ်ကြောင့်တုန်ရင်စွာဖြင့် အိပ်ပျော်နေသောဆန်နီအား ပုတ်နှိုးလိုက်သည်။
ထိုစဉ်...
"ဘုတ် ဘုတ် ...ဘုတ်"
"အောင်မယ်လေးဗျ ..."
ဒီတစ်ခါ သူ့ဘက်အခြမ်းကကားတံခါးကို လာပုတ်ခြင်း ဖြစ်သည်။ဇေယျ ထိတ်လန့်စွာဖြင့်
အော်လိုက်ခြင်း ဖြစ်သည်။သူ့အော်သံကြောင့် ဆန်နီ လန့်နိုးလာပြီး ...
" ဇေယျ ဘာဖြစ်တာလဲ "
"သ..သ..သရဲခြောက် "
ဇေယျက သူ၏နောက်ကျောပေးထားသော ကားတံခါး ကိုလက်မဖြင့် ထိုးပြရင်း ကတုန်ကရင် ဆိုလိုက်သည်။
ဆန်နီက ဇေယျ ထိုးပြသောကားတံခါးဘက်ကို သူ့အားကျော်၍ မှန်ထဲမှ ငုံ့ကြည့်လိုက်
သည်။ပြီးနောက် ..သူ့ဘက်ကကားတံခါးကို အမြန်ဖွင့်ကာ..
"ဟေ့ကောင် သရဲမဟုတ်ဘူး၊ကလေးလေးပါဟ .."
ဇေယျ သည် ထိုအခါမှ သတိပြန်ဝင်လာသလို ဖြစ်ကာ အပြင်သို့ ငုံ့ကြည့်လိုက်မိသည်။
" ဟင် ..ဟိုကလေးမလေး "
ကားအပြင်ဘက်မှာ မျက်ရည်များ တွေတွေကျနေသော ကလေးမလေးတစ်ယောက် ကားတံခါးကို
ပုတ်နေခြင်း ဖြစ်သည်။ကလေးမလေးက သူတို့အား အကူအညီတောင်းနေပုံရသည်။ဟိုကလေး
မလေးဆိုတာက ဇေယျအား ပြုံးပြနုတ်ဆက်သွားသော ၃၉မိုင်ယာဉ်ရပ်နားစခန်းက စားသောက်
ဆိုင်မှာ ဆုံခဲ့သည့် သမီးငယ်လေးဟု မှတ်မိကာ ဆိုခြင်းဖြစ်ပါသည်။
ဇေယျ ကားတံခါးကို ဖွင့်၍အပြင်သို့ထွက်ကာ မေးလိုက်၏။
" မီးမီး တစ်ယောက်တည်းလားမီးမီးရဲ့ မေမေကရော .."
ဇေယျမေးလိုက်တော့ ကလေးမလေးက မျက်နှာလေးငြိုးငယ်သွားပြီးမြောက်ဘက်တည့်တည့်ကို
လက်ညှိုးထိုးပြသည်။ဇေယျ၏လက်တစ်ဖက်ကို ဇွတ်အတင်းဆွဲခေါ်နေပြန်သည်။
အေးစက်စက် အထိအတွေ့ကြောင့် ဇေယျ ကလေးမလေးကိုအသေအချာ ကြည့်လိုက်ရာ..
သူမတစ်ကိုယ်လုံး မိုးရေများစိုရွှဲနေသည်ကို သတိထားမိသွား၏။
ဆန်နီက အခြေအနေကို သုံးသပ်လိုက်ပြီး ..
" ဇေယျ ..သူ တစ်ခုခု ပြချင်လို့ငါတို့ကို ခေါ်နေတာထင်တယ်၊ဟုတ်လား မီးမီး "
ကလေးမလေးက ခေါင်းငြိမ့်ပြရင်း ဇေယျလက်ကိုသာ အတင်းဆွဲခေါ်နေသည်။ ဆန်နီက ကား
ထဲက လက်နှိပ်ဓါတ်မီးကို ယူ၍ဇေယျနှင့်ကလေးမလေး၏ နောက်သို့ လိုက်လာခဲ့သည်။
သူတို့ကားနှင့် ခပ်လှမ်းလှမ်းတစ်နေရာတွင် ကလေးမလေးရပ်သွားပြီး လမ်းဘေးရေမြောင်း
ကြီးထဲသို့ လက်ညှိုးထိုးပြသည်။
သူတို့ မြင်တွေ့လိုက်ရတာကကားအနီလေးတစ်စီး ၁၂ပေခန့်နက်သော မြောင်းကျယ်ကြီးထဲ
တိမ်းမှောက်နေခြင်းပင် ဖြစ်သည်။
" ဟာ! ကား မှောက် တာ ကွ ၊ဆန်နီ ငါ့ကိုလက်နှိပ်ဓါတ်မီးပေးငါ အောက်ဆင်းကြည့်မယ်၊
မင်းက နီးစပ်ရာ အမြန်လမ်းရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီးအကူအညီတောင်း .."
ကားနီလေးက လိပ်ကိုပက်လက်လှန်ထားသလို မှောက်နေခြင်းဖြစ်ပါသည်။ ဇေယျ ပြေသည့်
ဘက်မှ အောက်သို့ ဆင်းသွား၏။အောက်ရောက်တော့ ကားထဲမှ လက်တစ်ဖက် အပြင်သို့
ထွက်နေသည်ကို အရင်တွေ့ရသည်။ သူ ထိုလက်ပိုင်ရှင်ကိုအပြင်သို့ ထွက်နိုင်ရန် ကားတံခါးကို အတင်းဆွဲဖွင့်သည်။မရပေ။မှောက်သည့် အရှိန်ဖြင့်ကားတံခါးက ညပ်နေ၏။
" ဆန်နီ ဆန်နီရေအောက်ဆင်းပြီး ငါ့ကိုလာကူပါအုံး "
ဇေယျ အော်ခေါ်သံကြောင့်ဆန်နီ မြောင်းအောက်ကို ဆင်းလာပြီး သူငယ်ချင်း၂ယောက်
ကားတံခါးကို အတင်းဆွဲဖွင့်ကြသည်။ကံကောင်းထောက်မစွာကားတံခါးသည် ပွင့်သွား၏။
ဆန်နီက ဒီလိုနေရာမှာ အသုံးကျသား။
တံခါးပွင့်သွားတော့ ကားမောင်းသူ အမျိုးသမီးကို သွေးများ ရွှဲလျက်သူတို့ အပြင်ကို ထုတ်ပေးကြ၏။
ဇေယျက အမျိုးသမီးကို ကျောပေါ်ပိုးလျက် မြောင်းပေါ်သို့ ခက်ခက်ခဲခဲ တက်ခဲ့ရသည်။
အပေါ်ရောက်တော့ မြေပေါ်သို့အလျားလိုက် အသာချပေးပြီး..
"အမ အမ သတိရလား .."
ဆန်နီက အမျိုးသမီး၏ခေါင်းကိုလက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်၍
" ဟေ့ကောင် ..ခေါင်းမှာ ဒဏ်ရာကြီးနဲ့ကွ သွေးတွေ ထွက်နေတာ တအားပဲ"
ဇေယျ အပေါ်အဝတ်ကို ချွတ်၍အမျိုးသမီး၏ခေါင်းကို သွေးထွက်နည်းအောင် စည်းပေးလိုက်သည်။
သူတို့၂ယောက် အတော်ပင်မောဟိုက်သွားကြလေသည်။အမျိုးသမီးဘေးမှာ ခြေပစ်လက်ပစ် ထိုင်လိုက်ကြသည်။
မကြာပါ ၊ အရေးပေါ်ကားနှင့်အမြန်လမ်းရဲတပ်ဖွဲ့ဝင်များကား၊နှစ်စီးရောက်လာသည်။
ဆေးအဖွဲ့က အမျိုးသမီးကိုစစ်ဆေး၍ ဒဏ်ရာကို ဆေးထည့်ပတ်တီးစည်းပေးကြသည်။
ရဲတပ်ဖွဲ့ဝင်များက ကားရှိရာမြောင်းထဲဆင်းသွားကြပြီး ကားထဲကို လက်နှိပ်ဓာတ်မီးဖြင့် အသေအချာ ရှာဖွေကြသည်။
" ဟာ .. ဒီဘက်မှာကလေးတစ်ယောက်ဟေ့ "
ဟင် ..ကလေးက ဘယ်ကကလေးပါလိမ့်ဟု ဇေယျ တွေးလိုက်သည်။သူ ၃၉မိုင် ယာဉ်ရပ်နားစခန်းမှာ တွေ့တုန်းကသားအမိ၂ယောက်တည်းပါဟုပြန်စဉ်းစားနေစဉ်....
" အသက်မရှိတော့ဘူးဗျ ၊သနားစရာ ၊ မိန်းကလေးဗျို့ .."
မြောင်းထဲက ရဲတပ်သားကအော်ပြောနေခြင်း ဖြစ်သည်။ထိုအခါမှ ဇေယျ သည် ကားတံခါး ပုတ်၍ လာခေါ်သော သမီးလေးကို သတိရသွားသည်။
ပတ်ဝန်းကျင်ကို ဇေယျ အမြန်ရှာဖွေကြည့်လိုက်သည်။သူတို့အား လာခေါ်သော ကလေးမ
လေးကို လုံးဝ ရှာမတွေ့တော့ချေ။
မြောင်းထဲက ရဲတပ်သားသည်သေဆုံးနေသော ကလေးအလောင်းကို ပွေ့ချီ တက်လာသည်။
ဇေယျနှင့်ဆန်နီ မတိုင်ပင်ပဲပြေးသွားကြည့်လိုက်သည်။
" ဟာ! မီးမီး "
အလောင်းသည် သူတို့၂ဦးကိုလာ၍ ခေါ်သော သမီးလေးဖြစ်နေပါသည်။ ဆန်နီနဲ့ဇေယျ
တို့သည် တစ်ဦးမျက်နှာ တစ်ဦးကြည့်ရင်း အံသြနေကြသည်။
သူတို့အနီးသို့ ရဲအရာရှိ ရောက်လာပြီး ကျေးဇူးတင်စကားဆို၏။"ခင်များတို့ နှစ်ယောက်ကြောင့်
ယာဉ်မောင်းအမျိုးသမီး အသက်ရှင်ခွင့်ရသွားပါပြီ။ သူ့အသက်ကိုခင်များတို့နှစ်ယောက် ကယ်လိုက်
တာပါပဲ။ခင်များတို့သာ မကယ်ခဲ့ရင်၊ ဖုန်းမဆက်ခဲ့ရင် အဲဒီအမျိုးသမီး သွေးထွက်လွန်ပြီး
သေချာပေါက် သေမှာဗျ ..."
ရဲအရာရှိ၏စကားကို သူတို့နှစ်ယောက် ကြားတစ်ချက်မကြားတစ်ချက်ဖြင့် နားထောင်နေရင်း ကားမှောက်ရာ မြောင်းဘောင်ကို မျက်စိရောက်သွားသည်။
မြောင်းဘောင်ပေါ်တွင်...သူတို့နှစ်ဦးအား ပြုံးပြနေသူတစ်ယောက် မတ်တတ်ရပ်နေပါသည်။သူမကတော့ ..
ဇေယျနှင့်ဆန်နီတို့အား အသံတိတ်ဖြင့်
"သမီးမေမေကို ကယ်ပေးတာကျေးဇူးတင်ပါတယ်"ဟု
ပြောနေမည်ဖြစ်သော မီးငယ်လေးသာဖြစ်ပါလေ၏။
ပီပီ(မန္တလေး)
May 14,2020
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။