ရည်းစားဟောင်းကို မေ့လို့မရသေးတဲ့သူများထံသို့ ပေးစာ
lifestylemyanmar.com
|
2020-07-02



အတိတ်ဆိုတာ အနာဂတ်တစ်ခုအတွက် အစလို့ပဲဆိုရမှာပါ။ ဒါပေမယ့် လွမ်းမောဖွယ်အတိတ်ထဲမှာ ပိတ်မိနေတာကလည်း အနာဂတ်ကို ဘာကောင်းကျိုးမှမပေးနိုင်ပါဘူး။ တစ်ချိန်က အမှတ်တရတွေ၊ ချစ်ခြင်းမေတ္တာတရားတွေက ကိုယ့်ဘေးနားမရှိတော့ပေမယ့် အချိန်တွေများတစ်ပတ်ပြန်လည်လာမလား၊ တစ်ချိန်ကကိုယ်ချစ်ခဲ့ဖူးသူတစ်ယောက်က ကိုယ့်ဆီပြန်ရောက်လာမလားဆိုပြီး ရင်မောနေတာက ကိုယ့်ရဲ့ဘဝအတွက် ဘာမှကောင်းကျိုးမရှိတာကြောင့် ရည်းစားဟောင်းကို အမြန်ဆုံးမဟုတ်တောင် အနှေးနဲ့အမြန် မေ့ပစ်နိုင်ဖို့ ဘာတွေလုပ်ရမလဲ ဖော်ပြပေးလိုက်ရပါတယ်။




၁။ အဆက်အသွယ်တွေဖြတ်ပစ်ပါ။


အမြဲတမ်းမဟုတ်ရင်တောင် ခဏလောက်တော့ ရည်းစားဟောင်းနဲ့ အဆက်အသွယ်ဖြတ်ထားသင့်ပါတယ်။ သူငယ်ချင်းအဖြစ်နဲ့ ဆက်နေဖို့ဆိုတာကတော့ လုံးဝကိုမစဉ်းစားသင့်တဲ့ကိစ္စပါ။ ရည်းစားဟောင်းနဲ့ ချစ်ဇာတ်လမ်းတွေ ပြန်ရေးဖွဲ့ဖို့ကိုလည်း လုံးဝစိတ်ကူးမယဉ်သင့်ဘဲ သူငယ်ချင်းဆက်ဆံရေးတွေ ရှိနေဦးမယ်ဆိုရင်တော့ ဘယ်တော့များ ချစ်သူဘဝကို ပြန်ရောက်လာမလဲလို့ စိတ်ကူးယဉ်နေမိမှာ အသေအချာပါပဲ။ အဲ့ဒါကြောင့် ချစ်သူဆက်ဆံရေး လုံးဝပြိုကွဲသွားပြီဆိုတာနဲ့ အမြဲတမ်းမဟုတ်တောင် အချိန်အတိုင်းအတာတစ်ခုအထိ Facebook မှာ Block ထားတာ၊ ဖုန်းနံပါတ်ကို Blacklist ထဲထည့်ထားတာမျိုးတွေ လုပ်ထားသင့်တယ်လို့ အကြံပေးပါရစ




၂။ အမှတ်တရအားလုံးကို လွှတ်ချလိုက်ပါ။



အမှတ်တရတွေနဲ့ ဆက်စပ်ပြီး သတိရသွားတိုင်း လူတော်တော်များများက သူတို့ရဲ့ ပြတ်စဲပြီးတဲ့ relationship တစ်ခုကို ပြန်လိုချင်ကြပါတယ်။ သူနဲ့အတူသွားခဲ့ဖူးတဲ့နေရာတွေကို ပြန်ရောက်ရင်၊ သူနဲ့အတူစားခဲ့ဖူးတဲ့အစားအသောက်တွေကို စားနေရရင် တစ်ချိန်ကပြုံးပျော်ခဲ့ဖူးတဲ့ အမှတ်တရဟောင်းတွေက ကိုယ့်ရဲ့နှလုံးသားနဲ့ ဦးနှောက်ထဲမှာ ထင်ထင်ရှားရှားကြီး ပြန်ပေါ်လာတာမျိုးကို ရည်းစားနဲ့ပြတ်ဖူးတဲ့သူတိုင်း ကြုံခဲ့ကြမှာပါ။

ပြတ်စဲခဲ့ပြီးဖြစ်တဲ့ relationship ကိုပြန်လိုချင်တာက သာယာကြည်နူးဖို့ကောင်းတဲ့ အမှတ်တရတွေကြောင့်သာဖြစ်ပြီး တကယ်တမ်းလက်တွေ့ကျကျ စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်အတွက် စိတ်ပင်ပန်းမှုဝေဒနာတွေနဲ့ နာကျင်မှုတွေသာပေးခဲ့တဲ့ ရည်းစားဟောင်းကို ဘယ်သူမှပြန်မလိုအပ်တော့ပါဘူး။ အဲ့ဒါကြောင့်လည်း ရည်းစားဟောင်းပေးခဲ့တဲ့လက်ဆောင်တွေ၊ အရုပ်တွေကိုရှင်းပစ်ပြီး အပေါ်မှာပြောခဲ့တဲ့ ရင်ထဲအသည်းထဲကအမှတ်တရတွေကိုပါ အချိန်ယူပြီး အမြန်ဆုံးမေ့ပစ်သင့်ပါတယ်။




၃။ အတိတ်ကိုပြန်စဉ်းစားလိုက်တိုင်း ငြိမ်းချမ်းမှုရှိနေပါစေ။



ကိုယ့်ရဲ့အဆက်ဟောင်းက ကိုယ့်ကိုသစ္စာဖောက်ခဲ့တာမျိုး၊ တွဲခဲ့တဲ့ကာလပတ်လုံး စိတ်ဆင်းရဲအောင်လုပ်ခဲ့တာမျိုးအပါအဝင် နာကျင်စရာတွေအားလုံးကို မေ့ပစ်ဖို့ကြိုးစားလိုက်ပါ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့ပါလားဆိုပြီး ပြန်စဉ်းစားလိုက်တိုင်း ခန္ဓာကိုယ်ထဲကသွေးတွေပြောင်းပြန်စီးဆင်းလာသလို ခံစားရတာ၊ လှုပ်ရှားသွားလာနေသမျှအရာအားလုံး ရပ်တန့်သွားတာမျိုးတွေက ကိုယ့်ရဲ့ လတ်တလောနေထိုင်မှုဘဝအတွက်အပြင် အနာဂတ်အတွက်ပါ ဘာကောင်းကျိုးမှမပေးနိုင်ပါဘူး။ အဲ့ဒါကြောင့် ကိုယ်ကပဲအရာအားလုံးကိုခွင့်လွှတ်နိုင်အောင် ကြိုးစားပြီး ပူလောင်စရာအဖြစ်အပျက်တွေအားလုံးကိုမေ့ပစ်လိုက်တာက ကိုယ့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။




၄။ ချစ်ခြင်းတရားမှာအပြစ်မရှိဘူးဆိုတာကို သတိရပေးပါ။



တွဲခဲ့ဖူးတဲ့ရည်းစားဟောင်းကြောင့် အချစ်ကိုနာကြည်းနေမယ်ဆိုရင် ကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့လူတွေနဲ့ ဆုံတွေ့ရမယ့်အခွင့်အရေးကို လက်လွှတ်လိုက်ရပါလိမ့်မယ်။ အချစ်ဆိုတာဟာ ကမ္ဘာကြီးက ဖန်ဆင်းပေးထားတဲ့ ဖြူစင်တဲ့လက်ဆောင်မွန်တစ်ခုဖြစ်တာကြောင့် ချစ်ခြင်းတရားနဲ့မထိုက်တန်တဲ့လူဆိုတာမရှိပါဘူး။ တစ်ချိန်ကကိုယ့်ရဲ့ ရည်းစားဟောင်းကလည်း ချစ်ခြင်းမေတ္တာတရားတွေနဲ့ ထိုက်တန်ခဲ့လို့သာ ကိုယ်နဲ့ရေစက်ဆုံခဲ့တယ်ဆိုပြီးစဉ်းစားလိုက်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာတောက်လောင်နေတဲ့မီးတွေအားလုံး ငြိမ်းအေးသွားမှာ အသေအချာပါပဲ။




၅။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပေးပါ။



ရည်းစားကခွင့်မပြုလို့ မသွားခဲ့ရတဲ့နေရာတွေကို ပြန်သွားပြီး စားခွင့်မရခဲ့တဲ့အစားအသောက်တွေကို အားရပါးရစားခွင့်ရတော့မယ်လို့စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ်ထက် သူတစ်ပါးကို ပိုမိုဦးစားပေးခဲ့ရတဲ့အချိန်တွေ ကုန်လွန်ခဲ့ပြီလို့တွေးရင်း မတွေ့ရတာကြာပီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့လည်း တဝကြီးအချိန်ဖြုန်းခွင့်ရမယ့်ကာလဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးအချက်အနေနဲ့ကတော့ ရည်းစားဟောင်းကိုမေ့ပစ်ဖို့ဆိုတဲ့ ပစ်မှတ်ထဲမှာချည်းပဲ မျောလွင့်နေလို့မရဘဲ ကိုယ့်ရဲ့အနာဂတ်တိုးတက်ဖို့၊ ရေရှည်တက်လမ်းရှိဖို့အတွက် အနာဂတ်မှာရောက်လာမယ့် အခွင့်အရေးတွေနဲ့ပညာရေးတွေကိုလည်း အမိအရဆုပ်ကိုင်ထားနိုင်ဖို့ လိုအပ်ပါတယ်။



#HM
#LifeStyleMyanmar
Source: Psychology Today




Some text some message..