ကျွန်မ၏စူးစမ်းလိုစိတ်ကို ယခုညပင်အစပြု တော့မည်။သူမကိုကျွန်မ သတိထားမိသည်မှာလည်းကြာခဲ့လေပြီ။ သို့သော် နီးနီးကပ်ကပ် ခင်မင်ရင်းနှီးမှုလည်းမရှိသည်ဖြစ်၍ သိချင်စိတ်ကို မြိုသိပ်ကာ
ထားရသည်မှာ မလွယ်ကူချေ။
သူမ၏ ဖျော့တော့တော့အသားရောင်တွင် တခါတရံ၌ စူးရှသောအကြည့်နှင့် တွဲဖက်ကာတွေ့ရတတ်သဖြင့် လူအများက သူမအားစိတ်ဝေဒနာခံစားနေရသည်ဟု သမုတ်ကြသည်။
ထင်ရင်လည်း ထင်ချင်စရာကောင်းလောက်အောင်ပင် သူမပုံစံကသာမာန်လူကဲ့သို့ မဟုတ်ခဲ့ပေ။ တခါတရံ တစ်ယောက်တည်းစကားပြောနေကာ ... ပြုံးလိုက် မဲ့လိုက် တစ်ယောက်တည်းအလုပ်ရှုပ်နေတတ်သေးသည်။
သူမအား ပါတ်ဝန်းကျင်မှပေးထားသောနာမည်ကား... ဂေါက်စိန်။ထိုအမည်ကို သူမအားရည်ညွှန်းခေါ်မှန်းလည်းသူမ သိသည်။ သို့သော် သူမက ဂရုမစိုက်။ သူမ၏အမည်ရင်း ဖူးပွင့်ဝေဆိုသည်ကိုပင်
ပျောက်ကွယ်လုနီးပါး...ဂေါက်စိန်...ဂေါက်စိန် နှင့်ခေါ်သည်ကို...အပြုံးမပျက်ခဲ့ပေ။
သူမ၏ ဘဝဇာတ်ကြောင်းကလည်း သနားစရာ။ ငယ်စဉ်ကတည်းက မိဘမရှိ...ဆွေမျိုးညာတိမရှိ...တစ်ကောင်ကြွက်တစ်မျက်နှာနေရသည်။ စက်ချုပ်ရင်းကိုယ့်ဘဝကိုယ်ကြောင်းသည်။ချု ပ်ပုံက သေသပ်လှပပြီး ဈေးနှုန်းလည်းသက်သာသောကြောင့် သူမထံ ပျို ပျို အိုအို မိန်းကလေးများကအထည်အပ်ကြရာချုပ်၍ပင် လက်မနိုင်ချေ။ စိတ်
သဘောကောင်းသောသူမကလည်း လာအပ်သမျှအထည်တိုင်း ကိုယ်တိုင်ဝတ်မည့်အလား ဂရုတစိုက်ဖြင့်စေတနာထားကာချုပ်ပေးရှာသည်။
သူမငယ်စဉ်က အခမဲ့အိမ်တွင်းမှုသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့စဉ်နှင့်ကြုံ ကြိုက်၍လည်းယခု
ကဲ့သို့ ဘဝရပ်တည်နိုင်ခဲ့ခြင်းပင်။ စက်ချုပ်တော်
သောသူမကလည်း ရိုးသားကြိုးစားသဖြင့် နာမည်ရစက်ချုပ်ဆိုင်များက ငှါးရမ်းခေါ် ကြသည်။
သူမကလည်းရသမျှလက်ခအား ချွေချွေတာတာစုဆောင်းပြီး လေးငါးနှစ် ကြာသောအခါ ကိုယ်ပိုင်အခန်းငှါးကာ စက်ချုပ်ဆိုင်အသေးစားလေးဖွင့်လှစ်နေနိုင်ခဲ့ချေသည်။ ဆိုင်ဖွင့်ပြီးမကြာမှီပင် သူမ
၏ချစ်သူဆိုသူနှင့် အမြဲတတွဲတွဲတွေ့လာရတော့
သည်။သူမချစ်သူအမည်ကား ကိုအောင်မင်းစိုး။၎င်းတို့နှစ်ယောက်သည် တစ်ဦးအပေါ်တစ်ဦး အတော်ချစ်ရှာသည်။
မကြာခင်ပင် လက်ထပ်ကြတော့မည်ဟု သတင်းသဲ့သဲ့ကြားလာရပြီးကံကြမ္မာ ဆိုးတစ်ခုလည်းဝင်ရောက်မွေနှောက်ခဲ့တော့၏။ကိုအောင်မင်းစိုးက အင်ဂျင်နီယာပေါက်စန။ တစ်နေ့ သူအလုပ်ဝင်နေ
သော ဆောက်လုပ်ရေးကုမ္ပဏီက တံတားတစ်ခုဆောက်ခွင့်ရခဲ့လေသည်။၎င်းတံတားမှာ ကာလကြာမြင့်နေပြီဖြစ်သဖြင့် ဖြတ်သန်းသွားလာခွင့်ပင်ပိတ်ထားရသောအခြေအနေသို့ရောက်ရှိနေခဲ့ပြီ။
ထိုတံတားအားအသစ်ပြန်လည်တည်ဆောက်ရာ
တွင် ကိုအောင်မင်းစိုးအပါအဝင် အင်ဂျင်နီယာသုံးယောက် ကဦးစီးဦးဆောင်ပြု လုပ်ရမည်ဖြစ်သည်။ထိုတံတားအဟောင်းအား ဖျက်နေစဉ်မှာပင် တံတားပြိုကျ၍ အလုပ်သမားရှစ်ယောက်ဒဏ်ရာရကာ လေးယောက်သေဆုံးခဲ့၏။
ထိုလေးယောက်ထဲတွင် ကံမကောင်းစွာဖြင့် ကိုအောင်မင်းစိုးပါသွားခဲ့တော့သည်။ ဖူးပွင့်ဝေသည် ချစ်သူ မတော်တဆမှုဖြင့်သေဆုံးသည်ဟုကြား
သည်နှင့်အရူးတစ်ပိုင်း ဖြစ်ကာ ပြင်းထန်စွာငိုကျွေး
လေသည်။။တွယ်တာစရာမရှိသည့်သူမဘဝတွင် ချစ်သူကိုအောင်မင်းစိုးသည်သာလျှင် အရှင်သခင်ဖြစ်ခဲ့ရာမှ ရုတ်တရက်အနားက ထွက်ခွါသွားခြင်းအပေါ် ယူကြုံးမရတသသဖြင့် ဝမ်းနည်းပူဆွေးနေ
ခဲ့တော့သည်။
ကိုအောင်မင်းစိုး ဆုံးပါးပြီး တစ်ပါတ်ခန့်ကြာသောအချိန်မှစ၍ ..သူမသည်စတင်ပြောင်းလဲလာသည်။ တခါတရံတစ်ယောက်တည်းရယ်နေခြင်း...ဝမ်းနည်းစွာငိုကျွေးနေခြင်း...တောင်တောင်အီအီစကားများပြောနေခြင်း...စသောအခြေအနေများကြောင့်ပါတ်
၀န်းကျင်မှ သူမအား စိတ်လွှတ်နေပြီဟု ထင်မှတ်လာကြတော့သည်။ စက်ချု ပ်ဆိုင်လည်းပုံမှန်ဖွင့်ထားပြီး စက်ချုပ်ရင်း အနားတွင်လူရှိသည့်အလား တစ်ယောက်ယောက်ကိုရည်ညွှန်းကာစကားများပြောနေ၍ အထည်သွားအပ်သောသူများလည်း ရင်တထိတ်ထိတ်ဖြစ်ခဲ့ရသည်ဟုလည်း ဆိုကြသည်။
၎င်းအကြောင်းအရာများက ဖူးပွင့်ဝေ ခေါ် ဂေါက်စိန်၏ ဘဝဇာတ်ကြောင်းပင်။ သို့သော်ကျွန်မ သူမကို စိတ်ဝင်တစားစောင့်ကြည့်နေမိသည်။ သူမကို သနားနေမိသည်။ ဂရုဏာသက်နေမိတော့သည်။ သူမနှင့်ရင်းနှီးမှုစတင်ရန် လက်ထဲမှ ချိတ်ထမိန်ဝမ်းဆက်လေးကိုငုံ့ကြည့်လိုက်ပြီး စက်ဆိုင်ရှိရာသို့ ထွက်လာခဲ့တော့သည်။
''' မဖူးပွင့်ဝေ... မဖူးပွင့်ဝေ... '''
ဆိုင်တွင်းမှ လူရှိမနေဘဲ ဆိုင်တံခါးဖွင့်ထားသဖြင့် သူမအားအော်ခေါ်ကြည့်ရသည်။ အိမ်ထဲမှလည်းထူးသံမကြား။ ခေါ်မကြားအော်မကြားသည်နှင့်
လှည့်ပြန်တော့မည်ဟု တွေးရင်း လှည့်အထွက်တွင်.....
''' ကျွီ........... '''
ဆိုင်အနောက်ဖက်တံခါးပွင့်သံကြားရ၍ ဖူးပွင့်ဝေအမှတ်ဖြင့် ကြည့်လိုက်ရာ တံခါးပွင့်လာသည်မှလွဲ
၍ မည်သူမှမရှိ။ ကျွန်မလည်း ယခုမှဆိုင်တွင်းသို့ရောက်ဖူးသည်မို့ အမှုမဲ့ အမှတ်မဲ့ပင် ထားလိုက်ပြီး...
''' မဖူးပွင့်ဝေ...မဖူးပွင့်ဝေ... အထည်အပ်ချင်လို့... '''
ထပ်မံအော်ခေါ်လိုက်သောအခါ...ခြံထဲမှထူးသံကိုကြားလိုက်ရတော့သည်။
''' လာပြီ...လာပြီ... '''
ထူးသံနှင့်အတူ ဆိုင်သို့လျှောက်လာသောခြေသံကိုပါကြားရသည်မို့ကျွန်မ ရပ်စောင့်နေလိုက်တော့
သည်။ သူမနေသောအိမ်ပုံစံမှာတစ်ခြံလုံးတွင်အိမ်ကနှစ်လုံး... နှစ်ထပ်တိုက်အကြီးတစ်လုံးက ယခုအိမ်ပိုင်ရှင်များကသော့ခတ်ကာထားပြီး နိုင်ငံခြားတွင်နေသည်။
တစ်ထပ်တိုက်ပုလေးသည်ဆိုင်ခန်းတဖြစ်လဲဖွင့်၍ရပြီး အတော်အတန်လည်း ကျယ်ဝန်းပေသည်...။ထိုတစ်ထပ်အိမ်လေးအား...ဖူးပွင့်ဝေအား ငှါးရမ်းထားပေးခဲ့ပြီး... အိမ်တွင်လည်း လူစောင့်သဘောထားခဲ့ဟန်တူသည်။
''' ကျီ........ '''
သူမယခုမှခြံထဲကနေ အိမ်ထဲသို့ဝင်လာခြင်းပင်။ ခြံထဲမှ သူမအိမ်ထဲသို့ဝင်ရမည်။ အိမ်ထဲမှ ဆိုင်တွင်းသို့လာရမည့်အခန်းဖွဲ့စည်းပုံကိုတွေ့နေရသော်လည်း ခုနက ဆိုင်တံခါးပွင့်လာခြင်းကိုမူ စဉ်းစား၍ မရခဲ့ပေ။
''' အထည်အပ်မယ်ဆိုညီမ... '''
တွေးနေသောအတွေးစတို့ လွှင့်သွားကာ...
''' အော်...ဟုတ်အစ်မ... ညီမဒီချိတ်ဝမ်းဆက်လေးချုပ်ချင်လို့... '''
''' ဘယ်လိုဒီဇိုင်းချုပ်ချင်လဲ...
စကနဲနဲပါးတယ်နော်ညီမလေး'''
''' ဟုတ် ..ဘယ်ပုံစံရယ်တော့မဟုတ်ပါဘူး...အခုထွက်တဲ့ဒီဇိုင်းလေးထဲကလှတာလေးပဲချုပ်ပေး
လိုက်ပါအစ်မ... '''
''' အင်း... ဒီဇိုင်းအသစ်ထွက်ထားတာလေးလှတယ်... အစ်မပြမယ်နော်... '''
ဟုဆိုကာ မြန်မာအကျီင်္ဒီဇိုင်း စာအုပ်ကို ယူလာပေးပြီး ရှာပေးနေလေသည်။ ကျွန်မလည်း ထိုစာအုပ်ကိုစူးစိုက်ကာကြည့်မိနေရင်း...
''' ဘုတ်... '''
စက်ခုံပေါ်မှ စာအုပ်တစ်အုပ်အောက်သို့ ပြုတ်ကျလာခဲ့၍ လှည့်ကြည့်လိုက်မိတော့သည်။ မည်သည့်အကြောင်းများကြောင့်ပြုတ်ကျလာသည်ကို မတွေးနိုင်သေးခင်...
''' ဒီစာအုပ်ထဲမှာကိုး.... ကျေးဇူးပါမောင်ရေ.... '''
သူမ၏ စကားကြောင့်ကျွန်မ မှင်သေသေဖြင့်အံ့သြသွားရတော့သည်။
''' ညီမရေ...ဒီမှာ... ဒီပုံစံလေး...ကြိုက်လား.. '''
''' ဟုတ်... မဆိုးပါဘူးအစ်မ... ဒါပေမယ့်ညီမက အင်္ကျီလက်ဖောင်းမကြိုက်ဘူး... '''
''' အင်း...ဒါဆိုလက်ပုံစံပြောင်းမလား... '''
''' ဟုတ်ကဲ့... အစ်မလှသလိုလေးပဲပြောင်းပေးပါ...လက်ဖောင်းမဟုတ်ရင်ရပြီ... '''
''' အေး...အေး...ညီမ...ဒါဆို..အတိုင်းတိုင်းမယ်နော်... '''
''' ဟုတ်... '''
ကျွန်မကို ပေကြိုးဖြင့်အတိုင်းတိုင်းပေးနေစဉ်....
အမှတ်မထင်အိမ်ထဲသို့လှမ်းကြည့်မိလိုက်သောကျွန်မ... အံ့သြကာတွေဝေသွားမိတော့သည်။ အိမ်ထဲမှ လူတစ်ယောက်... ရှပ်အကွက်အပြာနုရောင်
လေးဖြင့်...ကျောပေးကာ အခန်းထဲဝင်သွားသည်ကိုတွေ့မိ၍... ဖူးပွင့်ဝေသည်အဘယ်ယောကျာ်းတစ်ယောက်အား အိမ်တွင်ပေးနေ နေသနည်းဟုစဉ်းစားမိခဲ့တော့သည်။
''' ညီမနာမည်က... '''
''' ဝေနှင်းလွင် ပါအစ်မ... '''
''' ဝေ...နှင်း...လွင်... '''
''' ဟုတ်...ဘယ်နေ့လောက်ရမလဲဟင်... '''
''' အခုက... သီတင်းကျွတ်ခါနီးပြီဆိုတော့...လကုန်လောက်မှရမယ်ညီမလေး.... '''
''' အခုမှ... ကိုးရက်နေ့ဆိုတော့...တော်တော်လိုသေး
တာပဲ...နဲနဲမြန်ပေးလို့မရဘူးလားအစ်မ... '''
''' မရလို့ပါညီမရေ... အစ်မလည်းတခြားအထည်တွေများနေလို့ပါ '''
''' ဟုတ်အစ်မ... ချုပ်ခကကော... '''
''' ဝမ်းဆက်တစ်စုံက တစ်သောင်း... ပန်းထိုးဦးမှာလားညီမ... '''
''' ဟုတ်.. ထိုးလိုက်အစ်မ... '''
''' အဲ့ဒါဆို... ပန်းထိုးခက ငါးထောင်ကျမယ်...တစ်သောင်းခွဲပေါ့ '''
''' ဟုတ်... ဒါဆိုလကုန်လယူလိုက်မယ်နော်အစ်မ... '''
''' ဟုတ်ပြီ... ဟုတ်ပြီညီမ... '''
ကျွမ်မလည်း သူမအားနှုတ်ဆက်ပြီး ထိုဆိုင်မှ ထွက်လာခဲ့၏။
သူမအိမ်ထဲမှ ယောကျာ်းတစ်ယောက်ကဘယ်သူလဲ...?
ဆိုင်ခန်းနဲ့အိမ်ခန်းကြားကတံခါးကဘာကြောင့်ပွင့်လာတာလဲ..?
စက်ခုံပေါ်ကစာအုပ်ကကော ဘာလို့ပြုတ်ကျလာသလဲ...? ကျွန်မတွင်မေးခွန်းပေါင်းများစွာဖြင့် တွေးတောရင်း အိမ်သို့ပြန်လာမိ၏။
''' အယ်..သမီး..ဝေနှင်းလွင်...ဘယ်ကပြန်တုန်း.... '''
''' အော်...အန်တီဝင်း... သမီးမမြင်လို့... ဆောရီးနော်...ဟိုဝမ်းဆက်လေးသွားအပ်တာ... '''
''' အော်...အေ...အေ... အိမ်လာလည်ဦးလေသမီး..
သမီးသူငယ်ချင်းကတော့.. အိပ်လိုက်စားလိုက်နဲ့ ဘုတ်အီးမဖြစ်တော့မယ်... '''
''' ဟုတ်..သူ့ကိုသတိရတယ်လို့ပြောပေးနော်အန်တီ... နောက်တစ်ပါတ်မှလာလည်မယ်လို့... '''
''' အေးပါကွယ်ပြောလိုက်မယ်... အင်္ကျီဘယ်ဆိုင်မှာအပ်တာလဲ...ပုံလှရင်ပြောဦးနော်... '''
''' မဖူးပွင့်ဝေဆီမှာအပ်တာအန်တီ ... '''
''' ဟင်... '''
အန်တီဝင်းမျက်နှာ ပျက်သွားသည်ကိုတွေ့မိ၍....
''' ဘာဖြစ်လို့လဲအန်တီ... ပုံမလှလို့လား... '''
''' မဟုတ်ပါဘူးသမီးရယ်... အဲ့မှာသွားမအပ်ပါနဲ့လား... '''
''' တစ်ခုခုဖြစ်လို့လားအန်တီ... '''
''' လမ်းမှာကြီး... ပြောလို့မကောင်းပါဘူး... အိမ်လာခဲ့..အန်တီပြောပြမယ်... ညနေကြလာခဲ့... '''
''' ဟုတ်... '''
''' ကဲ..ကဲ..သွားပြီသမီးရေ... '''
အန်တီဝင်း၏ စကားကြောင့် ကျွန်မစိတ်ဝင်စားသွားမိသည်။ ညနေရောက်သောအခါ အန်တီဝင်းထံသို့သွားပြီး နေ့လည်ကပြောလို့မကောင်းလို့ပါဟုဆိုသော အကြောင်းကိုသွားစပ်စုရန်ထွက်လာခဲ့တော့
သည်။
အန်တီဝင်း၏သမီး နေဇာခိုင် ကကျွန်မနှင့်အတန်းဖော်သူငယ်ချင်းအရင်း.. အရင်က နေဇာခိုင်၏အိမ်သို့ မကြာမကြာသွားကာ စာတူတူကျက်ဖြစ်ကြသည်။ ဆယ်တန်းပြီး၍ တက္ကသိုလ်တက်သည့်
အချိန်မှစပြီး အသွားအလာကျဲ သွားခြင်းပင်ဖြစ်သည်။
သိချင်စိတ်ကကြီးစိုးလွန်း၍ထင်သည်.. ညနေခင်းရောက်သည်နှင့်နေဇာခိုင်အိမ်သို့ရောက်သွားချေခဲ့ပြီ။ သူငယ်ချင်းဖြစ်သူနှင့်ကျောင်းတုန်းကအ
ကြောင်းများပြန်ပြောကာစကားကျ နေသော်လည်း
ကျွန်မ၏မျက်လုံးများက အန်တီဝင်းကိုသာ ရှာနေမိလေသည်။
" နေဇာရေ.. အန်တီ့ကိုလည်းမတွေ့ပါလား.. "
" အမေကဟိုဖက်အိမ်လူနာသွားမေးနေတယ်လေ.. ပြန်လာတော့မှာပါ.. ထူးထူးဆန်းဆန်းငါ့အမေကိုပဲမေးနေပါလားဟ.. "
" မဟုတ်ပါဘူးဟယ်.. မဖူးပွင့်ဝေအကြောင်းပြောပြမယ်ဆိုလို့သိချင်လို့ပါ.. "
" မဖူးပွင့်ဝေ.. ဟယ်.. ဟိုစက်ဆိုင်ကိုပြောတာ
လား.. "
" အေးလေဟယ်.. "
" အီး.. ကျောချမ်းလိုက်တာ.. ဝေနှင်းရယ်.. အဲ့ဒါများငါ့မေးရောပေါ့.. "
" နင်သိရင်ပြောပြပါလားဟာ.. ငါသိချင်လို့ပါနော်.. "
မျက်နှာပေါ်တွင်စိုးထိတ်မှုများနှင့် နေဇာခိုင်၏
ပန်းရောင်သန်းသောမျက်နှာသည်ရုတ်တရက်ဖြူ ဖျော့ကာသွားသည်ဟု ထင်မှတ်မိသည်။
" မဖူးပွင့်ဝေရဲ့ ဘဲကြီးသေသွားတာနင်ကြားမိတယ်မလား.. "
" အင်း.. တံတားပြိုကျလို့ဆို... "
" အေး.. အဲ့လိုပဲသိကြတာ.. အမှန်က..ဟို.. နင်ဘယ်သူ့မှမပြောပြနဲ့နော်.. ငါ့ကိုကတိပေး... "
" အေးပါဟာ.. မပြောပါဘူး..စိတ်ချ.. ပြောပြမှာသာပြောစမ်းပါ.."
" သူ့ဘဲကြီးဆုံးတာ သွေးရိုးသားရိုးမဟုတ်ဘူးတဲ့ဟ.. သူကအောက်လမ်းနဲ့အသေသတ်တာလို့ကြားတယ်.. "
" ဟင်... မဖူးပွင့်ဝေကလား... "
" ဟုတ်ပါ့.. ငါတို့လည်းသူစိတ်ဖောက်တယ်ဆိုပြီးသနားနေတာ..
နောက်တော့ သူအောက်လမ်းဆရာဆီသွားသွားနေတာ တချို့
ကမြင်ပြီးပြန်ပြောပြတာပဲ.. "
" အဲ့လိုသတ်လို့ရလားဟယ်.. ဟုတ်ပါ့မလား.. "
" ရလို့မှဟိုကဖြင့်သေပြီလေ..သူတို့ယူကြတော့မယ်ဆိုပြီးသတင်း
ကြားမိတယ်မလား... "
" အင်း.. ကြားတယ်.. "
" မဖူးပွင့်ဝေက အမြန်ယူချင်တယ်.. ဟိုဘဲကြီးကအင်တင်တင်လုပ်
နေတာနဲ့ကြာနေတာလေ.. နောက်တော့မဖူးပွင့်ဝေကစုံစမ်းကြည့်
တော့.. ဟိုဘဲကြီးမှာမိန်းမနဲ့ကလေးနဲ့ရှိသတဲ့.. "
" ဟင်... "
ကျွန်မအံ့သြမှင်သက်သွားမိတော့သည်။
" အဲ့ဒါနဲ့ ရှက်လည်းရှက် စိတ်လည်းနာ အသည်းလည်းကွဲပေါ့..ပိုဆိုးတာက ဘဲကြီးမိန်းမကလည်းသိသွားပြီး သူ့စက်ဆိုင်ထိလာ
သောင်းကျန်းသွားတာ.. မယားငယ်မဘာညာဆဲလည်းဆဲ.. ဆံပင်
ဆောင့်ဆွဲပြီးပါးချည်းလှိမ့်ရိုက်တော့တာ.. ည ၈ နာရီလောက်က
ဖြစ်ကြတာတဲ့.. အဲ့အချိန်ဆိုတော့ရပ်ကွက်ထဲကလူတွေသိပ်မသိ
လိုက်ကြဘူးပေါ့... "
" သနားပါတယ်ဟယ်.. "
" မသနားနဲ့ဦး.. အဲ့လိုဖြစ်ပြီးသူ့စက်ဆိုင် ၂ ရက် ၃ ရက်လောက်
ပိတ်သွားတယ်.. နောက်တော့သူကသူ့ဘဲကြီးကိုဆက်တွဲသေး
တယ်ဗျာ.. "
" ဟင်.. တကယ်ကြီး... "
" ဟုတ်ပါ့.. ဟိုလူကလည်းမျက်နှာပြောင်ချက်.. မကြာပါဘူး..
တစ်လလောက်နေတော့ဟိုလူရှောရော.. "
" နင်အဲ့ဒါတွေဘယ်လိုသိ "
" သိဆို သူ့ဆီမှာစက်ချုပ်သင်နေတဲ့ကောင်မလေးလေ... သူကငါ
တို့တစ်အိမ်ကျော်ကပဲ...သူပြောပြတာ "
" နင့်ဟာက ဟုတ်ရောဟုတ်ပါ့မလားဟယ်.. ငါတော့မထင်ပါဘူး"
နေဇာခိုင်က မျက်မှောင်ကျုတ်သွား၏။
" နင်ကသာမထင်တာ...အဲ့ထက်ဆိုးတာကျန်သေးတယ် "
" ဘာကြီးလဲ ''
နေဇာခိုင်မှာ ထိတ်လန့်နေဟန်ရှိသည်။ အသံကိုခပ်တိုးတိုးဖြင့်ပြော
လာ၏။
" သူ့ဘဲရဲ့ဝိဥာဉ်ကို အိမ်မှာခေါ်ထားတယ်တဲ့... သရဲမွေးထားတာ
ဟေ့...သိပြီလား...အမလေး...ကြက်သီးထလိုက်တာ "
" ဟင် ''
ကျွန်မလည်းတွေဝေစွာနှင့် နေဇာခိုင်ကို ငေးကြည့်နေမိတော့သည်။
အန်တီဝင်းကိုလည်းဆက်မစောင့်ဖြစ်ဘဲ အိမ်သို့ပြန်လာခဲ့လိုက်၏။
ကျွန်မအတွေးထဲတွင် ဖူးပွင့်ဝေသည် အမှန်ပင် သူ့ချစ်သူ၏ ဝိဥာဉ်
ကိုခေါ်ထားသည်လားဟု သံသယဝင်လာမိသည်။ ထိုဝိဥာဉ်သာ
ဖြစ်မည်လားမသိ။ ကျွန်မတွေ့မြင်ခဲ့သောလူသည် အဘယ်သူဖြစ်
နိုင်သနည်း။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။