တကယ်အောင်မြင်တဲ့ မေမေတစ်ယောက်ဆိုတာ
ondoctor.com.mm
|
2020-07-13



သားသမီးအတွက် ပြီးပြည့်စုံပြီး အောင်မြင်တဲ့ မေမေတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အခုလို ခေတ်မျိုးမှာ သားသမီးကို ဂရုစိုက်ဖို့ မေမေတို့ဟာ လုပ်ငန်းခွင်အချိန်နဲ့ မိသားစုအချိန်ကို မျှတအောင် ကြိုးစားနေကြရတာပဲ ဖြစ်ပါတယ်။ တကယ်တမ်းက အရာရာပြီးပြည့်စုံတဲ့ မေမေဆိုတာ မရှိပါဘူး။ ကိုယ့်သားသမီးအတွက် အကောင်းဆုံးမေမေဖြစ်ပေးမယ်ဆိုရင်ပဲ အောင်မြင်တဲ့မေမေတစ်ယောက်အဖြစ် မိသားစုက အသိအမှတ်ပြုကြမှာပါ။



မိခင်တိုင်းက သားသမီးအတွက် အကောင်းဆုံးတွေကိုပဲ ပေးချင်ကြပါတယ်။ အနွေးထွေးဆုံး ချစ်ခြင်းမေတ္တာ၊ အကောင်းဆုံးအစားအသောက်၊ အကောင်းဆုံးပစ္စည်းတွေကို ပေးစွမ်းချင်ကြတာ မိခင်တိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် သားသမီးဆန္ဒရှိတဲ့ အရာတွေနဲ့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးရုံနဲ့တော့ အောင်မြင်တဲ့မေမေလို့ မပြောနိုင်ပါဘူး။ ပတ်ဝန်းကျင်မှာ အောင်မြင်တဲ့မေမေတစ်ယောက်အဖြစ် ပြောစမှတ်တွင်စေဖို့အတွက် မေမေတို့ လိုက်နာနိုင်မယ့်နည်းလမ်းလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။


၁။ သားသမီးတွေကို အကန့်အသတ်မဲ့ချစ်ခြင်းမေတ္တာတွေ ပေးပါ

အရေးအကြီးဆုံးအချက်နဲ့ အသိသာဆုံးအချက်ကတော့ ကိုယ့်ရဲ့သားသမီးတွေကို ချစ်ပေးဖို့ပါပဲ။ သားသမီးတွေဟာ မွေးကင်းစအရွယ်တည်းက မေမေတို့ရဲ့ နွေးထွေးတဲ့မေတ္တာတရားနဲ့စတင်ပြီး ရင်းနှီးကြီးပြင်းလာကြတာဖြစ်ပါတယ်။ မေမေတို့တင်မက ဖေဖေ၊ အဘိုး၊ အဘွားနဲ့ ဦးလေး၊ အဒေါ် စတဲ့ မိသားစုဆွေမျိုးတွေအနေနဲ့ ကလေးအပေါ်ကို နွေးထွေးတဲ့မေတ္တာတရားနဲ့ ဆက်ဆံစေသင့်ပါတယ်။ ကလေးကို သွန်သင်ဆုံးမတဲ့အခါမှာလည်း စိတ်မရှည်တဲ့အသံ၊ ဒေါသသံမပါအောင် ဂရုစိုက်သင့်ပြီး မတော်တဆ အော်ငေါက်မိခဲ့ရင်တောင် ကလေးကို နွေးနွေးထွေးထွေးပွေ့ဖက်ပြီး စိတ်မကောင်းကြောင်း၊ ချစ်ကြောင်း ပြန်လည်နှစ်သိမ့်ပေးဖို့ အရေးကြီးပါတယ်။ အကန့်အသတ်မဲ့ အကြင်နာတရား၊ မေတ္တာဂရုဏာနဲ့ ပြုစုပျိုးထောင်ပေးတဲ့အခါ ပျော်ရွှင်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။


၂။ သားသမီးတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါနဲ့

အောင်မြင်တဲ့မေမေတစ်ယောက်ဖြစ်ဖို့ နောက်ထပ်အရေးကြီးတာက သားသမီးတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်မိစေဖို့ပါပဲ။ ကလေးတစ်ယောက်ထက် ပိုလာတဲ့အခါမှာ မေမေတို့ရဲ့ သားသမီးတွေအပေါ်ဆက်ဆံရေးက မတော်တဆပဲဖြစ်ဖြစ်၊ တမင်ပဲဖြစ်ဖြစ် တစ်ဦးအပေါ်မှာ သာလွန်နေပြီး တစ်ဦးအပေါ် နည်းပါးမိတဲ့အခါမှာ ကလေးဆီမှာ စိတ်အားငယ်တာတွေ၊ ဝမ်းနည်းတာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုကလေးငယ်တွေဟာ အသက်ကြီးပြင်းလာတဲ့အခါ မိဘစကားနားမထောင်တာ ဒါမှမဟုတ် လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာရှိတတ်တာ စတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာနိုင်လို့ပါ။ ဒါကြောင့် မေမေတို့အနေနဲ့ သားသမီးတွေကို အရှိအရှိအတိုင်း လက်ခံပေးသင့်ပြီး မျှတတဲ့မေတ္တာတရားကို ပေးသင့်ပါတယ်။ သားသမီးတွေကို သာတူညီမျှ အားပေးပါ၊ သွန်သင်ပါ၊ ချစ်ပေးပါ။ တူညီတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ပေးမယ်ဆိုရင် သားသမီးတိုင်း ပျော်ရွှင်နိုင်မှာ အသေအချာပါပဲ။


၃။ သားသမီးကို ရောဂါဘယနဲ့ ဘေးအန္တရာယ်ကင်းဝေးအောင် လုပ်ဆောင်ပါ

သားသမီးဘေးအန္တရာယ်ကင်းဝေးဖို့ကလည်း အောင်မြင်တဲ့မေမေတို့ရဲ့ တာဝန်ပါပဲ။ ကိုယ်ဝန်ဆောင်ကာလမှာတည်းက ကိုယ့်ရဲ့ရင်သွေးလေးအတွက် ဘေးဖြစ်စေနိုင်မယ့်အရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မွေးကင်းစကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိလည်း သားသမီးတွေကို ဘေးအန္တရာယ်အမျိုးမျိုးကနေ ကင်းဝေးအောင် ဂရုစိုက်သင့်ပါတယ်။ လမ်းလျှောက်တတ်ခါစအရွယ်မှာ မထိခိုက်မိအောင်၊ ဆော့ကစားတတ်စအရွယ်မှာလည်း ထိခိုက်ဒဏ်ရာမရအောင် ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။

သားသမီးတွေကို ရောဂါအမျိုးမျိုးကနေ ကင်းဝေးအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံကိုလည်း ထိန်းသိမ်းအားပေးရပါမယ်။ ကလေးမွေးကင်းစတည်းက အသက် (၅) နှစ်အထိ ထိုးရမယ့် ကာကွယ်ဆေးတွေကို အချိန်မီ စနစ်တကျ ထိုးပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို ကျွေးမွေးပါ။ နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစားကို အတူတူလုပ်ဆောင်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တကိုယ်ရည်သန့်ရှင်းရေးအလေ့အထ၊ နေထိုင်အိပ်စက်မှုအလေ့အထတွေကို သင်ကြားပေးထားမယ်ဆိုရင် အနာဂတ်မှာ ကျန်းမာသွက်လက်ပြီး သန်မာတဲ့သူတွေအဖြစ် ကြီးပြင်းလာနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။


၄။ သားသမီးကို သွန်သင်ဆုံးမပေးပါ

အောင်မြင်တဲ့မေမေတစ်ယောက် ဟုတ်၊ မဟုတ်ဆိုတာ သားသမီးတွေကိုကြည့်ရင်လည်း သိနိုင်ပါတယ်။ အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့ကလေးဟာ အောင်မြင်တဲ့မေမေတစ်ယောက် ပြုစုပျိုးထောင်ထားလို့ဆိုတာ သိသာပါတယ်။ လူတော်ထက် လူကောင်းဖြစ်ဖို့ဆိုတာ အရေးအကြီးဆုံးပါ။ ဒါကြောင့် မေမေတို့အနေနဲ့ သားသမီးတွေကို အတန်းထဲမှာ အဆင့် (၁) ရဖို့ထက် လိမ္မာရေးခြားရှိတဲ့ ကလေးတွေဖြစ်လာဖို့ ပိုပြီးအားပေးသင့်ပါတယ်။ သားသမီးတွေကို ငယ်စဉ်တည်းက အပြုသဘောဆောင်တဲ့ ပုံပြင်လေးတွေ ဖတ်ပြပါ။ ကောင်းမွန်တဲ့စာပေတွေ ဖတ်ဖို့ အားပေးပါ။ စာရိတ္တကောင်းမွန်စေဖို့၊ ကိုယ့်ကိုကိုယ်တာဝန်ယူပြီး၊ တာဝန်သိတတ်စေဖို့ ပျိုးထောင်ပါ။ ကိုယ့်ကိုကိုယ်တာဝန်သိ၊ တာဝန်ယူတတ်ပြီး ယုံကြည်မှုရှိစေဖို့ ငယ်စဉ်တည်းက
အိမ်အလုပ်ကူလုပ်ခိုင်းပါ။ ပန်းကန်ကူဆေးတာ၊ အဝတ်ကူလှမ်းတာ စတဲ့ အိမ်အလုပ်တွေကူလုပ်ပေးတာက မိသားစုမှာလည်း အရေးပါကြောင်း သားသမီးတွေ သိသွားစေပါတယ်။ အလုပ်ပြီးမြောက်တိုင်း အားပေးချီးမွမ်းခြင်းကလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး အကောင်းမြင်တဲ့စိတ်ကို ပိုင်ဆိုင်သွားစေနိုင်ပါတယ်။
ကလေးနဲ့ နေ့တိုင်းရင်ဖွင့်စကားပြောဆိုပေးပါ။ ကလေးကျောင်းကပြန်လာတဲ့အခါမှာ တစ်နေ့တာတွေ့ကြုံရတာတွေ၊ စိတ်ခံစားချက်တွေကို ပြောပြခိုင်းပါ။ အဲဒီအခါမှာ ကလေးအမှားလုပ်ခဲ့ရင်လည်း မေမေတို့ရဲ့ဆုံးဖြတ်ချက်မပါဘဲ၊ ဘက်လိုက်မှုမရှိဘဲ မှန်ကန်တဲ့နည်းလမ်းကိုပဲ သွန်သင်ခဲ့မယ်ဆိုရင် စာရိတ္တကောင်းမွန်တဲ့ကလေးတွေ ဖြစ်လာနိုင်ပါတယ်။

လိမ္မာရေးခြားရှိတဲ့ကလေးဖြစ်လာအောင် သွန်သင်တဲ့အခါမှာလည်း အလိုမလိုက်ဖို့ အရေးကြီးပါတယ်။ စည်းကမ်းရှိအောင် သင့်တော်သလို ဆုံးမသွန်သင်ပါ။ အချိန်မှန်မှန်အိပ်ဖို့၊ ဖုန်းနဲ့တီဗွီ အလွန်အကျွံမကြည့်ဖို့၊ အချိန်လွန်ထိ ဆော့ကစားတာမလုပ်ဖို့ သင်ကြားထားပါ။ အရမ်းအလိုလိုက်ရင်လည်း မိဘစကားနားမထောင်တဲ့ကလေးဖြစ်လာနိုင်ပြီး အရမ်းချုပ်ချယ်တဲ့အခါမှာလည်း လွတ်လပ်မှုကို မခံစားရတဲ့ စိတ်အားငယ်တဲ့ကလေးတွေ ဖြစ်လာနိုင်ပါတယ်။


၅။ ကလေးတွေရဲ့ ရည်မှန်းချက်နဲ့ဝါသနာကို အားပေးပါ

ကလေးတွေမှာလည်း ဝါသနာနဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ကလေးစိတ်ဝင်စားတဲ့အရာကို မိဘတွေကလည်း မချုပ်ချယ်စေဘဲ အားပေးသင့်ပါတယ်။ ကလေးဝါသနာပါရာနေရာမှာ အောင်မြင်မှုရအောင် မေမေတို့က ကူညီပေးပါ။ ပန်းချီဆွဲတာ၊ ရေကူးတာ၊ ဂီတအနုပညာ စတဲ့ ဝါသနာတွေက ကလေးရဲ့စိတ်ကို ပျော်ရွှင်စေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကလေးရဲ့ရည်မှန်းချက်တွေကိုလည်း အားပေးပါ။ ရည်မှန်းချက်အလိုက် ဖြစ်စေနိုင်မယ့် လမ်းကြောင်းတွေကို ကူညီရှာဖွေပေးပါ။ ကလေးဝါသနာပါတဲ့အရာနဲ့ မျှော်လင့်ထားတဲ့ ရည်မှန်းချက်လမ်းကြောင်းပေါ်ကိုရောက်အောင် ကူညီမြင့်တင်ပေးနိုင်ခြင်းကလည်း အောင်မြင်တဲ့မေမေတို့ရဲ့ စွမ်းဆောင်ရည်လည်းဖြစ်ပါတယ်။

အခုပြောပြခဲ့တာတွေကတော့ အောင်မြင်တဲ့မေမေတစ်ယောက်ဖြစ်ဖို့ လိုက်နာပေးနိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်ပြီး အောင်မြင်တဲ့ သားသမီးတွေပိုင်ဆိုင်ဖို့ဆိုတာ မေမေတို့ရဲ့အိမ်မက်ပါပဲ။ ဒါကြောင့် အဖိုးတန်သားသမီးရတနာလေးတွေ ပိုင်ဆိုင်နိုင်ဖို့နဲ့ အောင်မြင်တဲ့မေမေတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်နိုင်မယ့်နည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ကြဖို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်။


ဒေါက်တာကောင်း (ဆေး-၂)




Some text some message..