သိပ်ချစ်ရတဲ့ချစ်သူက ကိုယ့်အပေါ်သစ္စာဖောက်သွားခဲ့ရင် ဘယ်လိုမျိုးရင်ဆိုင်ကြမလဲ ???
lifestylemyanmar.com
|
2020-07-14



ထာဝရဟာ မတည်မြဲတဲ့အရာတစ်ခုဆိုတဲ့ စကားတွေတောင်ရှိပါတယ်။ ဘယ်လောက်ပဲ ချစ်ကြိုးခိုင်မြဲနေတဲ့ ဆက်ဆံရေးဖြစ်နေသည့်တိုင် ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုသစ္စာဖောက်သွားခဲ့ရင် အရူးတစ်ပိုင်းဖြစ်ရတာချည်းပါပဲ။ အဲ့ဒါကြောင့်လည်း ဒီနေ့မှာတော့ သိပ်ချစ်ရတဲ့ချစ်သူက ကိုယ့်ကိုသစ္စာဖောက်သွားရင် အဲ့ဒီနောက်ပိုင်း အချိန်ကာလကို ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။



၁။ အသက်ကိုဝအောင်ရှူပါ။ အားရပါးရငိုချလိုက်ပါ။
ဟုတ်ပါတယ်။ ကိုယ့်ရဲ့ရင်ထဲအသည်းထဲမှာရှိတဲ့သူက ကိုယ့်ရင်ကိုစုံကန်သွားတဲ့အခါ ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သတ်ပြီး နာကြည်းချက်တွေ၊ ဒဏ်ရာတွေအပြည့်နဲ့ ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ။ အဲ့ဒီလိုအချိန်မျိုးမှာ မွန်းကြပ်နေတဲ့ရင်ခွင်တစ်စုံကို အသက်ဝဝရှူခွင့်ပေးသင့်ပြီး ခံစားချက်တွေ မျိုသိပ်ထားတာများလို့ ပေါက်ကွဲထွက်သွားမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ ပေါက်ကွဲခွင့်ပေးလိုက်သင့်ပါတယ်။ ဒီနေ့မှာ ဝအောင်ငိုပါ၊ တစ်ညလုံးဝအောင် ငိုကြွေးပါ။ နောက်နေ့နံနက်မှာတော့ ကြံခိုင်သန်မာတဲ့သူတစ်ယောက်အဖြစ် အားလုံးရဲ့ရှေ့ကို ထွက်လာနိုင်အောင် ကြိုးစားပါ။ သစ္စာဖောက်တစ်ယောက်အတွက် အချိန်တွေအများကြီး ထပ်မဖြုန်းသင့်တော့ပါဘူး။



၂။ အယုံကြည်ရဆုံးသူငယ်ချင်းတွေဆီ ရင်ဖွင့်ပါ။
တစ်ယောက်တည်း ကြိတ်ခံစားနေရတာထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဒဏ်ရာတွေကို ရင်ဖွင့်မယ့်သူက ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပြီး ကိုယ်ပြိုလဲတာကို တိတ်တိတ်လေးစောင့်မျှော်နေတဲ့သူဆီ သွားရင်ဖွင့်မိရင်တော့ ရန်သူကိုဓားရိုးကမ်းလိုက်သလို ဖြစ်သွားမှာ အသေအချာပါပဲ။



၃။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို နားလည်အောင်ကြိုးစားပါ။
ကိုယ်သိပ်ကိုယုံကြည်ရတဲ့သူက ကိုယ့်အပေါ်ဘာလို့များ ရက်ရက်စက်စက် သစ္စာဖောက်ရတာလဲ၊ ကိုယ်ရောသူရော ဘာတွေမှားယွင်းခဲ့တာလဲဆိုတာကို သေချာနားလည်အောင် စဉ်းစားကြည့်ပါ။ ဒါပေမယ့် အတိတ်က အမှတ်တရတွေက မှတ်ဥာဏ်တွေထဲ ပြန်ပေါ်လာတိုင်း နာကျင်ရတာကြောင့် ပြန်တွေးမိတိုင်း သိပ်ကိုခံစားနေရမယ်ဆိုရင်လည်း ပြီးခဲ့တာတွေ ပြီးပါစေတော့ဆိုတဲ့စိတ်နဲ့ အေးချမ်းအောင် နေကြည့်ပါ။



၄။ ကိုယ့်ရဲ့အမှားမဟုတ်တာကို အမြဲတမ်းသတိရပေးပါ။
ချစ်သူနှစ်ယောက်ပြတ်စဲသွားပြီဆိုတာနဲ့ ဘယ်သူကမှားတယ်၊ ဘယ်သူကမှန်တယ်ဆိုတဲ့ အမြင်နှစ်ဖက်က ရှိပြီးသားပါ။ သစ္စာဖောက်သွားတဲ့သူက ကိုယ့်ကြောင့်သစ္စာဖောက်သွားပါတယ်လို့ ပြောသည့်တိုင် ကိုယ့်အမှားမဟုတ်ပါဘူး။ Relationship တစ်ခုမှာ အရင်ဆုံးသစ္စာဖောက်တဲ့သူ၊ နောက်တစ်ယောက်စထားတဲ့သူ၊ ပထမဆုံးလိမ်ညာလှည့်စားတဲ့သူက အမြဲတမ်းအမှားဖြစ်ပြီး တစ်ဖက်က သစ္စာဖောက်လို့ ပြိုကွဲခဲ့ရတဲ့ ဆက်ဆံရေးမှာ ကိုယ့်ရဲ့အမှားလုံးဝမရှိဘူးဆိုတာကို စွဲစွဲမြဲမြဲမှတ်သားထားပေးပါ။



၅။ ရပ်မနေနဲ့၊ ဆက်လျှောက်ပါ။
ကိုယ့်ရဲ့ချစ်သူက ကိုယ့်အပေါ် သစ္စာဖောက်ပြီဆိုတာနဲ့ သူက ကိုယ့်ဘဝအတွက် အရေးမပါတဲ့သူတစ်ယောက်ဖြစ်သွားပြါပီ။ ဒီလိုလူမျိုးတစ်ယောက်အတွက် ကိုယ့်ဘဝက အခွင့်အရေးကောင်းတွေကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ထိုက်တန်ပါ့မလား။ အခုချိန်မှာတော့ သစ္စာဖောက်တစ်ယောက်ကြောင့် အခွင့်အလမ်းကောင်းတွေကို ကျေကျေနပ်နပ်ကြီး လက်လွှတ်လိုက်သည့်တိုင် နောင်တစ်ချိန်မှာ ပြန်စဉ်းစားတိုင်း သေချာပေါက်အကြီးအကျယ်နောင်တရနေမှာကြောင့် သစ္စာဖောက်ကို အမြန်ဆုံးမေ့ပစ်ပြီး ကိုယ့်ရဲ့ဘဝတက်လမ်းကို အမြန်ဆုံး ပြန်လည်ရှာဖွေပါ။



၆။ ဆိုရှယ်မီဒီယာတွေကို တတ်နိုင်သလောက် မသုံးစွဲပါနဲ့။
အသည်းကွဲနေတဲ့အချိန်၊ သစ္စာဖောက်ခံထားရတဲ့အချိန်မှာ ဆိုရှယ်မီဒီယာက ထွက်ပေါက်တစ်ခုလိုဖြစ်နေပေမယ့် တကယ်တမ်း အဲ့ဒီလိုအချိန်မျိုးမှာ ဆိုရှယ်မီဒီယာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ ပြတ်စဲသွားတဲ့ ကိုယ့်ရဲ့ Relationship အကြောင်းကို လူတွေက ဆိုရှယ်မီဒီယာပေါ်မှာ မစားရဝခမန်းပြောနေတာကို မြင်တွေ့ရနိုင်သလို တခြားသူတွေက သူတို့ရဲ့ချစ်သူကိုယ်စီနဲ့ ပျော်ရွှင်နေတာကိုလည်း တွေ့လိုက်ရင် ကိုယ်ခံစားရတာက ပိုဆိုးလာနိုင်တာကို သတိပြုရပါမယ်။



၇။ လက်စားချေဖို့ မစဉ်းစားပါနဲ့။
ကိုယ့်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူ၊ ကိုယ့်ကို သစ္စာဖောက်ခဲ့တဲ့သူကို ပြန်ပြီးနာကျင်စေချင်တဲ့ စိတ်ကို နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝအတွက် နည်းနည်းလေးတောင်မှ အရေးမပါတော့တဲ့သူကို နာကျင်အောင်ကြိုးစားရင်း၊ ဝဋ်လည်အောင် ဆုတောင်းရင်းနဲ့ ကိုယ့်ဘဝရဲ့ အရေးပါတဲ့အချိန်တွေကို ကုန်ဆုံးသွားဖို့ မထိုက်တန်ပါဘူး။



၈။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မမေ့ပါနဲ့။
အသည်းကွဲနေတဲ့အချိန်က ကိုယ့်ရဲ့ဘဝအတွက် အဆိုးရွားဆုံးအခိုက်အတန့်တွေထဲက တစ်ခုလို့တောင် ဆိုရမှာဖြစ်ပြီး အဲ့ဒီလိုအချိန်မျိုးမှာ အအိပ်ပျက်၊ အစားပျက်သာဖြစ်ရင် ကိုယ့်ရဲ့ကျန်းမာရေးကို ပိုပြီးထိခိုက်စေမှာ အသေအချာပါ။ အသည်းကွဲတာပျောက်တဲ့ဆေးခါးခါးကို ရေမရောဘဲ ခပ်ပြင်းပြင်းသောက်တာမျိုးတွေကိုလည်း အတတ်နိုင်ဆုံးဆင်ခြင်သင့်ပြီး အသည်းကွဲတဲ့ရောဂါအပြင် အခြားသောရောဂါတွေပါ ထပ်မဝင်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်သင့်ပါတယ်။



#HM
#LifestyleMyanmar
Source: sheknows




Some text some message..