ဆယ်စုနှစ်ပေါင်းများစွာထဲက မိသားစုထဲမှာ အလတ်တွေက အကြီးဆုံး၊ အငယ်ဆုံးတွေရရှိတဲ့ ဂရုစိုက်မှုမျိုးမရရှိကြဘူးလို့ ယုံကြည်ချက်ရှိခဲ့ကြပါတယ်။ ဒီကိစ္စဟာ အိမ်ထောင်စုတိုင်းမှာရှိတဲ့ ပြဿနာမဟုတ်ပေမယ့် သင့်အိမ်မှာ ဒီလိုအခြေအနေမဖြစ်အောင် ဂရုစိုက်ရန် လိုအပ်ပါတယ်။ ဒါ့ကြောင့် ယနေ့မှာ ဒုတိယမြောက်ကလေးတွေမှာ ခံစားရလေ့ရှိတဲ့ second or middle child syndrome အကြောင်းနှင့် ဒါကို ကလေးတွေ ကျော်လွှားဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
Second Child Syndrome ဆိုတာဘာလဲ?
Second Child Syndrome ဆိုတာ (မောင်နှမနှစ်ယောက်သာရှိရင်) ဒုတိယကလေး(သို့) မောင်နှမသုံးယောက်ရှိရင် အလယ်ကလေးဟာ သူတို့ကို ဖယ်ထုတ်ထားတယ်၊ လုံးဝလျစ်လျူရှုထားခြင်းခံရတယ်ဆိုတဲ့ ယုံကြည်မှုမျိုး ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ အငယ်ဆုံးကလေးကို အလိုလိုက်ပြီး အကြီးဆုံးကလေးကို တာဝန်ဝတ္တရားတွေ ပေးတဲ့အခါ အလယ်က ကလေးကို ဂရုစိုက်တာ နည်းသွားပြီး တာဝန်ယူမှုနည်းသွားတဲ့အခါ ဒီအခြေအနေမျိုး ပေါ်ပေါက်လာနိုင်ပါတယ်။
စိတ်ပညာရှင် Kevin Lemanရဲ့ The Birth Order ဆိုတဲ့စာအုပ်မှာ ကလေးငယ်တွေဟာ မွေးချင်းနှစ်ယောက်အကြားမှာ မွေးဖွားလာတဲ့အခါ (သို့) သူတို့က လျစ်လျူရှုခံရတဲ့ အနေအထားမှာ ရှိနေတဲ့အခါ အပယ်ခံထားသလို ခံစားရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ခံစားချက်တွေကို စကားလုံးတွေနဲ့ မပြောပေမယ့် သူတို့ရဲ့ စိတ်သောကတွေကို အပြုအမှုနှင့် ပြောဆိုဆက်သွယ်ကြပါလိမ့်မယ်။
ကလေးတိုင်း Middle Child Syndrome ခံစားရသလား?
အလတ်ဖြစ်တိုင်းတော့ ဒီလက္ခဏာတွေ ခံစားရတာ မဟုတ်ပါဘူး။ သို့သော် မိဘတွေအနေနဲ့ ကလေးတစ်ယောက်ကို မျက်နှာလိုက်ခြင်း၊ မျက်နှာသာအရမ်းပေးခြင်းရှိရင် ဒီပြဿနာတွေ ဖြစ်လာပါတယ်။ မတူညီသော လိုအပ်ချက်တွေ၊ ကွဲပြားသော ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်စီယူဆောင်လာသော သားသမီးတွေအားလုံးရဲ့ လိုအပ်ချက်တွေကို နားထောင်ပေး ၊ ဂရုစိုက်ပေးတဲ့ မိဘတွေရဲ့အိမ်မှာ ဒီလက္ခဏာ မရှိသလောက် နည်းပါတယ်။
Middle Child Syndrome ရဲ့လက္ခဏာများ
ဒုတိယကလေး (သို့) အလတ်ကလေးတွေမှာ ဒီလက္ခဏာတွေ ပြနိုင်ပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့သားသမီးထဲမှာ အလတ်လေးတွေရှိရင် ဒီလက္ခဏာတွေရှိ/မရှိဆိုတာ ရှာဖွေပြီး သူတို့ကို နားလည်ပေးပါ။ ချစ်ပေးပါ။
၁။ Self-Esteem နိမ့်ကျမှုနှင့် မနာလိုမှု
တကယ်လို့ မေမေတို့က အလတ်ကောင်လေးတွေကို အကြီးဆုံးနဲ့ မကြာခဏ နှိုင်းယှဉ်မှုရှိတယ်ဆိုရင် သူတို့မှာ Self-Esteem နိမ့်ကျစေနိုင်ပါတယ်။ ဥပမာ- အလတ်ကောင်လေးတွေဟာ မောင်နှမတွေကြားမှာ ပိုပြီးခက်ခဲနေရင် သင်ဟာ အကိုကြီး/အစ်မကြီးဆီကနေ သင်ယူဖို့ မသိလိုက်ဘဲ ပြောမိတာမျိုး ရှိမှာပါ။ ဒီနှိုင်းယှဉ်ချက်က သူတို့ကို မနာလိုဖြစ်စေဖို့ တွန်းအားဖြစ်စေပါတယ်။
ကလေးတွေကို အလွန်အမင်းနှိုင်းယှဉ်ဖို့ မကြိုးစားပါနဲ့။ ရလဒ်အနေနဲ့ မောင်နှမအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မနှစ်မြို့မှုကို ဖြစ်ပေါ်လာစေပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို လျော့နည်းစေပါတယ်။
၂။ လမ်းညွန်မှုမရှိခြင်း
အကြီးနှင့် အငယ်မောင်နှမတွေအပေါ် အာရုံစိုက်ပါက အလတ်ကလေးတွေဟာ လမ်းလွဲသွားနိုင်ပါတယ်။ မိဘတွေအနေနဲ့ အကြီးဆုံးကလေးအပေါ် ပိုအာရုံစိုက်တာကြောင့် သူတို့ကို စိတ်ရှုပ်စေပါတယ်။ ဒါက သူတို့အား ရည်ရွယ်ချက်မဲ့စေပြီး လူမှုရေးစွမ်းရည်တွေ ကင်းမဲ့စေပါတယ်။
၃။ သူတို့မှာ မျှော်လင့်ချက်မရှိသလို ခံစားရစေပါတယ်
သူတို့ဟာ ကျေးဇူးတင်စကား မကြားရရင် (သို့) တခြားကလေးတွေလို မိဘတွေနှင့်အတူ ပျော်ရွင်စွာမနေရရင် သူတို့ရဲ့ မိသားစုက သူတို့ဆီကနေ ဘာမှမျှော်လင့်မထားဘူးလို့ ခံစားလာကြပါတယ်။ သူတို့ဟာ ဘာမှမလုပ်နိုင်ဘူးလို့ ခံစားရပြီး လူတွေကို တစ်ခုခုပေးဖို့ မမျှော်လင့်တတ်ကြပါဘူး။
၄။ သူတို့ဟာ မိဘရဲ့ ဂရုစိုက်မှုကို တောင့်တတတ်ကြပါတယ်
မေမေတို့ရဲ့ ဒုတိယကလေးက မေမေတို့ပေးတဲ့ ချစ်ခြင်းမေတ္တာနှင့် ချစ်ခင်တွယ်တာမှုကို အစပိုင်းမှာ ပြန်တုံ့ပြန်မှာ မဟုတ်ပါဘူး။ သင့်ကလေးက သင့်ကို မချစ်သလို၊ သင့်ရဲ့ ဂရုစိုက်မှုကို မလိုလားသလို ခံစားရပါက ထပ်စဉ်းစားပါ။ သူတို့မှာ ချစ်ခြင်းမေတ္တာများစွာ လိုအပ်ပါတယ်။ မေမေတို့ပေးတဲ့ ချစ်ခြင်းမေတ္တာပမာဏနဲ့ မပျော်ရွင်ကြောင်း၊ မေမေတို့ဆီက ပိုလိုအပ်ကြောင်း ပြဖို့ကြိုးစားနေတာပါ။ ကလေးတစ်ယောက်စီကို တစ်နေ့လျှင် ၁၀မိနစ်လောက် အချိန်ပေးခြင်းက အကူအညီဖြစ်စေနိုင်ပါတယ်။
၅။ မိဘရဲ့အာရုံစိုက်မှုကို ဖမ်းယူဖို့ ကြိုးစားတတ်ကြပါတယ်
အလတ်လေးတွေဟာ မေးခွန်းများစွာမေးတာမျိုး(သို့) အရာရာတိုင်းမှာ အကူအညီတောင်းခံတာမျိုးဖြင့် မိဘရဲ့ဂရုစိုက်မှုကို ရယူတတ်ကြပါတယ်၊။ သူတို့ကိုယ်တိုင်လုပ်ဖို့ ငြင်းဆန်တာ၊ မိဘတွေ (သို့) အခြားမောင်နှတွေပေါ်မှာ များစွာ မှီခိုတာမျိုး တွေ့ရနိုင်ပါတယ်။ တစ်ခါတလေမှာ မကောင်းသောအပြုအမှုတွေနဲ့ မိဘအာရုံစိုက်လာအောင် ပြုလုပ်တတ်ကြပါတယ်။
၆၊ နှိုင်းယှဉ်တာကို အရမ်းမုန်းကြပါတယ်
မေမေတို့ ကလေးတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အလတ်ကလေးတွေ စိတ်ဆိုးနိုင်ပြီး သူတို့လုပ်ချင်တဲ့အရာနဲ့ လုံးဝဆန့်ကျင်ဘက် ပြုလုပ်နိုင်ပါတယ်။ ဒါ့ကြောင့် မောင်နှမတွေအချင်းချင်း နှိုင်းယှဉ်တာကို ရှောင်ပါ။
သင့်ရဲ့ဒုတိယကလေးက အထူးသဖြင့် သူတို့ကို မချစ်ဘူး၊(သို့) လျစ်လျူရှုထားတယ်လို့ ခံစားရရင် စိတ်ခံစားမှု ပြဿနာတွေ ကြီးထွားလာမယ့် အန္တရာယ်ရှိနိုင်ပါတယ်။ သူတို့ရဲ့လိုအပ်ချက်တွေ၊ ဖွံဖြိုးမှုတွေနှင့် အောင်မြင်မှုတွေကို အရေးမစိုက်ခြင်းက သူတို့ကို motivated မဖြစ်သလို ခံစားရစေပါလိမ့်မယ်။ အခြားကလေးတွေကို ချစ်သလို၊ ဂရုစိုက်သလို အလတ်လေးတွေကို ချစ်ပေး၊ဂရုစိုက်ပေးပါ။
၈။ မောင်နှမချင်းပြိုင်ဆိုင်မှု ဖြစ်လာတတ်ပါတယ်
မောင်နှမတွေအကြား ပြိုင်ဆိုင်မှုက မိသားစုတွေမှာ တွေ့ရလေ့ရှိတဲ့ သာမာန်ကိစ္စတွေ ဖြစ်ပါတယ်။ တကယ်လို့ မိဘတွေဟာ အထက်အောက်ကလေးရဲ့ စိတ်နေသဘာထားနှင့် လိုအပ်ချက်တစ်ခုစီပေါ်မှာ အာရုံမစိုက်ပါက ပိုမိုဆိုးရွားစေနိုင်ပါတယ်။ Negative ဆန်တဲ့ခံစားချက်တွေက ချစ်ခြင်းမေတ္တာရဲ့ ခံစားချက်ကောင်းတွေကို လွှမ်းမိုးသွားနိုင်ပါတယ်။
Middle Child Syndrome မခံစားရအောင် ကာကွယ်ဖို့ သိကောင်းစရာများ
၁။ ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကို သတိပြုပါ
ကျွန်မတို့ဟာ အရွယ်ရောက်သူတွေအနေနဲ့တောင် ရှုံးနိမ့်တဲ့အခါ နှိုင်းယှဉ်ခံရတာကို မကြိုက်ကြပါဘူး။ အထူးသဖြင့် မောင်နှမတွေအချင်းချင်း နှိုင်းယှဉ်မှုကို sensitive ဖြစ်နိုင်ကြပါတယ်၊ တကယ်လို့ အခြားကလေးတွေရဲ့အပြုအမှုကို တန်ဖိုးထားပါက အလတ်ကလေးတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ မှန်ကန်သော နည်းလမ်းကို ပြသနိုင်ပါတယ်။ ဘယ်သူက အကောင်းဆုံးဖြစ်တယ်ဆိုတာကို အရိပ်အမြွတ်တောင် မပြပါနဲ့။ သူတို့ကို လေ့လာသင်ယူဖို့ အချိန်ပေးပါ။
၂။ အရမ်းအလိုမလိုက်ပါနဲ့
ကလေးတွေကို ဂရုစိုက်ပေးခြင်းက မဖြစ်မနေ လိုအပ်ပေမယ့် အရမ်းအလိုလိုက်တာမျိုး၊ သူတို့ကို အဖိုးတန်တစ်ခုလို ခံစားရစေတာမျိုးက မွေးချင်းကလေးတွေအားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ပထမဆုံးကလေးကို အလိုလိုက်မယ်ဆိုရင် ဒုတိယကလေးက အပယ်ခံရသလို ခံစားရနိုင်ပါတယ်။ ကလေးတိုင်းကို သာတူညီမျှ ဆက်ဆံပေးဖို့ လိုပါတယ်။
၃။ အဆုံးအဖြတ်မပေးဘဲ နားထောင်သူဖြစ်ပေးပါ
သင့်ကလေးပြောတာကို နားထောင်ပေးပါ။ သူတို့ ပြသနိုင်တဲ့ ဘယ်စိတ်အားထက်သန်မှုမဆို ဘေးဖယ်မထားပါနဲ့။ နုနယ်တဲ့ ဒီအသက်အရွယ်မှာ မိဘရဲ့အကူအညီလိုပါလိမ့်မယ်။ သူတို့ကို ကူညီဖို့ ရှိပေးရပါမယ်။ ဒါက မလိုအပ်ပါဘူးဆိုပြီး ပယ်ချမထားပါနဲ့။
၄။ သူတို့ကို သီးခြားဖြစ်ခွင့်ပေးပါ
သင့်ရဲ့ပထမဆုံးကလေးက အားကစားတစ်ခုခုမှာ ချန်ပီယံဖြစ်တယ်ဆိုပါစို့။ သင်ဟာ သင့်ရဲ့ အလတ်လေးကို သူ့အစ်ကိုကြီးရဲ့ ခြေရာနင်းစေလိုပါလိမ့်မယ်။ သူ့ကို ဖိအားတွေ အများကြီးပေးခြင်းက စိတ်ဓါတ်ကို ထိခိုက်စေရုံသာမက မိမိကိုယ်ကို လေးစားမှုကိုလည်း ထိခိုက်စေပါလိမ့မယ်။ သူတို့လမ်းကြောင်းကို သူတို့ဘာသာ ရွေးချယ်ခွင့်ပြုပါ။ သူတို့လျှောက်တဲ့ လမ်းတစ်လျှောက် လမ်းညွှန်မှုပေးပြီး လှုံ့ဆော်ပေးပါ။ ထောက်ပံ့မှုပေးတတ်သော မိဘဖြစ်ပါစေ။
၅။သင့်ကလေးကို အထူးခံစားခွင့်ပေးပါ
သင့်ကလေးတစ်ယောက်ချင်းစီကို အထူးခံစားခွင့်ပေးနိုင်ပါတယ်။ သင့်ဒုတိယကလေးနှင့်အတူ activities တွေစီစဉ်တာမျိုး၊ သူ့အိမ်စာကို ကူညီပေးလို့ရအောင် အချိန်ပိုပေးတာမျိုးဖြစ်ပါတယ်။
၆။ မောင်နှမတွေချစ်အောင် ကူညီပေးပါ
အလတ်ကလေးတွေဟာ အခြားသူတွေအပေါ် စာနာမှုဖြင့် ကောင်းမွန်သော စေ့စပ်ညှိနှိုင်းသူများအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။ တစ်မိုးအောက်မှာ မောင်နှမတွေ အတူတကွ ပျော်ရွင်စွာ နေထိုင်နိုင်ဖို့ အတူတူကစားနိုင်အောင်၊ အလုပ်လုပ်နိုင်အောင် ကူညီပါ။
Chit_MayMay
LM_Nandar
Source-momjunction
CHiT MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။