အဆိုးရွားဆုံးအငြင်းပွားမှုပြဿနာတွေဖြစ်နေချိန်မှာ သင့်ပါတနာကို ဘယ်လိုနားလည်ပေးမလဲ
lifestylemyanmar.com
|
2020-07-26



ဘယ်လို relationship တွေမှာမဆို အငြင်းပွားမှုတွေ၊ ပြဿနာတွေကတော့ရှိနေမှာပါပဲ။ သို့ပေမယ့် တစ်ခါတရံမှာ အဲ့ဒီ့အငြင်းပွားမှုတွေ၊ ပြဿနာတွေဟာ အကြောင်းပြချက်ရေရေရာရာမရှိဘဲ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေမျိုးတွေမှာ ကိုယ့်ရဲ့ ပါတနာကို ပိုနားလည်စေနိုင်ဖို့နှင့် အငြင်းပွားမှုတွေကို ပိုကောင်းမွန်တဲ့အမြင်တွေရှိလာစေဖို့ ကူညီပေးနိုင်မယ့် သော့ချက်တွေကို မျှဝေပေးချင်ပါတယ်။

စုံတွဲတစ်တွဲအဖြစ် ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ကိုယ်ပွားအဖြစ် ဘဝကို ရှင်သန်ရတာကလည်း တစ်ခါတလေမှာ အင်မတန်ခက်ခဲပါတယ်။ Relationship တိုင်းမှာ တာဝန်ဝတ္တရားတွေနှင့် ဓလေ့ထုံးတမ်းတွေရှိနေပြီး အဲဒီ့အရာတွေကို တစ်ဖက်ဖက်က ချို့ယွင်းပျက်ကွက်လာတဲ့အခါ အဆက်အသွယ်တွေပြတ်တောက်သွားကြပါတယ်။ သို့ပေမယ့် နှစ်ဖက်စလုံးဟာ relationship အပေါ် နားလည်မှုရှိလာမယ်ဆိုရင် အရာအားလုံးဟာ တိုးတက်လာနိုင်ပါတယ်။ သို့ပေမယ့် သင်တို့ဆက်ဆံရေးမှာ ဒီအချက် (၃) ချက်တော့ လိုအပ်ပါလိမ့်မယ်။




၁။ သင့်ရဲ့ အတွေးအမြင်တွေကို ချဲ့ထွင်ပါ

လူတိုင်းဟာ သူတို့ကိုယ်သူတို့ အကောင်းဆုံး ဒါမှမဟုတ် သူတို့ရဲ့ နည်းလမ်းတွေကသာ အကောင်းဆုံးလို့ထင်တတ်ကြပါတယ်။ သင့်ရဲ့ ကမ္ဘာကြီးမှာ သင်ဖြစ်ချင်သမျှအားလုံးကို သင့်ပါတနာဆီမှာ တွေ့ရဖို့ မျှော်လင့်နေခြင်းဟာ သင့်ရဲ့ အကြီးမားဆုံးအမှားဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်မို့ သင်ဟာ သူတို့ကို ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ်၊ ဘယ်လိုတွေပြောဆိုနေထိုင်ရမယ်ဆိုတာကို စတင်ခြယ်လှယ်ဖို့ ကြိုးစားပါတော့တယ်။

လူတိုင်းဟာ ကွဲပြားခြားနားနေပြီး သင့်လိုချင်တာတွေအားလုံး သင့်ပါတနာမှာ တွေ့ရဖို့ဆိုတာ မဖြစ်နိုင်ကြောင်း သတိရပါ။ ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိဖို့နှင့် စာနာတတ်ဖို့ နားလည်မှုရှိဖို့ ကြိုးစားကြည့်ပါ။ သင့်ရဲ့ လမ်းကြောင်းတွေအတိုင်း လျှောက်လမ်းစေတာထက် သူတို့ကို အခွင့်အရေးပေးပါ။




၂။ လေးစားမှုရှိပါ

တကယ်လို့များ သင့်အနေနဲ့ သာယာပျော်ရွှင်သော relationship တစ်ခုကို လိုချင်တယ်ဆိုရင် တစ်ဦးအပေါ် တစ်ဦးလေးစားမှုတော့ရှိသင့်ပါတယ်။ သင့်ရဲ့ ပါတနာကို ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ်၊ နှုတ်နဲ့ပဲဖြစ်ဖြစ် စော်ကားခြင်းဟာ သင့်ရဲ့ အဆိုးရွားဆုံးအပြုအမူတစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်။ သူတို့ကို အရှက်ခွဲဖို့ (သို့) ထိခိုက်စေဖို့ မကြိုးစားပါနဲ့။ သင်တို့ရဲ့ အဆိုးရွားဆုံးအငြင်းပွားမှုတွေဖြစ်စေမယ်ဆိုရင်တောင် ချစ်ခြင်းမေတ္တာ၊ လေးစားမှုတွေနဲ့ ဆက်ဆံဖို့ လိုအပ်ပါတယ်။

ရိုသေလေးစားမှုသဘောထားရှိခြင်းက သင်သိသင့်သမျှ အကြောင်းအရာအားလုံးကို သင်ပွင့်ပွင့်လင်းလင်းသိရနိုင်ပါတယ်။ ငြင်းပယ်ခံရမယ်၊ လှောင်ပြောင်ခံရနိုင်တယ်လို့ တွေးပူစိုးရိမ်စရာမလိုဘဲ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို မျှဝေလာပါလိမ့်မယ်။ relationship တစ်ခုဆိုတာ နှစ်ဦးနှစ်ဖက်စလုံးလက်ခံနိုင်သော နေရာတစ်ခုဖြစ်ဖို့အရေးကြီးပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးလေးစားမှုမရှိဘူးဆိုရင် သင့်ရဲ့အတွင်းစိတ်အတွေးကို ဖော်ပြဖို့ ခက်ခဲပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး ထဲထဲဝင်ဝင်သိကျွမ်းမှုမရှိဘူးဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလည်း ရှိလာမှာမဟုတ်ပါဘူး။




၃။ ပြတ်သားမှုရှိခြင်း

ပြတ်သားခြင်းဟာ သင့်ထင်မြင်ယူဆချက်တွေကို မျှဝေပေးရုံသာမကဘဲ သင်ပြောနေတဲ့အရာတွေ ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်စေပါလိမ့်မယ်။ သင့်တော်တဲ့စကားလုံးများ (သို့) မှန်ကန်တိကျတဲ့စကားလုံးတွေကိုတော့ အသုံးပြုပေးဖို့ လိုအပ်ပါလိမ့်မယ်။ သင့်ရဲ့ ခံစားချက်တွေနဲ့ သင်လိုချင်တာတွေကို သင့်ပါတနာကို ခန့်မှန်းစေချင်တာထက် သင်ကိုယ်တိုင်က ဘာဖြစ်နေတယ်ဆိုတာ ပြတ်ပြတ်သားသားပြောပြပါ။ မျှဝေပါ။ မဟုတ်ရင် သင်ကိုယ်တိုင်ကလည်း ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ၊ ဘာလိုချင်လို့ လိုချင်မှန်းမသိဖြစ်နေပြီး သင့်ပါတနာက ဘာလုပ်ပေးရမှန်းမသိတဲ့အခါ ဆက်ဆံရေးတွေက အဆုံးသတ်သွားဖို့ပဲ ရှိပါတော့တယ်။

အတိုချုပ်ပြောရရင် သင့်အနေနဲ့ သင့်ပါတနာကို နားလည်ဖို့ ကြိုးစားနေတယ်ဆိုရင် သူတို့ကို နေရာပေးပါ။ သူတို့ရဲ့ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေနှင့် အကြိုက်တွေကို လေးစားပါ။ လေးစားမှုနှင့် ခင်မင်ရင်းနှီးမှု စသောသဘောတူညီချက်တွေကို ရယူပါ။ ဒီလိုအပြုသဘောပြောင်းလဲမှုတွေကို စတင်လိုက်သည်နှင့် တပြိုင်နက် ပြဿနာတွေ၊ အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူလာပါလိမ့်မယ်။

Lifestyle_Myanmar
Nyein_Thu


Ref- youaremom




Some text some message..