ရည်းစားဟောင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်သင့်လား?
moda.com.mm
|
2020-08-04

နှစ်ယောက်သား လမ်းခွဲပြီးလိုက်တဲ့နောက်ဆုံးမှာ အတူတူဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတွေကို သိမ်းထားမှာလား။ ဒါမှမဟုတ် ဖြတ်တောက်လိုက်မှာလား။ စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ အနည်းနဲ့အများတော့ ထိခိုက်တာမို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေမှာပါ။ သတိရတဲ့အချိန်တိုင်း ပြန်ကြည့်ဖို့ သိမ်းထားမလား။ အပြီးတိုင် မေ့ဖျောက်ပစ်လိုက်မလား။

ကျောင်းတုန်းကတည်းက ကြိုက်လာတဲ့အတွဲဆိုပါစို့။ အနာဂတ်ကို အတူတူ ဘယ်လိုမျိုးဖြတ်သန်းမယ်ဆိုတာကို စီစဉ်တိုင်ပင်ထားပြီးသားဆိုပေမယ့် အခြေအနေ၊ အချိန်အခါတစ်ခုခုကြောင့် ဝေးရတော့မယ်ဆိုမယ်ဆိုရင် အမှတ်တရအဖြစ်ရှိနေတဲ့ ဓာတ်ပုံတွေကို ဖျက်ရမယ်ဆိုတာက တော်တော်လေးကို ပြင်းထန်တဲ့ လုပ်ရပ်ဖြစ်စေမှာပါ။ ဓာတ်ပုံတွေဆိုတာကလည်း လူကို လွမ်းဆွတ်အောင်လုပ်နိုင်တဲ့ အရာတစ်ခုပဲ မဟုတ်ဘူးလား။

ဒါမှမဟုတ် အခြားမကောင်းတဲ့အကြောင်းအရာတစ်ခုကြောင့် လမ်းခွဲလိုက်ရတာဆိုရင်တော့ ဒီဓာတ်ပုံတွေကို ဆက်ပြီး သိမ်းထားရတာက အောဂလီဆန်စရာကောင်းမှာပါ။ ဒီလို ကိစ္စတွေက အကြောင်းအရာအမျိူးမျိူးရှိနေနိုင်လို့ သူနဲ့ ရိုက်ထားတဲ့ပုံတွေကော ဖျက်သင့်၊ မဖျက်သင့်ဆိုတာကို အဖြေရှာလိုက်ရအောင်နော်။


ကိုယ်က ထားခဲ့တဲ့သူဆိုရင်




အရာအားလုံးကို ရပ်တန့်ဖို့ ကိုယ်က ဆုံးဖြတ်တဲ့သူဖြစ်ပြီး နှစ်ယောက်ကြားထဲမှာလည်း အခြေအနေတွေက အေးဆေးပဲဆိုရင်တော့ ပုံတွေကို ဆက်ပြီး သိမ်းထားတာက ပြဿနာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် Social Media မှာ ဒီတိုင်းကြီးထားတာက အဆင်ပြေမလားဆိုတာကိုတော့ နှစ်ခေါက်လောက်ပြန်စဉ်းစားသင့်ပါတယ်။

သိမ်းထားလို့ရတာမှန်ပေမယ့် Facebook Profile တို့၊ အဝတ်ဗီရိုမှာ ကပ်ထားတာ၊ မှန်တင်ခုံနား၊ စာကြည့်စားပွဲနား ထားတာတွေကိုတော့ ရှောင်သင့်တယ်လို့ Dating အကြံပေး Masini ကပြောထားပါတယ်။


ကိုယ့်ရည်းစားအသစ်က Insecure ဖြစ်တတ်ရင်




ကိုယ်က ရည်းစား အသစ်ရပြီးသွားတဲ့နောက်မှာ အရင်အချိန်က ရည်းစားဟောင်းနဲ့ ပုံကိုထားတာက သူကြိုက်ချင်မှ ကြိုက်မှာဖြစ်သလို၊ ကိုယ့်ကိုလည်း မကြည်ရင် မကြည်သလို ရစ်နေနိုင်ပါတယ်။ ရည်းစားဟောင်းနဲ့ ရိုက်ထားတဲ့ ပုံတွေက သူ့အတွက် စိတ်ကသိကအောင့်ဖြစ်စေရင် ဖျက်လိုက်တာက အကောင်းဆုံးပါ၊ အတိတ်ထက် အနာဂတ်တွေက ပိုအရေးမကြီးဘူးလား။ အဆိုးဆုံး ကိုယ်ကိုယ်တိုင်က ပုံတွေဖျက်ရတာမကြိုက်ဘူးဆိုရင်တောင်မှ သေချာဆွေးနွေးပြီး နားလည်အောင် ပြောပြသင့်ပါတယ်။


ကိုယ်က စမယ့်ဇာတ်လမ်းလား



ကိုယ့် Facebook Profile ထဲမှာတော့ ရည်းစားဟောင်းနဲ့ပုံထားထားပြီး အကွက်တွေ ရွေ့ချင်ရင်တော့ အရွေ့ခံရတဲ့သူကလည်း ကိုယ့်ကို စိတ်ထဲမှာ သိပ်ထားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကို ခုထိစိတ်မပြတ်သေးဘူးလို့ ထင်သွားနိုင်လို့ပါ။
ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကလည်း အတည်မဟုတ်သေးဘူး၊ အီစီကလီအနေအထားဆိုရင်တော့ ဒီပုံလေးကပဲ အကူအညီအများကြီးရသွားစေမှာပါ။


တစ်ယောက်တည်းရှေ့ဆက်ရတာ ခက်ခဲတယ်




လမ်းခွဲပြီးတဲ့နောက် ကိုယ်က ရှေ့ဆက်ဖို့ခက်ခဲနေတဲ့သူဆိုရင်တော့ ပုံတွေကို ဝေးနိုင်သမျှဝေးဝေးမှာ ထားချင်နေမှာပါ။ အသည်းကွဲနေတဲ့အချိန်မှာ ရည်းစားဟောင်းမပြောနဲ့။ သူနဲ့ ပတ်သတ်တဲ့အရာမှန်သမျှက ကိုယ့်အတွက် ကြေကွဲစရာကောင်းတဲ့အရာတွေပဲဖြစ်နေစေမှာပါ။ ပုံတွေကလည်း အတိတ်ကိုပြန်ပြီး တမ်းတစေနိုင်တာမို့ အသည်းကွဲတာကို ပိုဆိုးစေမှာပါ။ ပုံတွေကို ဖျက်ပစ်တာကို မလိုအပ်ပေမယ့် မမြင်နိုင်တဲ့နေရာမှာ သိမ်းထားတာက ကိုယ့်စိတ်ခံစားချက်ကို သက်သာစေမှာပါ။

အဓိကကတော့ ရှေ့ဆက်ပြီး ဖြတ်သန်းရမယ့် လမ်းခရီးမှာ အဆင်ပြေချောမွေ့နေဖို့ လိုပါတယ်။ ဒီဓာတ်ပုံတွေ ထားတာက ခံစားချက်တွေကို ပိုဆိုးစေရင် ဒါမှမဟုတ် ရှေ့ဆက်ဖို့ ခက်ခဲနေရင် ဖျက်ပစ်လိုက်တာအကောင်းဆုံးဖြစ်စေမှာပါ။ တစ်ခါတစ်လေ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာက အကောင်းဆုံးပဲ မဟုတ်ဘူးလား။




Some text some message..