
လိုတရပရိတ်သတ်အတွက် မကြာခင် ကံကောင်းတော့မယ်ဆိုတာ ကြိုသိနိုင်မယ့် ကမ္ဘာသုံးနိမိတ်ကောက်နည်း တစ်ချို့ကို ဒီနှစ်ဆန်းပိုင်းက တင်ပြခဲ့ဖူးပါတယ်။ အဲဒီအကြောင်း အကျဉ်းပြန်ချုပ်ရရင် (၁) ငှက်ကလေးတွေက ကိုယ်နားအသိုက်လာဖွဲ့တာ (၂) မတော်တဆ အင်္ကျီပြောင်းပြန် ဝတ်မိတာ (၃) ကြယ်ကြွေကျတာ (၄) သက်တံ မြင်ရတာ (၅) လိပ်ပြာအကြီးကြီးတွေ ဝင်လာတာ (၆) ခွေးပေါက်လေး လက်ဆောင် ရတာနဲ့ (၇) ဟိုနားဒီနားက ငွေတိုငွေစတွေ ပြန်ရှာတွေ့ရင် ကံကောင်းလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီတစ်ခါမှာတော့ ကျန်ရှိနေတဲ့ ကံကောင်းစေမယ့် နိမိတ်တွေအကြောင်း အပိုင်း (၂) ကို ဗေဒင်သုတ ရရှိစေဖို့ရာ ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အိမ်ထဲ ခြံထဲကို ကြောင်တစ်ကောင် ဝင်လာရင် သတိထားကြည့်ပါ။ ကြောင်နက်ဆိုရင် ဒါဟာ သစ္စာဖောက် ၊ ယုံကြည်မှု အလွဲသုံးခံရမယ့် နိမိတ် ဖြစ်ပြီး ကြောင်ဖြူဆိုရင် အိမ်သားတစ်ယောက်ယောက် နေထိုင်မကောင်း ဖြစ်မယ့် နိမိတ် ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်ဝါ၊ ရွှေဝါရောင် ကြောင်မျိုး ဝင်လာရင်တော့ ကံကောင်းတော့မယ့် နိမိတ် ဖြစ်ပါတယ်။ ကြောင်ဟာ ဟိုးတုန်းက ဂမ္ဘီရအတတ်ပညာနဲ့ ဆက်နွယ်တဲ့ သတ္တဝါမျိုးလည်း ဖြစ်ပါတယ်။
(၂) သွားရင်းလာရင်း လမ်းမှာ မြွေနဲ့ တည့်တည့်တိုးသူတွေ ရှိကြမှာပါ။ မြွေကို မြင်ရတာဟာ ကိုယ့်ဘဝအတွက် အရေးကြီး အရေးပါတဲ့ အဖြစ်အပျက် (သို့) လူတစ်ယောက် ပေါ်လာမှာကို နိမိတ်ပြတာပါပဲ။ အဆိပ်ပြင်းတဲ့မြွေ ဖြစ်လေ ကံပိုကောင်းလေလို့လည်း အဆိုရှိပါတယ်။ မြန်မာ့ဗေဒင်ပညာမှာတော့ အမျိုးသားဆို ကိုယ့်လက်ဝဲကနေ မြွေ ဖြတ်ရင် ကံကောင်းစေတတ်ပြီး အမျိုးသမီးဆိုရင်တော့ ကိုယ့်လက်ယာက ဖြတ်ရင် ကံကောင်းတယ် လို့ အကြမ်းဖျဉ်းသတ်မှတ်ထားတာ ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ မြွေကို မသတ်ဘဲ လွှတ်ပေးလိုက်သင့်ပါတယ်။
(၃) ကိုယ့်အတွက် နေ့ကောင်းရက်သာလို့ သတ်မှတ်တဲ့ နေ့ (သို့) ရက်ရာဇာတစ်ရက်မှာ တစ်စုံတစ်ယောက်က မုန့်ဖိုးပဲ ဖြစ်ဖြစ်၊ ကြွေးပြန်ပေးတာမျိုး ဖြစ်ဖြစ် ပေးလာခဲ့ရင် အဲဒီငွေကို သိမ်းထားတာပါ။ အဲဒီငွေဟာ ကံကောင်း ပျော်ရွှင်စေမယ့် လာဘ်ငွေ ဖြစ်ပါတယ်။ ကိုယ့်အတွက် နေ့ကောင်းရက်သာမျိုး သတ်မှတ်မထားရင် လဆန်း (၁) ရက် ဒါမှမဟုတ် လပြည့်နေ့မှာ ရလာတဲ့ ငွေစက္ကူတွေဟာ ကံကောင်းစေတဲ့ လာဘ်ခေါ်ငွေပဲ ဖြစ်ပါတယ်။
(၄) မြန်မာ့အယူအဆမှာ လျှာကိုက်မိရင် တစ်ယောက်ယောက်က ကိုယ့်အကြောင်း အတင်းတွေ ပြောနေပြီလို့ ယူဆကြတာ ရှိသလို နိုင်ငံတကာမှာလည်း နားယားရင် အတင်းပြောခံနေရပြီလို့ ယူဆကြတာမျိုး ရှိနေပါတယ်။ ဘယ်ဘက်နား ယားရင် ကိုယ့်အကြောင်း အကောင်း ပြောတာ ဖြစ်ပြီး ညာဘက်နား ယားရင်တော့ မကောင်းတဲ့ အတင်းအဖျင်းတွေ အပြောခံရတယ်လို့ သတ်မှတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နားယားတာဟာ လူမှုဆက်ဆံရေး ၊ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ စိတ်ချမ်းသာစရာတစ်ခုခု ကြုံရမယ့် နိမိတ်အဖြစ် ယူဆကြပါတယ်။
(၅) ပျားအုံစွဲတာ ၊ နွယ်ပင်တက်တာနဲ့ ပတ်သက်လို့တော့ မြန်မာနဲ့ တခြားနိုင်ငံတွေကြားမှာ အယူအဆ ကွဲလွဲမှု ရှိပါတယ်။ ကမ္ဘာသုံးနိမိတ်မှာ အိမ်ကို နွယ်တက်တာကို နိမိတ်ကောင်းလို့ ယူဆပေမယ့် မြန်မာ့ရိုးရာဗေဒင်မှာက ခြေရင်း၊ နောက်ဖေးမှာ တက်မှ နိမိတ်ကောင်း ဖြစ်တာပါ။ အိမ်ရှေ့၊ မျက်နှာစာ နွယ်တက်ရင် အိမ်တွင်းရေးရာ ပြဿနာ ဖြစ်တတ်တယ်လို့ ယူဆတာမျိုး ရှိပါတယ်။ ပျားအုံစွဲရင်လည်း နောက်ဖေးမှာ စွဲမှ နိမိတ်ကောင်းအဖြစ် ယူဆပါတယ်။ အိမ်ရှေ့၊ ခေါင်းရင်းမှာ စွဲရင် စီးပွားရေး ညံ့သွားတတ်ပါတယ်။
အားလုံးပဲ နိမိတ်ဆိုင်ရာ ဗေဒင်သုတတွေနဲ့ ပြည့်စုံကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။