အချစ်ကို မထိတွေ့ဖူးတဲ့သူ ကမ္ဘာပေါ်မှာ မရှိပါဘူး။ ချစ်ခြင်းတရားဆိုတာ သာယာလှပတဲ့အရာပါ။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းခြင်း၊ ဆိုးခြင်းတရားတွေရှိတာကြောင့် အချစ်ကြောင့် ပျော်ရွှင်ခဲ့ရသူတွေရှိသလို အချစ်ကြောင့် အကြီးအကျယ်နာကျင်ခဲ့ရသူတွေလည်းရှိပါတယ်။ ဒါဆိုရင် အချစ်က လူတွေကို ဘယ်လိုအကြောင်းအရာတွေကြောင့် နာကျင်စေရလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်။
၁။ သေခြင်းတရားကို မလွန်ဆန်နိုင်တာကြောင့်။
သေသွားပြီးသား လူတစ်ယောက်ကိုတောင် ကိုယ်က စွဲစွဲလမ်းလမ်းချစ်မိနေတုန်းပဲဆိုရင် အကြီးအကျယ်နာကျင်ရတော့မှာ သေချာပါတယ်။ ကိုယ့်မှာ သူတို့ကို ပွေ့ဖက်ခွင့်မရ၊ စကားပြောခွင့်လည်းမရ၊ မျက်နှာလေးတောင် မြင်ခွင့်မရတော့တဲ့ဘဝမျိုးမှာ ဆက်ချစ်နေရတာက ဘာများအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒါပေမယ့် မတတ်နိုင်တဲ့အဆုံး ရင်ကိုဓားနဲ့မွှမ်းသလို ခံစားနေရရင်တောင် ဆက်ချစ်နေကြတာမဟုတ်လား။ ကိုယ့်ရဲ့ချစ်သူမဟုတ်တောင် ကိုယ်ချစ်ရတဲ့သူက ဒီကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ဆုံးကွယ်လွန်သွားခဲ့သည့်တိုင် အမှတ်တရတွေက ကျန်ခဲ့ဦးမှာပါ။ လောကကြီးကသာ တကယ်တမ်းမျှတတယ်ဆိုရင် ကိုယ့်အတွက် အစားထိုးမရအောင် ချစ်တဲ့သူတစ်ယောက် သေဆုံးသွားတယ်ဆိုရင် သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုပါ တစ်ပါတည်းဖျောက်ဖျက်ပေးရမှာပါ။ ဒါပေမယ့် အခုတော့ ကျန်ရစ်သူက အမှတ်တရတွေ ပွေ့ပိုက်ရင်း ချန်ခဲ့သူထက် ပိုပြီး နာကျင်ခံစားရပါတယ်။
၂။ အပြန်အလှန်မရှိတဲ့ ချစ်ခြင်းမေတ္တာတရားကြောင့်။
အချစ်ဆိုတဲ့အရာက တော်တော်လည်း ထူးခြားဆန်းကြယ်ပါတယ်။ ကိုယ်က ဘယ်လောက်ပဲ ရူးရူးမူးမူးချစ်ပါစေ၊ တစ်ဖက်သားကတော့ ကိုယ်မို့လို့ ပြန်မချစ်တာပါဆိုပြီး ပစ်ပစ်ခါခါလုပ်ခွင့်ရှိနေပါတယ်။ ချစ်သူရည်းစားတွေထဲမှာလည်း ကိုယ်က ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေ တစ်ပုံကြီးတွေ့ဖူးပြီး ကိုယ့်ဘက်က မပြတ်စဲနိုင်တဲ့နောက် နာကျင်မှုတွေပွေ့ပိုက်ရင်း ဆက်ချစ်နေကြတဲ့သူတွေရှိပါတယ်။ ကိုယ့်ကိုပြန်မချစ်တဲ့သူ၊ ကိုယ်ချစ်သလောက် ကိုယ့်ကိုပြန်မချစ်တဲ့သူတွေအပေါ် ဘာကြောင့် အနစ်နာခံပြီး ရင်နာနာနဲ့ ဆက်ချစ်နေကြလဲဆိုတာ စဉ်းစားလို့တောင်မရပါဘူး။
၃။ စိုးရိမ်စရာတွေနဲ့ ပြည့်နှက်နေတာကြောင့်။
အချစ်က မီးလိုပူတယ်ဆိုတဲ့ စကားကလည်း အလကားသပ်သပ်ဖြစ်တည်နေတာ မဟုတ်ပါဘူး။ တချို့ရှိပါတယ်။ ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာကြောက်လို့၊ နောက်တစ်ယောက်နဲ့ ပါသွားမှာစိုးလို့၊ ကိုယ့်ကိုလိမ်ညာမှာစိုးလို့ အရူးမီးဝိုင်းသလို ပူလောင်နေတဲ့သူတွေအများကြီးရှိပြီး သူတို့ကတော့ ချစ်နေရင်းနဲ့ကို နာနာကျင်ကျင်နဲ့ ပူလောင်နေရတဲ့သူတွေလည်း ဖြစ်ပါတယ်။
၄။ ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်မိစေတာကြောင့်။
တကယ်တမ်းအချစ်စိတ်မွှန်သွားပြီဆိုရင် လူတွေက ဆုံးဖြတ်ချက်အမှားတွေချတာမျိုး၊ စကားအမှားတွေပြောမိတာမျိုး၊ မှားယွင်းတဲ့လုပ်ရပ်တွေ လုပ်မိတာမျိုးဖြစ်တတ်တာ အားလုံးအသိပါ။ ဥပမာပြရရင် ရန်ဖြစ်ရင်း ချစ်လွန်းလို့ ပြောလိုက်မိတဲ့စကားတစ်ခွန်းက တစ်ဖက်သားရဲ့ ရင်ခွင်ထဲကို သံမှိုရိုက်သွင်းလိုက်သလို နာကျင်သွားစေတာမျိုးတွေလည်း ဖြစ်တတ်ပြီး အချစ်စိတ်မွှန်ပြီး ကျူးလွန်မိတဲ့ အမှားအယွင်းမှန်သမျှကတော့ နောက်ဆက်တွဲမှာ နာကျင်စရာဆိုးကျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
၅။ အားနည်းချက်တွေကို ပြောဆိုမိကြတာကြောင့်။
ချစ်သူနှစ်ယောက် ရန်ဖြစ်တဲ့အချိန်မှာ တစ်ယောက်ရဲ့အားနည်းချက်တွေကို တစ်ယောက်က အစဖော်ပြီး အပြစ်ဖို့ ပြောဆိုနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ဘယ်လောက်တောင် နာကျင်စရာ မြင်ကွင်းတစ်ခု ဖြစ်လိမ့်မလဲ။ အဲ့ဒီလိုရန်ဖြစ်နေကြတဲ့ ချစ်သူနှစ်ယောက်ကရော ရန်ပွဲပြီးသွားတဲ့အချိန်မှာ ဘယ်လောက်အထိ ခံစားရမလဲ။ ကိုယ်သိပ်ချစ်ရတဲ့သူက ကိုယ့်ရဲ့အားနည်းချက်ကို ရက်ရက်စက်စက်နင်းချေခဲ့ပါလားဆိုတဲ့ အတွေးကြီးက အသည်းထဲတဆစ်ဆစ်နဲ့ နာကျင်နေမှာ အသေအချာပါပဲ။ ဒီလိုမျိုးတွေ မကြာခဏဖြစ်လေ၊ ကိုယ်နဲ့ကိုယ့်ချစ်သူနှစ်ယောက်ကြား ဒဏ်ရာတွေတဖြည်းဖြည်းများပြားလာပြီး နောက်ဆုံးမှာတော့ ကိုယ့်လမ်းကိုယ်လျှောက်ရတဲ့အဆင့်အထိ ရောက်သွားပါလိမ့်မယ်။
#HM
#LifestyleMyanmar
Source: lovehurtbadly