
ထိုညသည် လေးအိမ်တန်းရွာအတွက် လေအကြမ်းဆုံးသောညဟုဆိုရမည်။ တဝေါဝေါတိုက်ခတ်နေသည့်လေကြမ်းကြမ်းများကြောင့် ရွာပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများပင် ယိမ်းထိုးကာ အမြစ်မှကျွတ်ထွက်မတတ်ဖြစ်နေရသည်။ ရွာခံများလည်း ကြောက်မက်ဖွယ်လေတိုက်နှုန်းကြောင့် ထိတ်လန့်နေကြပြီး မိသားစုများတစုတဝေးတည်း ဝိုင်းဖွဲ့ကာ အိမ်ထဲစုရုံးနေကြရ၏။ လက်နှိပ်ဓါတ်မီးလေးကိုင်ကာ လေသံများကို နားစွင့်ရင်း မိမိတို့၏အိမ်လေး မည်သည့်အချိန်တွင် အိမ်အလုံးလိုက်ကျွတ်ထွက်မည်လဲဟု စိုးတထိတ်ထိတ်ဖြင့် တွေးကြောက်နေကြလေသည်။
ထိုသို့သဘာဝဘေးကျရောက်ချိန်တွင် ရွာစွန်မှ ကိုတင်ထွန်း၏အိမ်ကတစ်ပူပေါ်နှစ်ပူဆင့်ခဲ့ရသည်။ ဇနီးသည်ဖြစ်သူ မအေးလှက နေ့စေ့လစေ့မွေးဖွားတော့မည်ဖြစ်၍ အိပ်ရာထက်၌လူးလှိမ့်ကာ အော်ဟစ်နေသဖြင့် ကိုတင်ထွန်းမှာ ဇောချွေးလေးပင်ပျံနေရှာတော့သည်။ လင်မယားနှစ်ယောက်တည်း နေထိုင်ကြသည်လည်းဖြစ်သည့်အခါ ယခုကဲ့သို့ ဥာဉ့်သန်းခေါင်ယံအချိန်တွင် ကျရောက်လာ
သည့်လေပြင်းများကြား၌ မည်သူ့ကိုအကူအညီတောင်းရမည်မှန်းပင် မတွေးတောနိုင်တော့ချေ။
"" အေးလှ... အားတင်းထားဦးဟ... ငါ မစိန်ကြည် ကိုသွားပြေးခေါ်လိုက်မယ်... နော်...အေးလှ... ""
လေးအိမ်တန်းရွာ၏အားကိုးအားထားရာလက်သည်မှာ မစိန်ကြည် သာဖြစ်သည်။ ကိုတင်ထွန်းကို မအေးလှ စကားပင်ပြန်မဖြေနိုင်ရှာပေ။နာကျင်မှုကို အံကြိတ်ကာချွေး
ဒီးဒီးကျနေခဲ့၏။ ကိုတင်ထွန်းမှာ မအေးလှကိုစိတ်မချစွာကြည့်ရင်း အိမ်ထဲမှပြေးထွက်သွား၏။ တဝေါဝေါတိုက်
ခတ်နေသည့်လေပြင်းများကြောင့် ခရီးကတော်တော်နှင့်မတွင်နေချေ။သူ့တွင်ကြောက်လန့်စိတ်လည်းမရှိတော့။ ဇနီးသည်၏ အော်ဟစ်နေသံက လက်ရှိကမ္ဘာထက်ပို၍ ပူလောင်စေသလိုပင်။
"" အစ်မ မစိန်ကြည်... မစိန်ကြည်... ""
လက်သည်၏အိမ်တံခါးကို တဒုန်းဒုန်းထုရိုက်ရင်း အာ
ခေါင်ခြစ်သံဖြင့်အော်ခေါ်နေ၏။ လေပြင်းသံကြောင့် အိမ်ထဲရှိသူများက ကြားဟန်မတူပေ။ ကိုတင်ထွန်းမှာ မောဟိုက်ပင်ငြား သွေးပူနေသဖြင့် ဇွဲမလျော့တမ်း ဆက်လက်အော်ခေါ်နေသည်။
"" ဒုန်း...ဒုန်း ""
"" အစ်မ မစိန်ကြည်... ကျွန်တော့မိန်းမဗိုက်နာနေလို့ကူပါဦး...""
"" ဒုန်း...ဒုန်း...""
တော်တော်ကြာကြာအော်ခေါ်ပြီးမှ အိမ်တံခါးပွင့်လာပြီး
မစိန်ကြည်၏ယောကျာ်း ကိုညိမ်းဖေကထွက်ကြည့်၏။
"" ဟေ... တင်ထွန်း...ဘယ်လိုဖြစ်တာတုန်း...လာ...လာ...
အိမ်ထဲဝင် ""
လေပြင်းကြောင့် အိမ်တံခါးပင်တော်တော်နှင့်ပိတ်၍မရနေပေ။
"" ကျွန်တော့မိန်းမ ဗိုက်နာနေလို့...မွေးတော့မယ်ထင်တယ်...ကူ..ပါဦးဗျာ...""
"" စိန်ကြည်... တင်ထွန်းမိန်းမ မီးဖွားချင်နေပြီတဲ့...""
"" အိုး...ဒုက္ခပါပဲ... လေတွေဒီလောက်ကြမ်းနေတာ...
ကျုပ်ဘယ်လိုလိုက်ရမတုန်း... ""
မစိန်ကြည်သည် အိမ်အပြင်ဖက်မှ ကြောက်မက်ဖွယ်လေပြင်းသံကြောင့် မျက်စိမျက်နှာပျက်ယွင်းနေရှာသည်။
"" ကယ်ပါဦးမစိန်ကြည်ရာ... အေးလှတော်တော်လေးဗိုက်နာနေတာ.. ကျွန်တော်လည်းဘာမှမလုပ်တတ်ဘူး...""
"" ဒုက္ခပါပဲဟယ်... ငါလည်းအပြင်မထွက်ရဲဘူး... လူတောင်လွှင့်ပါသွားမလားကြောက်နေရတယ် ""
"" ကျွန်တော်တွဲခေါ်ပါ့မယ်... လိုက်ပေးပါအစ်မရယ်...
အိမ်မှာလည်းအေးလှတစ်ယောက်ထဲ... ကယ်ပါဦးဗျာ...""
မစိန်ကြည်မှာ တွေဝေစွာဖြင့် ကိုညိမ်းဖေကို လှမ်းကြည့်နေ၏။
"" မီးဖွားဖို့ခက်နေတာပဲစိန်ကြည်ရယ်... ငါလည်းလိုက်ခဲ့မယ်...သွားစို့...""
မစိန်ကြည်လည်း အင်တင်တင်ဖြစ်နေရာမှ ယောကျာ်းပါလိုက်ကူမည်ဆိုသဖြင့် လက်ခံလိုက်တော့သည်။ လိုအပ်သည်များကိုယူပြီးသုံးယောက်သားထွက်လာကြလေ၏။ ယခုတွင်လေက ပိုမိုဆိုးရွားလာနေသလိုပင်။ သုံးယောက်သား လက်ချင်းချိတ်ပြီး လေဆန်ကိုအတင်းတိုးဝှေ့သွားနေရသည်။ ကြမ်းတမ်းလှသောလေတိုက်နှုန်းကြောင့် မျက်လုံးများပင် ကောင်းကောင်းမဖွင့်နိုင်ကြချေ။ သစ်ပင်ငယ်လေးများမှာ ဝုန်းကနဲ ကျိုးကျေကုန်သည်ကို ကြည့်ပြီး မစိန်ကြည် အတော်လေး ကြောက်လန့်နေမိ၏။
ကိုတင်ထွန်း၏အိမ်သို့ အမြန်ဆုံးရောက်ပါစေဟု အကြိမ်ကြိမ်ဆုတောင်းနေလေတော့သည်။
ရှေ့တွင်ခပ်ရေးရေးမြင်နေရသော ကိုတင်ထွန်းအိမ်ကို
ကြည့်ပြီး သုံးယောက်သား ကြက်သေသေသွားရ၏။အိမ်ကလေးမှာ လေပင်မတိုးဆိတ်ငြိမ်၍နေသည်။ နဘေးမှအပင်အချို့လည်း ယိမ်းထိုးခြင်းမရှိ။မြင်ကွင်းကတဖြည်းဖြည်းပီပြင်လာတော့သည်။ အိမ်ကြီးကို အကောင်တစ်ကောင် ရစ်ပတ်နေသည်ကို သုံးယောက်လုံးတွေ့မြင်လိုက်သဖြင့်ဆွံ့အကာ ငေးကြည့်နေမိသည်။ ထိုအကောင်၏ ခေါင်းမှာ ကြီးမားလွန်းပြီး ထရံအိမ်လေးကို အပေါ်မှ အုပ်မိုးထား၏။
"" အမလေးတော်... နဲတဲ့မြွေကြီးမဟုတ်ဘူး... တင်ထွန်း...နင့်အိမ်ကို မြွေမြိုတော့မယ်ဟဲ့...""
"" အေးလှတော့ဒုက္ခပဲ... လုပ်ကြပါဦး... ""
"" ငါတို့လည်းမသွားရဲဘူးတင်ထွန်း... မြွေကြီးက လုံးပတ်ကြီးလိုက်တာ...""
၎င်းတို့ထိုသို့ထိတ်လန့်စွာပြောနေကြစဉ် အိမ်ကိုရစ်ပတ်ထားသောသတ္တဝါသည် သူ၏ကိုယ်ထည်ကို ဖြည်လျော့ပြီး အပင်များကြားတိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
"" ဟာ...သွားပြီ... ထွက်သွားပြီ... ""
"" မရှိတော့ဘူး... လာ...လာ...မြန်မြန်...""
"" ကျုပ်မသွားရဲဘူးတော့...အီး...ဟီး... မတော် ထပ်လာပြီးမြိုခံရမှကြောက်တယ်တော့...""
"" မရှိတော့ပါဘူး...အစ်မ မစိန်ကြည်ရာ... လာပါ...အေးလှတစ်ယောက်ထဲဗျ...""
ကိုတင်ထွန်းက အလွန်ပင်ထိတ်လန့်နေသော်လည်း ဇနီးသည်မအေးလှကို စိတ်ပူနေသဖြင့် အသံကိုမနဲထိန်းပြီးပြောနေရသည်။ ယခုမြွေကြီးကို သူတို့တစ်သက်နှင့်တစ်ကိုယ်တရံတခါမျှ မမြင်ဖူးကြသည်ကသေချာသည်။ ငယ်စဉ်က ဘိုးဘွားများပြောပြသည့် ပုံပြင်များထဲတွင်တော့ ကြားခဲ့ဖူး၏။ သို့သော်ပုံပြင်အဖြစ်မှာပင် အဆုံးသတ်သွားခဲ့သည်။ ယခုကဲ့သို့ မျက်ဝါးထင်ထင်မြင်တွေ့ရလိမ့်မည်ဟု စိတ်ပင်မကူးခဲ့ကြချေ။
"" ကဲ...ကဲ... ဟိုအကောင်ရှည်မရှိတော့ဘူး... အိမ်ထဲမြန်မြန်ဝင်ရအောင်... ဒီမှာကြာကြာရပ်နေရင် ငါတို့လေထဲပါသွားလိမ့်မယ် ""
ကိုညိမ်းဖေကတော့ အနည်းငယ်မကြောက်တတ်ဟန်ရှိသည်။ ထို့ကြောင့်လည်း တစ်ခုခုဆိုလျှင်သူက အလျှင်အမြန်ဆုံးဖြတ်တတ်၏။ကိုညိမ်းဖေ၏ တိုက်တွန်းမှုကြောင့် မစိန်ကြည်လည်း တုန်လှုပ်နေသောဒူးနှစ်ဖက်ကို ထိန်းပြီး အိမ်ထဲသို့လိုက်ဝင်လိုက်တော့လေသည်။
"" အမေရေ... ကယ်ပါ...အမေရဲ့...အား....ဟီး...အီး... ""
မအေးလှမှာ ဖျော့တော့ကာခပ်တိုးတိုးအော်ဟစ်နေ၏။
"" အေးလှ... အေးလှ... မစိန်ကြည်ပါလာပြီ... ""
မစိန်ကြည်မှာ ရေနံဆီမီးခွက်ကိုလှမ်းယူလိုက်ရင်း မအေးလှကို ကြည့်လိုက်၏။ မအေးလှ၏ ပုံစံကို သူမ သိပ်မကြိုက်ချင်ပေ။ အတော်ပင်အားပျော့ခွေနေကာ အသံယဲ့ယဲ့သာထွက်နေနိုင်ပြီး မျက်လုံးပင်မဖွင့်နိုင်တော့ချေ။
"" ဟဲ့...တင်ထွန်း... လာဦး...""
မစိန်ကြည်က ကိုတင်ထွန်းကို အပြင်ခေါ်ထွက်လာ၏။
"" ငါတော့သိပ်အားမရလှဘူး... အေးလှပုံကြည့်ရတာ...စိုးရိမ်ရတယ်ဟဲ့... ""
"" ကယ်ပါဦး...အစ်မ မစိန်ကြည်ရာ... ကယ်ပေးပါဗျာ ""
"" အင်း... ကယ်မှာပါ... ဒါပေမယ့် နင့်ကိုကြိုပြောထားတာ... ငါရေနွေးလိုချင်တယ်...ပြင်ပေးမြန်မြန် ""
"" ဟုတ်ကဲ့...ဟုတ်ကဲ့...""
မစိန်ကြည်လည်း မီးဖွားရာသို့ပြန်ဝင်လာပြီး မအေးလှ၏ဗိုက်ကို စမ်းလိုက်သည်။ ကလေးအခြေအနေကိုစမ်းပြီးသည်နှင့်...
"" ရေ မွှာကပေါက်နေပြီပဲ... ""
"" အေးလှ... ကလေးကခေါင်းမြင်နေရပြီဟ... ညှစ်ကြည့်ဦး...""
"" အီး...အင့်...""
မအေးလှက အတော်ပင် အားတင်းနေရရှာသည်။ ကလေးအပြင်ထွက်နိုင်ဖို့ ရုန်းကန်နေရ၏။
"" အားတင်းထားအေးလှရေ... ထွက်တော့မယ်... ဖြည်းဖြည်းချင်းညှစ်...""
မစိန်ကြည်မှာ အေးလှဗိုက်ကိုပြင်ပေးရင်း ညှစ်ခိုင်းနေသည်။
"" ကျွန်မ သေရတော့မယ်ထင်တယ်...မစိန်ကြည်ရယ်... ကျွန်မမတတ်နိုင်တော့ဘူး..."''
မအေးလှက အမောဆို့နေသည့်အသံပင်ထွက်နေ၏။
"" အိုး...မဟုတ်က ဟုတ်ကအေ... ကလေးခေါင်းထွက်နေပြီ...ညှစ်မယ်... ကြိုးစားညှစ်... မွေးတော့မယ်... ""
"" ဟုတ်... ဟုတ်... အင့်.... အီး... ""
"" မွေးပြီဟေ့...မွေးပြီ... ""
"" မိန်းကလေးတော့ ""
မစိန်ကြည်မှာ ချက်ကြိုးတန်းလန်းနှင့်ကလေးကိုကြည့်ကာ ဝမ်းသာအားရဆိုနေသည်။ ချက်ကြိုးကိုဖြတ်ပြီး မအေးလှကိုကြည့်လိုက်သည့်အခါ မအေးလှမှာ ငြိမ်သက်နေခဲ့ချေပြီ။
"" ဖြစ်မှဖြစ်ရလေ...အေးလှရယ်.. ""
မအေးလှအတွက်စိတ်မကောင်းဖြစ်သွားရသည်။ ကလေးကို ခြေထောက်မှ ဆွဲကိုင်မြှောက်လိုက်ပြီး တင်ပါးကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည့်အခါ...
"" အူဝဲ... ဝဲ ""
"" အစ်မစိန်ကြည်... ဘာလေးတုန်း ""
"" နင့်သမီးလေးတင်ထွန်းရေ ""
"" ဝမ်းသာလိုက်တာဗျာ...""
"" တင်ထွန်း... လာဦး ""
ကိုတင်ထွန်းမှာ ရေနွေးအိုးကြီး ကိုင်လာရင်း အခန်းထဲဝင်လာ၏။မအေးလှကို မြင်သည့်အခါ စိတ်နှလုံးညိုးနွမ်းသွားပြီး ပျော့ခွေကျသွားလေသည်။
"" အေးလှ... အေးလှ... ""
မွေးကင်းစ ကလေးငယ်လေးကတော့ တအဲ့အဲ့ ငိုကြွေးနေသည်မှာမိခင်ဖြစ်သူနှုတ်ဆက်သွားသည်ကို သိနေသည့်အလား။
"" တရားနဲ့သာဖြေပါတင်ထွန်းရာ... ကလေးလေးလည်းရှိသေးတယ်မလား... ""
"" ကျွန်တော်... ဘယ်လိုဖြေနိုင်မလဲဗျာ... အီး...ဟီး... ""
"" ရော့...ရော့... နင့်သမီးကို ချီလိုက်ဦး ""
ပုဆိုးစုတ်လေးဖြင့်ထုပ်ပိုးထားသည့် နီတာရဲလေးကို
ကိုတင်ထွန်းငုံ့ကြည့်လိုက်၏။
"" မြသင်းနွယ်... သမီးလေး မြသင်းနွယ်... သမီးမေမေ မရှိရှာတော့ဘူးကွဲ့... အီး...ဟီး... ""
ကိုညိမ်းဖေနှင့် မစိန်ကြည်တို့လည်း အသုဘစံရန်အတွက်ပြင်ဆင်ပေးရင်း ကိုတင်ထွန်းအတွက် စိတ်မကောင်းကြီးစွာဖြစ်နေကြလေ၏။အားလုံးပြီးစီးသောအခါ အိမ်လယ်ရှိ မီးဖိုလေးဘေးတွင် စုထိုင်လိုက်ကြသည်။
"" ငါတို့လည်း ကလေးအတွက် လိုတာကူညီပေးပါ့မယ် တင်ထွန်းရာ... စိန်ကြည်...ကလေးနို့တိုက်ဖို့... ဘယ်သူရှိတုန်း ""
"" ဟို ခင်ဖြူ တော့ရှိတယ်... သူ့ကလေးက ခြောက်လထဲမှာဆိုတော့ရလောက်မယ်ထင်တယ်... ပြောပေးမယ်လေတင်ထွန်း ""
"" ကျေးဇူးပါအစ်မ မစိန်ကြည်ရာ... ""
"" ကလေးနာမည်က မြသင်းနွယ်လား... အေးလှပေးခဲ့တာလား...နာမည်လေးလှပါ့တော်... ရုပ်လေးနဲ့လိုက်ချက်... ""
"" အေး...ငါလည်းတွေးနေတာ... တင်ထွန်းရော...
အေးလှရော...အသားညိုကြပါတယ်... ကလေးက ဖွေးဆွတ်နေရောဟေ...""
"" ကျွန်တော့သမီးလေးက... အသားဖြူဖြူလေးဗျနော်... ကျွန်တော့လို မညိုဘူး '"'
"" အေးလေကွယ်... ""
"" အေးလှ... ဗိုက်ကြီးခါစက အိပ်မက်မက်တယ်လို့ပြောဖူးတယ်... "
ကိုတင်ထွန်းမှာ မအေးလှအလောင်းကို ငေးကြည့်ကာ
မျက်ရည်ဝဲတက်လာနေသည်။
" သူမက်တာက နဂါးမတစ်ကောင်ရောက်လာပြီး နဂါးဥကြီးကိုင်လာတယ်တဲ့...ဥပေါ်မှာ မြသင်းနွယ် လို့ နာမည်ရေးထားသတဲ့ဗျ... အဲ့ဒီနဂါးဥကိုအေးလှဆီလှမ်းပေးပြီးမှာတယ်ပေါ့... သူ့သမီးကို စောင့်ရှောက်ပေးပါလို့ပြောသတဲ့... အဲ့လိုမက်တယ်ေပြာခဲ့တယ်ဗျာ '"'
"" ဟင်... တင်ထွန်း... ဒီကလေးက ထူးခြားမယ့်ကလေးထင်တယ်...ခုနက မြွေကြီးလေ.... သူ့အမေများလား ""
"" ဟာ...ကပေါက်တိပေါက်ရှာစိန်ကြည်ရာ... ဒါအေးလှမွေးတာပါဟ ""
"" သိပါတယ်တော်... ဟိုမြွေကြီးကိုပြောတာ... ကျုပ်တောင်အပြင်မထွက်ရဲလို့ အသံနားစွင့်နေတာ... ပြန်လာ
မှာကြောက်လိုက်တာ""
"" အစ်မ မစိန်ကြည်ပြောတာ ဟုတ်သလိုလိုရှိသားဗျ... သမီးလေးနဲ့ ခုနကမြွေကြီးဆက်စပ်နေမယ်ထင်တယ် ""
သုံးယောက်သားအတွေးကိုယ်စီဖြင့် မီးဖိုကြီးကို ငေး
ကြည့်နေကြလေတော့၏။ လေပြင်းကျသံလည်းတဖြည်းဖြည်းငြိမ်သက်သွားပြီဖြစ်သလို မီးဖိုမီးလည်း တဖြည်းဖြည်း မီးငြိမ်းစပြုလာပြီ။ တစ်ညလုံးမအိပ်ရ
သဖြင့် အားအင်ချည့်နဲ့နေသကဲ့သို့ခံစားနေကြရသည်။အားတင်းကာ ထရပ်လိုက်ကြပြီး အိမ်တံခါးကိုဖွင့်လိုက်သည့်အခါ...
"" အမလေး... ဟိုမြွေကြီးရောက်နေပြန်ပြီဟ ""
ကိုညိမ်းဖေညွှန်ပြရာသို့ ကြောက်ကြောက်လန့်လန့်ဖြင့် အကြည့်များရောက်သွားကြ၏။ မြွေကြီး၏ ဝမ်းဗိုက်ပိုင်းကို သုံးယောက်လုံး ပြူးတူးပျာတာဖြင့် ကြည့်လိုက်ပြီး တုန်လှုပ်ချောက်ချားသွားကြတော့သည်။
"" အဲ့... အဲ... အဲ... ""
ကလေးငယ်လေးက ငိုသည့်အခါ မြွေကြီးသည် တစ်ချက်လွန့်လူးသွားလေသည်။ ထို့နောက် နှာမှုတ်သံကဲ့သို့ တရှုးရှုး မြည်လာ၏။ထိုအသံကိုကြားသည့်အခါ ကိုတင်ထွန်းလက်ထဲမှ နီတာရဲလေးသည်နှစ်ခြိုက်စွာပြန်အိပ်သွားလေတော့၏။ ထိုအခါမှ မြွေကြီး၏ ကိုယ်ထည်ကတဖြည်း
ဖြည်းပြေလျော့သွားပြီး ရှောကနဲ ပျောက်ကွယ်သွားတော့သည်။
"" ကိုညိမ်းဖေ...ကျုပ်မနေဝံ့တော့ဘူး... ပြန်ကြရအောင်တော်...လေလည်းငြိမ်သွားပြီပဲ ""
"" နေပေးကြပါဦးဗျာ... ဒီမြွေကြီးက အန္တရာယ်မပေးပါဘူး... သူသာရန်ပြုချင်ရင် ခုနကတည်းက ရန်လုပ်မှာပေါ့ဗျာ... သမီးလေးကိုလာစောင့်ရှောက်တာနေမှာပါ... မပြန်ပါနဲ့ဗျာ...""
"" ငါကြောက်လို့ပါတင်ထွန်းရယ်... ဆက်နေရင် ငါသေသွားလိမ့်မယ်...ပြန်မယ်ကိုညိမ်းဖေ... ""
ကိုညိမ်းဖေသည်လည်း အတော်ပင်ထိတ်လန့်နေဟန်ရှိသည်။ ထို့ကြောင့် ကိုတင်ထွန်းကို ဆက်မနေဘဲ ၎င်းတို့အိမ်လိုက်ခဲ့ရန် ခေါ်ငင်လိုက်၏။
"" အေးလှကိုထားခဲ့လို့မဖြစ်ဘူးဗျ... ကျွန်တော့ကိုကူညီပေးကြပါဗျာ... အသုဘတစ်ဖက်... ကလေးတစ်ဖက်နဲ့... တစ်ယောက်ထဲမထားခဲ့ကြပါနဲ့...ရှစ်ကြီးခိုးပါတယ်... ""
"" မိုးကလည်းမြန်မြန်မလင်းနိုင်ဘူးတော် ""
"" လင်းခါနီးပြီ အစ်မ မစိန်ကြည်... မကြာတော့ပါဘူး... စောင့်ပေးပါဗျ...နော် ''''
မစိန်ကြည်လည်းသက်ပြင်းသာတွင်တွင်ချရင်း စိတ်မချစွာဖြင့် အိမ်အပြင်ဖက်သို့သာ လှမ်းလှမ်းကြည့်နေတော့သည်။
"" ရော့... သမီးလေးကိုခဏချီထား...ကျွန်တော်အပြင်ထွက်ကြည့်လိုက်မယ် ""
ကိုတင်ထွန်းက ကလေးကိုလှမ်းပေးပြီး အိမ်အပြင်ထွက်ကြည့်သည်။သူ၏မျက်လုံးကိုသူမယုံနေပေ။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ပါးစပ်အဟောင်းသားဖြင့် အိမ်အမိုးပေါ်သို့ မော့ကြည့်နေမိနေ၏။တုန်လှုပ်မည်ဆိုပါကလည်း တုန်လှုပ်လောက်ပေသည်။ ၎င်း၏အိမ်ကို မြွေကြီးတစ်ကောင်ဟု သူထင်မှတ်ထားသော သတ္တဝါမှာ မြွေမဟုတ်သကဲ့သို့ပင်။ မျက်လုံးနှစ်လုံးကနီရဲနေပြီးအကြေး
ခွံများကအစိမ်းရောင်သမ်းနေသည်။ သတ္တဝါ၏ကိုယ်
ထည်မှာ ဆူးတောင်များကဲ့သို့ပါသည်။ခေါင်းတွင်လည်း အချွန်အတက်သဖွယ် ထိုးထိုးထောင်ထောင်ပါရှိသည်။
ထိုသတ္တဝါမှာ မြွေမဟုတ်နိုင်။ ကြားဖူးနားဝရှိနေသည့် နဂါးများလားဟု ကိုတင်ထွန်းတွေးမိေန၏။ နဂါးကြီးမှာ ကိုတင်ထွန်းကိုပြန်လည်ငုံ့ကြည့်နေသည်။ မျက်လုံးချင်းဆုံမိသောအခါ ကိုတင်ထွန်းသည်တစုံတခုကို ခံစားလိုက်ရသည်။ ထိုအရာက စိတ်ချင်းဆက်၍စကားပြောနေသကဲ့သို့ဖြစ်၏။
"" ကျွန်မသမီးလေးကအမှားလုပ်မိပြီး အပြစ်ပေးခံရလို့ သမီးလေးကိုဒီမှာခဏခိုလှုံခွင့်ပေးပါ... ပြစ်ဒဏ်ကလွတ်ရင် ပြန်လာခေါ်ပါ့မယ်...ကျေးဇူးမမေ့ပါဘူး...""
ထိုကဲ့သို့သောအဓိပ္ပါယ်မျိုးပြောနေသည်ကို ကိုတင်ထွန်းသိရှိနေ၏။တဆက်ထဲ မအေးလှ ကိုယ်ဝန်လွယ်ထားစဉ်က အိပ်မက်ကိုပါ သတိရမိလိုက်သည်။
"" စိတ်ချလက်ချထားခဲ့ပါဗျာ... ကျွန်တော်သေချာစောင့်ရှောက်ပါ့မယ်... ကျေးဇူးဆပ်ဖို့လည်းမလိုပါဘူး... ""
ကိုတင်ထွန်းနှုတ်မှ ထိုသို့ပြောလိုက်သည့်အခါ နဂါးမသည် စိတ်ချသွားဟန်ဖြင့် ခေါင်းတစ်ချက်ငုံ့ကြည့်လာပြီး သစ်
ပင်များကြားဝင်ရောက်ပျောက်ကွယ်သွား၏။ ကိုတင်ထွန်းမှာ သူ့မျက်လုံးသူပွတ်သပ်ရင်း သစ်ပင်များကြားသို့လိုက်ရှာကြည့်လေသည်။ သို့သော်ကြီးမားလွန်းသည့်နဂါးမှာ အစရှာမရ။ မည်သို့ပျောက်သွားသည်ကိုတွေးတောမရခဲ့ချေ။ နဂါးပျောက်ကွယ်သွားသည့်အပင်များသို့ စိုက်
ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေသည်။
"" ဘယ်နှယ့်လဲ တင်ထွန်း... မြွေကြီးရှိသေးလား ""
အိမ်ထဲသို့ပြန်ဝင်လာသော ကိုတင်ထွန်းသည် မစိန်ကြည်ကို ခေါင်းယမ်းပြလိုက်သည်။
"" မရှိတော့ဘူး အစ်မ မစိန်ကြည်... ထွက်သွားပါပြီ.. စိတ်မပူနဲ့တော့ ''''
"" ပြန်လာဦးမလားမသိဘူး ""
"" ကိုညိမ်းဖေ... အစ်မ မစိန်ကြည်... ကျွန်တော်တစ်ခု တောင်းဆိုချင်တယ် ""
မစိန်ကြည်တို့လင်မယားနှစ်ယောက်လုံးက ကိုတင်ထွန်း၏ စကားကိုနားစွင့်နေကြ၏။
"" ဒီမြွေကြီးကိစ္စကို လျှို့ဝှက်ထားပေးပါဗျာ... ဘယ်သူ့ကိုမှ မပြောပြပါနဲ့... ကျွန်တော်တောင်းပန်ပါတယ်... ကတိပေးကြပါဗျာ ""
"" ဘာဖြစ်လို့တုန်းတင်ထွန်း... ""
"" ကျွန်တော်ခုချိန်မှာဘာမှမပြောနိုင်သေးဘူး... ကျွန်တော့သမီးလေးကိုငဲ့ညှာပေးတဲ့အနေနဲ့ နှုတ်ဆိတ်နေပေးပါလို့ ကျွန်တော်တောင်းပန်ပါတယ် ""
ကိုညိမ်းဖေလည်း ကိုတင်ထွန်းကို စိုက်ကြည့်ေနရင်း
တစုံတရာကိုခံစားမိသလိုဖြစ်မိနေသဖြင့် ခေါင်းညိမ့်ပြလိုက်ေလသည်။
"" စိန်ကြည်... ငါတို့ကတိပေးလိုက်ကြရအောင်... ငါလည်းတွေးနေတာ... ဒီကလေးကသာမာန်ကလေးမဟုတ်ဘူး... ငါတို့ဒီကိစ္စကိုမရှိခဲ့ဖူးသလိုပဲနေလိုက်ကြရအောင် ""
"" ဘယ်သူမှမပြောပါဘူးတော်...မတော်လို့မြွေကြီးကသူ့အကြောင်းပြောလို့ ကျုပ်ဆီလာမှာကြောက်လိုက်တာ... ကတိပေးတယ်...ပေးတယ်...တင်ထွန်း ""
ကိုတင်ထွန်းလည်း သက်ပြင်းလေးအသာချလိုက်ရင်း ကလေးငယ်ကိုပွေ့ချီလိုက်လေ၏။
မြသင်းနွယ်သည် အမှန်ပင်ထူးခြားသောသူဟုဆိုရမည်။ သိတတ်စအရွယ်ကတည်းက အသားငါးလုံးဝမစားပေ။ ညှီနံ့နံသည်ဆိုကာပြောတတ်စမြဲ။ မြသင်းနွယ်အကြိုက်ဆုံးက နွားနို့ပင်။ ရွာမှ နို့စားနွားမွေးထားသည့်အိမ်သည် သူမ၏အိမ်ဟုပင်ဆို၍ရသည်။ မနက်တိုင်းလိုလို ထမင်းချိုင့်လေးဆွဲကာ နွားနို့သွားတောင်းတတ်သည်။ ရွာခံများကလည်း မြသင်းနွယ်ဆိုလျှင် ချစ်ခင်ကြသဖြင့် ပိုက်ဆံပေးလျှင်ပင်မယူကြချေ။ မြသင်းနွယ်အများဆုံးသွားတောင်းတတ်သည့်အိမ်ကကိုရွှေရိုးတို့အိမ်ဖြစ်၏။
ကိုရွှေရိုးတို့မိသားစုမှာ အမိမဲ့နေရှာသော မြသင်းနွယ်ကို အချစ်ပိုခဲ့သည်။ ဆွေမတော်မျိုးမတော်သော်လည်း အမျိုးအရင်းကဲ့သို့ချစ်ခင်၏။ မြသင်းနွယ်လာလျှင် လုပ်လက်စအလုပ်များကို ထားခဲ့ကာ နွားနို့ညှစ်ပေးတတ်ကြသည်။ မြသင်းနွယ်ကလည်း ရလာသည့်နွားနို့ကိုအိမ်သို့ယူပြန်လာပြီး နွားနို့အစိမ်းအား အိမ်ခေါင်းရင်း၌ တစ်ဝက်တိတိကို မြေပေါ်သို့လောင်းချတတ်၏။
"" မယ်မယ်အတွက်... သုံးဆောင်တော်မူပါ ""
ဟုနှုတ်မှရေရွတ်ပြောဆိုတတ်သည်။ ကိုတင်ထွန်းမှာ မသိချင်ဟန်သာဆောင်ပေးနေလိုက်၏။ မြသင်းနွယ် ၏အရိပ်အခြေကိုတော့ မျက်ခြေပြတ်မခံပေ။ မြသင်းနွယ်မှာ ယခုအသက် ( ၁၆ )နှစ် သို့ပင်ရောက်ရှိလာချေခဲ့ပြီ။ တစုံတရာထူးခြားချက်ကား မရှိချေ။ မနက်တိုင်းနွားနို့ကို မြေပေါ်သို့လောင်းချတတ်သည်ကလွှဲ၍ သာမာန်သူများအတိုင်းနေထိုင်ပြုမူသည်။ သို့သော်လည်း မြသင်းနွယ်၏ ရုပ်အဆင်းမှာ ကိုတင်ထွန်းနှင့် မအေးလှ တို့နှင့် လုံးလုံး
မနီးစပ်ပေ။
အသားအရည်ဖြူဝင်းမွတ်နေပြီး မျက်လုံးမျက်ဖန်အလွန်လှ၏။ ချောမောလှပသည့်ရုပ်ရည်ကြောင့်လည်း လေးအိမ်တန်းရွာတွင်မြသင်းနွယ်က အလွန်ထင်ပေါ်ေလသည်။ ရှည်လျားနက်မှောင်သည့်ဆံကေသာကလည်း ဆွဲဆောင်မှုရှိနေခဲ့၏။ အပျိုဖြန်းကလေးဖြစ်လာတော့မည့်သူမသည် ကာလသားများကြား ရေပန်းစားလှသည်။မြသင်းနွယ်မှာ ငယ်စဉ်ကတည်းက ဘာသာတရားအလွန်လိုက်စားသူလည်းဖြစ်သည်။ ဥပုသ်နေ့ဆိုလျှင် သူမသည်မည်သည့်အလုပ်မှမလုပ်တော့ပေ။ ရွာဦးကျောင်းသို့ ဆွမ်းချက်ပို့သည်။ စေတီပုထိုးများတွင်တံမြက်စည်းလှည်း ပန်းကပ် ရေကပ်ခြင်း၊ ညနေပိုင်းတွင် ဥပုသ်သီလစောင့်ခြင်း တို့ကိုလုပ်ဆောင်၏။
စကားပြောဆိုရာတွင်လည်း မည်သည့်အခါမှ ကြမ်းတမ်းသည့်စကားများမပြောဆိုတတ်ပေ။ သို့သော်သူမ၌အား
နည်းချက်တစ်ခုရှိလေ၏။ဒေါသအလွန်ကြီးတတ်ခြင်းပင်။ ဒေါသကို သူမထိန်းချုပ်ရမည်ဟုသတိရှိသော်လည်း တရံတခါတွင် ဒေါသမထိန်းနိုင်သည့်အခါ သူမ၏လက်
ဖြင့် တို့ဆိတ်မိရုံနှင့် ထိုသူသည်အလွန်နာကျင်သွားတတ်
သည်။သာမာန်ရိုးရိုးနာကျင်ခြင်းတော့မဟုတ်။ မြသင်းနွယ်ကဆွဲဆိတ်ခြင်း၊ရိုက်ပုတ်ခြင်းခံရလျှင် အညိုကွက်ကြီးအဖြစ်စွဲကျန်ရစ်ပြီး တစ်ပတ်ဆယ်ရက်ခန့် နာကျင်နေတတ်၏။ ထိုသို့ခံရဖူးသူများက မြသင်းနွယ်ကို ရွာသူ၊ စုန်းမဟု ပြောဆိုကြလေတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သောတာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။