
ဘဝနေနည်းနဲ့ ပတ်သတ်ရင် မိဘတွေက အနီးဆုံး ကိုယ် သင်ယူရတဲ့သူတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ထက် ပိုပြီး ဖြတ်သန်းလာခဲ့ရတဲ့သူတွေ ဖြစ်တဲ့ မေမေတွေဆီမှာ သဘောကျစရာ လေ့လာ သင်ယူသင့်တဲ့ အချက်တွေ ရှိနေပါတယ်။ မေမေတွေဆီမှာ ရှိနေတဲ့ အခုလို အချက်တွေက တကယ့်ကို သင်ယူစရာတွေပါပဲ။
(၁) သည်းခံနိုင်နိုင်စွမ်း
အမေတွေကတော့ သူတို့ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် အိမ်အတွက် လိုအပ်တာတွေကို မလစ်ဟင်းစေသူတွေ ဖြစ်ပါတယ်။ သားသမီးတွေ ငယ်လို့ မလုပ်နိုင်တာကိုလည်း သည်းခံနိုင်ပြီး အိမ်ထဲမှာပဲ အချိန်အများဆုံး ကုန်ပြီး အလုပ်လုပ်နေရတာကိုလည်း သည်းခံနိုင်ကြပါတယ်။ သားသမီးတွေရဲ့ ဆိုးမွေ၊ ကောင်းမွေတွေအပေါ်လည်း သည်းခံတတ်ကြပါသေးတယ်။ မေမေတွေရဲ့ သည်းခံသင့်တဲ့အရာတွေ သည်းခံတယ်ဆိုတဲ့ အကျင့်က လေးစားစရာပါပဲ။

Photo by VisionPic .net from Pexels
(၂) စိတ်ထားတတ်ခြင်း
စိတ်ထားအတွက်လည်း မေမေတွေဆီကနေ သင်ယူလို့ ရပါသေးတယ်။ မေမေတွေက သူပဲ အိမ်မှာ လုပ်နေကြရပေမယ့် ဆူပူတာကလွဲရင် ပြစ်တင်တာမျိုး မလုပ်တတ်ကြပါဘူး။ သူ လုပ်ရမယ့်တာဝန်တစ်ခုလို မိသားစုဝင်တွေရဲ့ လစ်ဟာနေတဲ့ ဝေယျာဝစ္စတွေကို သူတို့က လုပ်ပေးတတ်ကြတာက သူတို့ရဲ့ မိသားစုအပေါ် ထားတဲ့ စိတ်ထားကောင်း တစ်ခုပါပဲ။ မိသားစုအပေါ် ဘယ်တော့မှ တွက်ကပ်တာမျိုးကိုလည်း မေမေတွေက မလုပ်တတ်ကြပါဘူး။ ဒီလိုမျိုး လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်ဆိုတာမျိုးကို မေမေတွေဆီက သင်ယူနိုင်ပါတယ်။

Photo by Andrea Piacquadio from Pexels
(၃) ဝတ္တရားကို နားလည်ခြင်း
အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဆိုတာ ဟင်းချက်တာထက် ပိုတဲ့ အခန်းကဏ္ဍမှာ ဖြစ်ပါတယ်။ ငါက မိခင်၊ ဇနီးမယား အိမ်မှာ ဖြည့်ဆည်းပေးဖို့ ဂရုစိုက်ပေးရတဲ့ သူ ဖြစ်တယ်ဆိုတာကို မေမေတွေက နားလည်ကြပါတယ်။ သားသမီးနေမကောင်းရင် ထိပ်ဆုံးက စိတ်ပူပြီး ဂရုစိုက် ပြုစုတာ မေမေတွေ ဖြစ်သလို၊ ခင်ပွန်း နေမကောင်းရင်လည်း အဦးဆုံး အချိန်ပေး ဂရုစိုက်တတ်တာ မေမေတွေပါပဲ။ အိမ်သန့်ရှင်းရေးအတွက်လည်း သူတို့က လုပ်တတ်ပါသေးတယ်။ ဒါက အိမ်တစ်အိမ်မှာ ကိုယ်ရဲ့ ဝတ္တရားကို သိတတ်ခြင်းကို ပြနေတာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းက ကိုယ်နဲ့ သက်ဆိုင်တဲ့ ဝတ္တရားတွေကို ကျေပွန်ဖို့လိုတယ်ဆိုတာကို မေမေတွေက ပြနေပါတယ်။

Photo by Ketut Subiyanto from Pexels
(၄) မေတ္တာထားတတ်ပုံ
သားသမီး ဘယ်နှစ်ဦးပဲ မွေးထားမွေးထား မေမေတွေက တတ်စွမ်းသရွေ့ အကောင်းဆုံး ချစ်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စရိုက်တွေ အကျင့်တွေ မတူကြလို့ တစ်ယောက်ကို ပိုဂရုစိုက်တဲ့ပုံစံမျိုးတွေ ရှိပေမယ့်လည်း ဒါက မိဘမေတ္တာကြောင့် ဖြစ်လာတဲ့ အခြေအနေတွေပါပဲ။ သားသမီးတွေက ကိုယ့်အပေါ် ဂရုမစိုက်ရင်တောင် အကောင်းဆုံး ဖြစ်စေချင်ကြသူတွေလည်း ဖြစ်ပါတယ်။ ဒါက မေတ္တာတရား ရှိရင် ဘယ်လောက် အေးချမ်းသလဲကို မြင်စေတာ ဖြစ်ပါတယ်။ သင်ယူသင့်တဲ့ အချက်တစ်ချက်ပါပဲ။

Photo by Ketut Subiyanto from Pexels
(၅) လူမှု ဆက်ဆံရေး
မေမေတွေကတော့ လူမှုဆက်ဆံရေး အလုပ်ရဆုံးပါပဲ။ သားသမီးတွေရဲ့ သူငယ်ချင်းတွေ၊ ကလေးဘဝကနေ လူကြီးဘဝအထိ ပြောင်းနေတဲ့ သူငယ်ချင်းတွေ အားလုံးကို အမေတွေက ပြောဆိုတတ်ပြီး ခင်ပွန်းဘက်က မိသားစုကိုရော ကိုယ့်မိသားစု ဘက်မှာရော မဖြစ်မနေ ဆက်သွယ် ပြောဆိုနေရပါတယ်။ ဒါက သူတို့ရဲ့ မတူညီတဲ့သူတွေကို နားလည်ပြီး ဆက်ဆံပြောဆိုတတ်တဲ့ စွမ်းရည်တစ်ခုပါပဲ။ ဒီလိုမျိုး လူမှုရေးဆက်ဆံပုံကိုလည်း လေ့လာသင့်ပါတယ်နော်။
Kham