လူတစ်ယောက်အပေါ် ယုံကြည်သင့်၊ မယုံကြည်သင့် ဘယ်လိုမျိုးဆုံးဖြတ်မလဲ ???
lifestylemyanmar.com
|
2020-09-16



လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် ယုံကြည်မှုအပြည့်အဝပေးဖို့ဆိုတာ အင်မတန်မှခက်ခဲတဲ့ကိစ္စရပ်ပါ။ တစ်ခါတလေ ကိုယ့်ဘဝနဲ့ရင်းနှီးပြီး ယုံကြည်ခဲ့ရသူက ကိုယ့်အပေါ်ကို ရက်ရက်စက်စက် သစ္စာဖောက်သွားရင် တစ်ဘဝလုံးစာခံစားရပြီး နောင်တစ်ချိန်မှာ အခြားသူတစ်ယောက်ယောက်ကို ယုံကြည်ဖို့ခက်ခဲတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် လူတစ်ယောက်ကို ယုံကြည်သင့်၊ မယုံကြည်သင့် ဘယ်လိုမျိုးအချက်တွေနဲ့ဆုံးဖြတ်မလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။




၁။ သူ့ရဲ့မျက်နှာအမူအရာကို ဆင်ခြင်သုံးသပ်ပါ။



ကိုယ့်အပေါ်ကို သစ္စာဖောက်မယ့်သူ၊ ကိုယ့်ရဲ့ ယုံကြည်ချက်ကို အလွဲသုံးစားလုပ်မယ့်သူဆိုရင် စတွေ့တည်းက မျက်နှာပေါ်မှာအတိုင်းသားမြင်နိုင်ပါတယ်။ များသောအားဖြင့် တော်တော်များများကလည်း သူတို့နဲ့ပထမဆုံးစတွေ့တဲ့လူကို စိတ်ကတစ်ဆင့် ဦးနှောက်နဲ့ဝေဖန်ဆုံးဖြတ်လေ့ရှိပါတယ်။ ကိုယ်နဲ့စကားပြောတဲ့အချိန်မှာ သူတို့ရဲ့အမူအရာ၊ ပုံပန်းသွင်ပြင်၊ မျက်လုံးကရောဘယ်လိုရှိမလဲ၊ ခန္ဓာကိုယ်နေဟန်ကရော ဘယ်လိုမျိုးဖြစ်နေမလဲဆိုတဲ့အချက်ကိုကြည့်ပြီး ကိုယ့်အတွက် ယုံကြည်လို့ရတဲ့လူဟုတ်၊ မဟုတ် စဉ်းစားဆုံးဖြတ်လို့ရပါတယ်။ လေ့လာသူတွေတွေ့ရှိထားတဲ့အချက်တစ်ခုကိုပြောရမယ်ဆိုရင် ကိုယ့်အတွက် ယုံကြည်ရမယ့်လူတစ်ယောက်ရဲ့ မျက်နှာမှာ မျက်ခုံးနဲ့နှုတ်ခမ်းတွေက အပေါ်ဘက်ကိုလှန်ထားလေ့ရှိပြီး ကိုယ့်အတွက် ယုံစားလို့မရတဲ့လူတစ်ယောက်ရဲ့မျက်နှာမှာတော့ မျက်ခုံးတွေကအောက်ဘက်ကို ညွှန်ပြနေပြီး နှုတ်ခမ်းတွေကလည်း အစွန်နားကိုကပ်နေတယ်လို့ဆိုကြပါတယ်။ ဒီပုံပန်းသွင်ပြင်တွေက သူတို့ရဲ့မူလသွင်ပြင်မဟုတ်ဘဲ ကိုယ်နဲ့စကားပြောတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ မျက်နှာအနေအထားတွေကို စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။




၂။ ဦးနှောက်နဲ့ဆုံးဖြတ်ပါ။



လူသားတွေရဲ့ဦးနှောက်က ကိုယ့်အတွက် ယုံကြည်ရတဲ့လူတစ်ယောက်နဲ့ စကားပြောနေပြီဆိုရင် တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံလောက်ပဲ အချိန်ယူပြီး ဆုံးဖြတ်ချက်ကောင်းကောင်းချမှတ်နိုင်ပါတယ်။ ဒါပေမယ့် တဒင်္ဂအမြင်တစ်ခုက ကိုယ့်အတွက် ယုံကြည်ရတဲ့လူလား၊ မယုံကြည်သင့်တဲ့လူလားဆိုတာကို မှန်မှန်ကန်ကန်နဲ့ဆုံးဖြတ်နိုင်တယ်ဆိုတဲ့အချက်အပေါ် တိကျခိုင်မာတဲ့သက်သေမရှိသေးပါဘူး။




၃။ အချိန်ယူစဉ်းစားပါ။



အကောင်းဆုံးနည်းလမ်းကတော့ အချိန်တစ်ခုယူပြီး သေချာစဉ်းစားပါ။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုကိစ္စှရပ်တွေ၊ အရောင်းအဝယ်ကိစ္စရပ်တွေအတွက် လူတစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ မယုံကြည်သင့်ဘဲ ကိုယ့်အသိတစ်ယောက်ယောက်နဲ့အရင်ဆုံးတိုင်ပင်တာပဲဖြစ်ဖြစ်၊ အိမ်ပြန်ပြီးအေးအေးဆေးဆေးစဉ်းစားဆုံးဖြတ်တာမျိုးဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။




၄။ အမူအရာကို အကဲဖြတ်ပါ။



ကိုယ်နဲ့ခင်မင်ရင်းနှီးတာမကြာသေးဘဲနဲ့ ကိုယ်နဲ့နှစ်ပေါင်းများစွာ ရင်းနှီးလာသလို ပုံစံမျိုးနဲ့ဗြုန်းစားကြီး အဆက်အဆံလုပ်လာပြီဆိုရင်တော့ အထူးသတိထားပါ။ အဲ့ဒါဆိုရင်တော့ သူတို့မှာ ကိုယ်နဲ့ပတ်သက်လို့ မရိုးသားတဲ့ အကြံအစည်တစ်ခုခုရှိနေပုံရပြီး ကိုယ်ကသူတို့ရဲ့ စကားလုံးချိုချိုတွေအပေါ်မှာ သာယာသွားပြီဆိုရင်တော့ သူတို့ထောင်ထားတဲ့ကျော့ကွင်းထဲကို တန်းတန်းမတ်မတ် ဝင်သွားပါလိမ့်မယ်။




၅။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။



အဲ့ဒီလူနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာမေးခွန်းထုတ်သင့်ပါတယ်။ အခြားသူတွေအပေါ် ဘယ်လိုမျိုးဆက်ဆံသလဲ၊ အခြားသူတွေကို ဆက်ဆံတဲ့ပုံနဲ့ကိုယ့်အပေါ် ဆက်ဆံတဲ့ပုံစံတူသလား၊ စားပွဲထိုးတွေ၊ တက္ကစီဒရိုင်ဘာတွေကို ဘယ်လိုမျိုးဆက်ဆံသလဲဆိုတာတွေအပြင် လိုအပ်တာထက်ပိုပြီး ကိုယ့်ကိုလောကွတ်လုပ်လွန်းအားကြီးနေလားဆိုတာကို အသေအချာမြင်အောင်ကြည့်သင့်ပါတယ်။ ကိုယ်မသိတဲ့သူ့ရဲ့ အပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ပတ်သက်တာတွေကိုပါ သိထားရင်ပိုကောင်းပါတယ်။ အပေါ်ယံအမြင်နဲ့ဆုံးဖြတ်တာထက် သူ့အကြောင်းကို ခရေစေ့တွင်းကျသိထားပြီးမှ ယုံကြည်သင့်၊ မယုံကြည်သင့် စဉ်းစားဆုံးဖြတ်တာ အကောင်းဆုံးဖြစ်ပါတယ်လို့ Lifestyle Myanmar ရဲ့ပရိသတ်တွေကို အကြံပေးလိုက်ရပါတယ်။




#HM

#LifestyleMyanmar

Source: psychologytoday





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..