မြင့်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်နိုင်ဖို့အတွက် နည်းလမ်း (၅) မျိုး
lifestylemyanmar.com
|
2020-09-22



ခွင့်လွှတ်ခြင်းဆိုတာက အားလုံးရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါပဲ။ ကိုယ်က ဘယ်လိုမျိုးကောင်းပေးနေပါစေ၊ တချို့ကတော့ ကိုယ့်ရဲ့စေတနာကို မမြင်နိုင်ကြပါဘူး။ ဒါပေမယ့် အဲ့ဒီလိုအချိန်မျိုးမှာ ကိုယ်က ဝေဒနာတွေဖြစ်ပြီး ကျန်ခဲ့ရင် နောက်ဆုံး ကိုယ်ပဲ လူဆိုးကြီးဖြစ်ရမှာပါ။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ မြင့်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်နိုင်ဖို့၊ တစ်နည်းအားဖြင့် ခွင့်လွှတ်တတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်း (၅) မျိုးကို မျှဝေပေးချင်ပါတယ်။




၁။ ခွင့်လွှတ်ဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်ချမှတ်ပါ။

ခွင့်လွှတ်တယ်ဆိုတာက တစ်စုံတစ်ယောက်ကို ချည်နှောင်ထားဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ခွင့်ပေးဖို့အတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့စိတ်က အေးချမ်းသွားမှာဖြစ်ပြီး ရှေ့ဆက်ဖို့အတွက် ခွန်အားအသစ်တွေရလာမှာပါ။ အဲ့ဒါကြောင့် ခွင့်လွှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချမှတ်ပြီး စိတ်ထဲမှာရှိတဲ့ အာဃာတ,တရားတွေအားလုံးကို ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။




၂။ ခွင့်လွှတ်လိုက်တဲ့လုပ်ရပ်က ကိုယ့်အတွက်ကောင်းမွန်တယ်ဆိုတာကို သိထားပါ။

တစ်ပါးသူက ကိုယ့်အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်ကြီးကို အမြဲတမ်း စိတ်ထဲထားပြီး တွေးတောနေတာက ကိုယ့်ရဲ့ တစ်နေ့တာလုပ်ဆောင်စရာရှိတဲ့ ကိစ္စတွေကို သေချာပေါက် ထိခိုက်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့နှလုံးကျန်းမာရေးတွေကို ထိခိုက်စေပါတယ်။ အဲ့ဒါကြောင့် မလိုအပ်ဘဲ အချိန်မဖြုန်းတော့ဘဲ ကိုယ်ကိုယ်တိုင် ကောင်းမွန်ဖို့အတွက် ခွင့်လွှတ်ပေးရမယ်ဆိုတာကို စိတ်ထဲမှတ်ထားလိုက်ပါ။




၃။ စာနာစိတ်မွေးမြူပါ။

ဟိုအရင် အတိတ်မှာ ကိုယ်ကိုယ်တိုင်ကလည်း သူတစ်ပါးအပေါ် နာကျင်အောင် လုပ်ခဲ့ဖူးတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ကတန်ပြန်ခံစားရတဲ့အချိန်မှာလည်း တစ်ချိန်တုန်းက အမှားအယွင်းတွေကို ပြန်လည်တွေးဆပြီး ခွင့်လွှတ်ပေးလိုက်ပါ။ လွယ်လွယ်နဲ့ ခွင့်မလွှတ်ပေးနိုင်သည့်တိုင် သူတို့ဆီမှာ ဘယ်လိုမျိုးပြဿနာတွေရှိခဲ့လဲ၊ ကလေးဘဝ ဒါမှမဟုတ် အတိတ်တုန်းက နာကျင်စရာတွေကြောင့် ကိုယ့်အပေါ်ကို ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သလား၊ အခုရော ဒီလူတွေက ပြောင်းလဲနေပြီလားဆိုတာတွေကို စဉ်းစားပေးသင့်ပါတယ်။ ဒီလိုအချက်တွေကို စဉ်းစားစာနာပေးတတ်လာပြီဆိုရင်တော့ ခွင့်လွှတ်ပေးရတဲ့ကိစ္စက ကိုယ့်အတွက် ပိုမိုလွယ်ကူလာပါလိမ့်မယ်။




၄။ စာတစ်စောင်ရေးပြီး ပေးလိုက်ပါ။

ကိုယ့်အပေါ်ကို သူကဘယ်လိုနည်းလမ်းတွေနဲ့ နာကျင်အောင်လုပ်ခဲ့လဲ၊ သူ့ကြောင့် ကိုယ်က ဘယ်လောက်အထိ နာကျင်ပြီး အဆုံးအရှုံးတွေ များပြားခဲ့ရလဲဆိုတဲ့ အချက်တွေ၊ ကိုယ့်ရဲ့ခံစားချက်တွေ အားလုံး ချရေးထားတဲ့ စာတစ်စောင်ကို အဲ့ဒီလူဆီပေးလိုက်ပါ။ ပြီးရင် မျက်နှာချင်းဆိုင် ဖြေရှင်းဖို့လိုအပ်တယ်ဆိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသင့်ပါတယ်။ ပြီးရင်တော့ အဲ့ဒီအကြောင်းအရာတွေအားလုံးကို ကိုယ့်စိတ်ထဲက ဆွဲထုတ်ပစ်ပြီး ခွင့်လွှတ်တဲ့စိတ်တစ်ခုနဲ့ အသက်ဆက်ရှင်သွားလိုက်ပါတော့။




၅။ အကောင်းမြင်တတ်တဲ့စိတ်ကို မွေးပါ။

သူနဲ့ပတ်သက်လို့ စိတ်ထဲသိမ်းထားပြီး နာကျည်းနေတာမျိုး၊ ရန်ငြိုးတွေ၊ အမုန်းတရားတွေနဲ့ အသက်ဆက်ရှင်နေရတာက ကိုယ့်အတွက် ဘယ်လိုကောင်းကျိုးများရှိနိုင်မှာမို့လို့လဲ။ အဲ့ဒါကြောင့် ဒီအရာတွေအားလုံးကို အပြီးတိုင်မေ့ပစ်လိုက်ပြီး အတိတ်ကို အတိတ်မှာပဲထားရစ်ခဲ့လိုက်ပါ။ စဉ်းစားနေရင်တောင် အချိန်ကြာပါတယ်။ အခုပဲ ဒီအချက်တွေကို လိုက်နာကျင့်သုံးရင်းနဲ့ ခွင့်လွှတ်တတ်သူတစ်ယောက်၊ စိတ်သဘောထားကြီးသူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်လိုက်ရအောင်နော်။




#HM

#LifestyleMyanmar

Source: huffspot




Some text some message..