
၁။
စက်မှုဇုံမြို့သစ်၏ တောင်ဘက်တွင် ရှိသော ဘိုးပေအင်းကြီး၏ ညာဘက် ကန်ဘောင်လမ်း၌ လူအများ စုရုံး စုရုံး ဖြင့် အင်းရေပြင်သို့ ကြည့်ကာ တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြသည်။
မှန်၏။ ကန်ဘောင်မြေသားလမ်းပေါ်တွင် လူနာတင်ယာဉ်တစ်စီး နှင့် ရဲကားတစ်စီးသည်လည်း အရေးပေါ်မီးကို ဖွင့်လျက်သား ရပ်ထားကြသည်ကို မြင်တွေ့ရ၏။
လူအများ စိတ်ဝင်စားလျက် ကြည့်နေသော မြင်ကွင်းကား အင်းရေပေါ်တွင် ပေါလောပေါ်နေသော ယောက်ကျားအလောင်းတစ်လောင်းဖြစ်ပါသည်။
အံဩစရာကား ထိုယောက်ကျားအလောင်း၏ ကိုယ်ပေါ်၌ အဝတ်အစားမဲ့နေခြင်းပင်။
ကိုယ်လုံးတီး ကိုယ်ခန္ဓာကြီးက မှောက်ခုံကြီး။ ဦးခေါင်း နှင့် ခန္ဓာကိုယ်အောက်ပေါင်းမှာ ရေထဲ စိုက်နေ၏။
ကျောပြောင်ကြီးကား အထင်းသားမြင်တွေ့နေရသည်။ထို မသတီစဖွယ် အနိဌာရုံ မြင်ကွင်းကိုပင် လူအများက ဝိုင်းအုံ စပ်စု ကြည့်ရှု့နေကြခြင်းဖြစ်ပါ၏။
တာဝန်ရှိသော ရဲများက လူအုပ်စုကို မိမိအိမ်သို့ ပြန်ကြရန် မေတ္တာရပ်ခံကြသည်။ရေနစ်သေဆုံးသူမှာ မိမိကိုယ်ကို သေကြောင်း ကြံစည်ခြင်းလား သို့မဟုတ်
အသတ်ခံရခြင်းလားဆိုတာ ရဲများက စစ်ဆေးကြရဦးမည်မဟုတ်လား။
အလောင်းကိုယ်ထည်ကို ခဲရာခက်ဆစ်ဖြင့် ရေထဲမှ ဆယ်ယူ၍ ကန်ဘောင်ရိုးလေးပေါ်သို့ တင်နိုင်ပြီ ဖြစ်သည်။
အလောင်းသည် ကြည့်ရှု့နေသူအများက ပြောနေကြသလို ယောက်ကျားတစ်ယောက်၏ အလောင်းဖြစ်နေ၏။
ရေထဲနစ်မြုပ်နေသည်မှာ ရက်များစွာ ကြာသေးပုံမရ။အလွန်အမင်း ပုပ်ပွရိရွဲခြင်း မရှိသေးပေ။ရဲအရာရှိက သူ၏ လုပ်သက် ၊ သူ၏ ကျွမ်းကျင်မှုဖြင့် သေသူ၏ အသက်ကို ၃၀နှစ် ဝန်းကျင်ဟု ခန့်မှန်းလေသည်။
ပြင်ပဒဏ်ရာ ရှိ/ မရှိ စစ်ဆေး၏။တခြားသော သံသယဖြစ်ဖွယ် ရှိသည်များကိုလည်း စေ့ငုံစွာ စစ်ဆေးခြင်းကို ပြုသည်။
ရဲများက ပြန်ခိုင်းပေမယ့် မပြန်သေးသော ပရိသတ်မှာ ရဲအရာရှိ လုပ်ကိုင်ပုံတွေကို စိတ်ဝင်တစား လိုက်ကြည့်နေကြဆဲပင်။
တခဏအကြာ၌ ရဲအရာရှိက လူသေအလောင်းကို ဆေးရုံသို့ သယ်ဆောင်သွားနိုင်ပြီ ဖြစ်ကြောင်း ရဲတပ်သားအား ပြောလိုက်၏။
ရဲအရာရှိက အင်းစောင်း ကန်ဘောင်ပတ်ဝန်းကျင်ကို လေ့လာနေခဲ့ပြီး၊ အလောင်းကို ဆေးရုံကြီး မှုခင်းဌာနသို့ ပို့ဆောင်ရန် လူနာတင်ယာဉ် ထွက်သွားပြီ ဖြစ်သည်။
ဘိုးပေအင်းသည် ရှေးဘုရင်မင်းများလက်ထက်ကတည်းက ရှိခဲ့သော အင်းဟောင်းကြီးဖြစ်ပါသည်။ ရှေးကတော့ ကြာဖြူ ကြာနီများဖြင့် အလွန်ပဏာရခဲ့ပေမည်။
ယခုအခါ အင်းရေမှာ ဗေဒါမှော်များ၊စက်မှုဇုန်မှ စွန့်ပစ်အမှိုက်များကြောင့် ညစ်ထေးလျက် ရှိသည်။
အင်းစောင်းတွင် ကားတစ်စီး ကောင်းစွာ ဖြတ်သန်းသွားလာနိုင်သော မြေသားလမ်းကျယ်ရှိသည်။
သို့သော် ကျောက်သယ်၊ မြေသယ် ယာဉ်ကြီးများကြောင့် လမ်းမှာ လကမ္ဘာ၏ မျက်နှာပြင်ကဲ့သို့ ချိုင့်ခွက်ကြီးများဖြင့် ပြည့်လျက် ရှိသည်။
ဘိုးပေအင်းစောင်းလမ်းသည် ညနေ နေဝင်ရီသရော်အခါ၌ သမီးရည်းစား စုံတွဲများ ချိန်းတွေ့ရာ လမ်းကလေးဖြစ်နေသည်။
အသွားအလာ နည်းပါးပြီး၊ အင်းစောင်း၌ ပေါက်နေသော တမာ၊ ကုက္ကို၊ မန်းကျီး ၊ ထနောင်း၊ စိန်ပန်း စသော အပင်ကြီးများ၏ အရိပ်အာဝါသကြောင့် ဖြစ်မည်။
အသွားအလာ လုံးဝ ပြတ်သည်တော့မဆိုလို၊ စက်မှုမြို့သစ်နှင့် ငွေတော်ကုန်းရပ်ကွက်၏ အနီးဆုံးသော ဖြတ်လမ်းဖြစ်သည်။ လမ်းမကြီးဘက်ကသာ သွားပါက အတော်လှမ်းမည် ဖြစ်သည်။ ခြေလျင် လျှောက်သွားသူများအတွက် ပိုမို အဆင်ပြေ၏။ဆိုင်ကယ်များ ၊စက်ဘီးများကတော့ ချိုင့်ခွက်များကို ရှောင်နင်းရမည်ဖြစ်သည်။ အနည်းငယ်တော့ ကသီကလင် နိုင်လိမ့်မည်။
ရဲအရာရှိ စဉ်းစားနေသည်က ရေနစ်သေဆုံးသည်ဆိုလျင် အလောင်းမှာ အဝတ်များပါလိမ့်မည်။အနည်းဆုံးတော့ အောက်ခံဘောင်းဘီတော့ပါရမည်မဟုတ်လား။
ရေထဲဆင်းပြီး ရေကူးရအောင်လည်း ဘိုးပေအင်းသည် ညစ်ပတ်၏။ မဖြစ်နိုင်။
မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းလား ။ ဒါဆိုလျင်လည်း အင်းစောင်း တာဘောင်ပေါ်မှာ သေသူ၏ အဝတ်အစားများ ကျန်နေရစ်ရမည်။ အခုတော့ ကန်ဘောင်၌ မည်သည့် သဲလွန်စကိုမျှ ရေရေရာရာ ရှာမတွေ့။
ရဲအရာရှိသည် သူ၏ ဦးခေါင်းကို အလုပ်ပေးရလွန်း၍ ထင်၏။ မကြာခဏ မျက်နှာမှ ချွေးများထွက်လာ၍ သုတ်ပစ်နေရသည်။
နောက်ဆုံးတော့ ရဲအရာရှိသည် သေသူသည် မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် အရင်ဦးဆုံး သိနိုင်ရန်၊ တစ်မြို့လုံးရှိ ရဲစခန်းများက လူပျောက်စာရင်းကိုသာ ရှာဖွေရပေတော့မည်ဟု ဆုံးဖြတ်ကာ အခင်း ဖြစ်ပွားရာ ဘိုးပေအင်းမှ ပြန်လည် ထွက်ခွာသွားတော့သည်။
ထိုသို့ ဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း ဘိုးပေအင်းစောင်း မြေသားလမ်းလေးတွင် သရဲခြောက်သည်ဟု ကောလဟလသတင်းများ ထွက်ပေါ်လာပါ၏။
အင်းစောင်းမှာ လာရောက် ချိန်းတွေ့ကြသော စုံတွဲများလည်း အလာကျဲပါးသွားသည်။
ဘိုးပေအင်းထဲ ရေနစ်သေဆုံးသွားသူသည် မကျွတ်ဟုဆိုကြ၏။ ညဘက်တွင် ခြောက်လှန့်လေ့ရှိသည်ဟုဆိုကြ၏။
အင်းစောင်းမှာ လာရောက် ချိန်းတွေ့သော စုံတွဲ တစ်တွဲဆိုလျင် သရဲအခြောက်ခံရ၍ ဖိနပ်တောင် မစီးနိုင်ပဲ ကိုယ်လွတ် ထွက်ပြေးကြရသည်တဲ့။
သရဲသည် ရေနစ်သေဆုံးသူဟု အတတ်ပြောနေကြရင်း အကြောင်းမှာ ကိုယ်လုံးတီးကြီးဖြင့် ခြောက်လှန့်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဆိုင်ကယ်ဖြင့် ကြက်များကို နောက်ကယ်ရီယာမှာ ဇောက်ထိုးဆွဲ သယ်ဆောင်လာသူတစ်ယောက်၏ အဖြစ်အပျက်မှာ ပိုမို လူပြောများကြသည်။
ဆိုင်ကယ်နောက်က ကြက်ကို သရဲက ဖြုတ်ယူ ဆွဲခြင်းပင်။ ကြက်များက အင်းစောင်းလမ်းလေးထဲ စဝင်ကတည်းက ထူးခြားစွာ တအွတ်အွတ်နဲ့ ဆူညံစွာ အော်ဟစ်လာကြသည်။ခါတိုင်း ဤသို့မဟုတ်ချေ။
အင်းစောင်း စိန်ပန်းပင်ကြီး အနီးသို့ ရောက်သောအခါ သူ၏ ဆိုင်ကယ်အနောက်က ကယ်ရီယာပေါ်သို့ ဆွေ့ကနဲ ခုန်တက်လိုက်သလို ဆိုင်ကယ်သည် အနည်းငယ် လူးသွားကာ ငြိမ့်ကနဲ ဖြစ်သွားသည်။
" အွပ် အွပ် အွပ် "
ကြက်များက ပိုမို၍ ဆူညံစွာ အော်ဟစ်ကုန်ကြသည်။
သယ်နေကြသူမို့ သူ၏ ဆိုင်ကယ်နောက်က ကြက်ကို ဆွဲသည့်အခါ ဆိုင်ကယ်စီးသူသည် ချက်ချင်း လှည့်ကြည့်လိုက်၏။
သူ့အထင်က ချိုင့်များကို ရှောင်ရှားရင်း ဆိုင်ကယ်ကို ဖြေးဖြေး မောင်းလာစဉ် လူတစ်ယောက်က ဆွဲယူသည်ဟု ထင်မိခြင်း ဖြစ်သည်။
သို့သော် သူ့အထင်နဲ့ အမြင်က တက်တက်စင်အောင် လွဲလေပြီ။ကြက်ကို ဆွဲယူ၍ ပါးဖြဲနားဖြဲဖြင့် ကြက်လည်ပင်းကို လိမ်ချိုးကာ စားသောက်နေသူကား လူမဟုတ်ချေ။ ဆံပင်တွေက ဖရိုဖရဲ။
ဆံစများမှာ ရေစိုနေပြီး ရေများ စက်လက်ကျလျက်၊ ခန္ဓာကိုယ်၌ အဝတ်မပါသော ကိုယ်လုံးတီးသရဲကြီး ဖြစ်နေသည်။
သရဲကြီး၏ ပါးစောင်တွင် ကြက်သွေးများအပြင် အရိအရွဲများပါ စီးကျနေသည်မှာ အလွန် ကြောက်ရွံဖွယ်ရာ ကောင်းလှ၏။ ဆိုင်ကယ်မှာ ဖြေးဖြေး မောင်းနှင်နေချိန်မို့ တော်တော့သည်။
ဆိုင်ကယ်မောင်းသူ ခမျာ အကြောက်လွန်ကာ စီးနေသော ဆိုင်ကယ်ပေါ်မှ ခုန်ချ၍ အောင်မယ်လေးဗျဟု အသံကုန် အော်ဟစ်ကာ ခြေကုန်သုတ်ပြေးလေတော့သည်။
ဆိုင်ကယ်နှင့်ကြက်များမှာ ဝရုန်းသုန်းကား မှောက်၍ ကျန်နေခဲ့တော့သည်။
ဤကား လူပြောအများဆုံး အဝတ်မဲ့ ကိုယ်လုံးတီး သရဲ၏ ဇာတ်ကြောင်း အချို့ပင် ဖြစ်လေ၏။
ထို့ကြောင့် အင်းစောင်းလမ်းကို ညဘက် မှောင်ချိန်များတွင် မဖြစ်မနေ ဖြတ်သွားဖြတ်လာပြုသူများတောင် အဖော် သုံးလေးယောက်ပါမှ ဖြတ်သွားရဲကြတော့သည်အထိ စိုးရိမ်ထိတ်လန့်ကုန်ကြသည်။
.............
၂။
ကိုယ်လုံးတီးသရဲနဲ့ ပက်ပင်းတိုးသူ ဟာမီနာအကြောင်းကလည်း အဆန်းသား။
ထိုအကြောင်း မပြောလျင် ဘိုးပေအင်းစောင်းက ခြောက်လှန့်တတ်သော အဝတ်မဲ့ ကိုယ်လုံးတီးသရဲအကြောင်းက ပြည့်စုံမည် မထင်။
ထို့ကြောင့် အဝတ်လျော်ဖွပ်သူ ဟာမီနာ၏ အကြောင်းကို ပြည့်စုံစွာ ဖော်ပြရဦးမည်။ဟာမီနာ၏ ဖြစ်စဉ်က အောက်ပါအတိုင်းသာ ဖြစ်ပါ၏။
ဟာမီနာသည် တစ်ယောက်တည်း သူဌေးမအိမ်မှ ညဘက် မိုးစုန်းစုန်းချုပ်ကြီး ပြန်လာခဲ့ရသည်။
သွားစဉ်က ယောက်ကျားဖြစ်သူ ဗဟာဒူးကို အဖော်ခေါ်သေး၏။ဗဟာဒူးက နေညိုရင် လေပြိုတတ်သူဆိုတော့ အရက်သောက်ပျက်သည် မလိုက်နိုင်ပါဟုဆိုကာ အိမ်မှာပဲ ကျန်နေရစ်ခဲ့၏။
" ကျမ တစ်ယောက်တည်း ခြေလျင်သွားရမှာမို့ လိုက်ခဲ့ပါ ဗဟာဒူးရယ်။ အရက်ကို အပြန်ကျမှ သောက်ပါတော့လား ၊ အပြန်ကျရင် ရှင်မြည်းဖို့ ကျမ ပါပလာလေး ကြော်ပေးမယ်လေ ၊ လိုက်ခဲ့ပါနော် ယောက်ကျား "
" ဟာကွာ ၊ ဒီအချိန်လေး ငါ အနားယူရတာ ၊ မလိုက်နိုင်ဘူး ၊ ကိုယ့်ဟာကိုယ်သွား ၊ ငါ မလိုက်ချင်ဘူး ၊ ပြီးတော့ မင်း အခုသွားမယ့်အိမ်က သူဌေးကတော်က စကားအလွန်ပေါတာ ၊ ငါ စောင့် မနေနိုင်ဘူး ၊ သွား သွား မင်းဘာသာသွားတော့ "
မတတ်နိုင်။ အစကတည်း ဟာမီနာက
ဗဟာဒူးအား အလျော့ပေး အလိုလိုက် ချစ်ရသူမဟုတ်လား။ ပြီးတော့ ဒီလင်က မယားထက် အရက်သေစာကို ပိုပြီး ခုံမင်တဲ့သူဆိုတော့ ဟာမီနာ ဇွတ်အတင်း မခေါ်တော့ပဲ နေမဝင်ခင် ညနေစောင်းကတည်းက သူဌေးကတော်အိမ်ကို ထွက်ခဲ့ပေမယ့် ထုံးစံအတိုင်း သူဌေးကတော်၏ လေကြောမှာ မျောပါနေ၍ အပြန် မိုးချုပ်သွားခြင်း ဖြစ်သည်။
ပြီးတော့ ဟာမီနာသည် ဗဟာဒူးအား ချစ်ခင် အလိုလိုက်မြဲမဟုတ်လား။ တကယ်ဆိုရင် သူမကပင် ဗဟာဒူးအား စတင်၍ ချစ်ခင်ပိုးပမ်းကာ အရယူခဲ့ခြင်း ဖြစ်သည်။
ဟာမီနာ၏ စိတ်ကူးထဲ ဗဟာဒူးသည် သူမ ကြိုက်သော သူမ၏ အသည်းစွဲဖြစ်သော ဘောလီးဝုဒ်မင်းသား ရှာရွတ်ခန်နှင့်တူသည်ဟုပင် ထင်မိလေ၏။
သူဌေးကတော်ဆိုတာက ဟာမီနာအား အဝတ်လျော်အပ်သည့် ရေခဲစက်ပိုင်ရှင် လင်မယားမှ ဇနီးမယားကို ဆိုလိုသည်။
ဆင်းရဲသော သူတို့လင်မယားက လက်လှုပ်ခြေလှုပ်မှ ထမင်း နပ်မှန်သည်မဟုတ်လား။ ဗဟာဒူးက ဆိုက်ကားနင်းပြီး၊ ဟာမီနာက ခဝါသည် အဝတ်ဖွပ်၏။
ဟာမီနာက သူမ၏ ဖောက်သည်များထံ ညနေစောင်းလျင် သူမ လျော်ဖွပ်ရမည့် အဝတ်များကို သွားယူပြီး၊ နေ့ခင်းဘက်တွင် အဝတ်များကို အများသုံးရေကန်မှာ ဖွပ်လျော်ရ၏။
ယခု သူမ သွားရမည့်အိမ်က ရေခဲစက်ပိုင်ရှင် သူဌေးကတော်သည် အလွန် စကားပေါ၏။လာသမျှလူ သူပဲ ဒိုင်ခံ စကားပြောတတ်သူ။
သူဌေးက ရေခဲစက်မှာ အလုပ်များနေသလောက် သူဌေးကတော်က အားအားယားယား တွေ့သမျှလူနဲ့ ကြားသမျှ သတင်းပလင်းအစုံ ဖောက်သည်ချနေတတ်သည်။သူက နားထောင်သည်လည်းရှိ၏။ စပ်စပ်စုစု မေးမြန်းသည်လည်း ရှိ၏။တော်ရုံနဲ့တော့ စကားအမျှင် မပြတ်တတ်ပေ။ဒါက သူဌေးကတော်၏ ဝသီ။
ဟာမီနာတို့ နေသည့်ရပ်ကွက်က စက်မှုဇုံ၏ အစွန်အဖျားတစ်နေရာ။ သူဌေးကတော်တို့၏ ရေခဲစက်နဲ့ဆို သိပ်တော့ အလှမ်းမဝေး။ စက်ဘီးဖြင့်ဆို ၁၅မိနစ်၊ မိနစ်၂၀လောက် ခပ်မှန်မှန် နင်းရုံဖြင့် ရောက်နိုင်၏။
သို့သော် ယနေ့ ဟာမီနာ စက်ဘီး ပါမလာခဲ့ချေ။ ညနေက ဗဟာဒူး၏ ညီဖြစ်သူက သူတို့မှာ ရှိသည့် စက်ဘီးအစုတ်လေးကို လာငှား သွား၏။
ဟာမီနာက မငှားချင်သော်လည်း လူမှုရေးကိစ္စဖြစ်နေသည်မို့ ငှားရမ်းပေးလိုက်ရ၏။ သူ့မယား ဆေးရုံတက်နေရသည်မဟုတ်လား။
သူဌေးကတော်ကလည်း ဟာမီနာ့ကို မြင်သည်နှင့် အားရဝမ်းသာ ကြိုဆို၏။
မုန့်အချိုအချဉ်မျိုးစုံ ချကျွေးရင်း သူ့ထုံးစံအတိုင်း စကားစပြောလေတော့သည်။
ရှေ့က တီဗွီဖလက်ပြား အကြီးကြီးက ဖွင့်လျက် ရှိပေမယ့် မကြည့်နိုင်။
ဟာမီနာ၏ အသည်းစွဲ အာသောက အိန္ဒိယဇာတ်လမ်းတွဲ လာနေ၏။ဟာမီနာ၏ မျက်လုံးများက တီဗွီမှန်ပြင်ဘက် မကြာခဏ ရောက်သွားပေမယ့် သူဌေးကတော်၏ စကားကိုလည်း အာရုံစိုက်နေရသေးသည်။သူဌေးကတော်၏ စကားများကို ဟုတ်တာပေါ့ မှန်တာပေါ့ဟု စကားထောက်ပေးနေရသည်။
သူဌးကတော်က ကိုရီးယားမင်းသားမှအစ မြန်မာမင်းသား မင်းသမီးများအကြောင်းကို ဟန်ငြိမ်းဦး အတင်းအဖျင်းပေ့မှ ဖတ်၍ ပြောပြနေ၏။
" ဟဲ့ ဝေဠုကျော်နဲ့သင်းသင်းတို့ အမှုတောင် မပြီးသေးဘူးတော် ၊ အခု ဟို ဖိုက်တင် ရဲမင်းသား မင်းရာဇာဆိုတာကလေ ......"
ဟာမီနာက ဒီလိုနေရာမျိုးမှာ ပါးနပ်ရ၏။သူဌေးကတော်၏ စကားကို ဝင်ပင့်ပေးရ၏။
" ဟုတ်တယ် အစ်မ ၊ ဟာမီနာလည်း အဲ့သတင်းကို ကြားတယ် ၊ ရက်စက်လိုက်ကြတာနော် ၊ အိမ်ဖော် ကလေးမလေး သနားပါတယ် အစ်မရယ် "
" ဟယ် ညည်းက ဖုန်းမရှိလို့ မသိတာ၊
အခု ဟိုကလေးလိုလို လူကြီးလိုလို မင်းသားကြီးကလည်း လက်မထပ်ပဲ တိတ်တိတ်ပုန်း မယားရှိသတဲ့အေ့ ၊ ပြီးတော့ ငတ်တလှည့် ပြတ်တလှည့် သူ့ကိုယ်သူ မင်းသားပါဆိုတဲ့ အကောင်ကလည်း ငါတို့ဆယ်လီလေးကို မိန်းမကြီးတစ်ယောက်လို သူ့ ဖေ့စဘွတ်ကနေ ရန်တွေ့နေသတဲ့။အဲ့ဒါကို လူကြီးတွေကတောင် ကြားဝင် ဖြန်ဖြေပေးနေရတယ်ဆိုပဲ "
ဟာမီနာခမျာ အာသောကမင်းသားလေးကို တစ်ဖက်က ကြည့်ရင်း၊ သူဌေးကတော်၏ အတင်းအဖျင်းစုံကို ထောက်ခံရင်း လုံးခြာလည်နေ၏။အာသောကဇတ်လမ်းမှာ ရုပ်မြင် သံမကြား ဖြစ်နေ၏။သူဌေးကတော်၏ ကြက်တူရွေးလို အသံက သူမနားထဲ ရောက်တစ်လှည့် မရောက်တစ်လှည့်။
တစ်နာရီသာသာလောက် လေကန်လို့ဝတော့မှ သူဌေးကတော်က ဟာမီနာ လျော်ရမည့် အဝတ်များကို ထုတ်ပေးလေ၏။ အာသောကဇာတ်လမ်းအပိုင်းလည်း တစ်ခန်းရပ် ပြီးသွားပြီ။
ဟာမီနာက သူမ လျော်ရမည့် အဝတ်များ ဘယ်နှစ်ထည်ဆိုတာ သူဌေးကတော်ရှေ့ ရေတွက်ပေးရသည်။
လုပ်နေကျ အလုပ်မို့သာ မမှားတော့သည်၊ သူဌေးကတော်က အဝတ်အထည်များ ရေတွက်နေသည်ကို စိတ်မဝင်စား၊ သူ ပြောချင်ရာများကိုသာ ခရားရေလွှတ် အသားကုန်ပြောနေတုန်းသာ။
ရေတွက်ပြီး အဝတ်များကို ပုဆိုးတစ်ထည်ဖြန့်ခင်းပြီး စုထည့် ပုံရသည်။ပြီးနောက် ထိုပုဆိုးကို အနားလေးနား စုစည်း၍ အထုပ် ထုပ်လိုက်၏။
ဟာမီနာသည် သူဌေးကတော်အား နုတ်ဆက်စကားဆို၍ အဝတ်ထုပ်ကို မ,မည်ပြင်စဉ်
သူဌေးကတော်က ထိုအခါမှ သတိရသွားဟန်ဖြင့် ၊
" ဟယ် ငါ မေ့တော့မလို့ ၊ ညည်းကို ငါ လက်ဆောင်ပေးလိုက်ရဦးမယ် ၊ ခဏစောင့်ဦး "
ဟာမီနာ အဝတ်ထုပ်ကို ပြန်ချထားလိုက်ရင်း သက်ပြင်းကို ချမိသည်။
စိတ်ထဲမှာက ဗဟာဒူးတစ်ယောက် သူမအား ထမင်းစား စောင့်နေမည်ကို တွေး၍ ပြန်ချင်နေပြီ ဖြစ်သည်။
သူမ ဒီအိမ်မှာ အတော်ကြာသွားပြီ။ ဗဟာဒူးတစ်ယောက်တော့ သူမ မရှိတုန်း ရေချိန်များ လွန်နေပြီလားဟု တွေးပူမိသည်။
ဗဟာဒူးသည် ပုံမှန်အားဖြင့်တော့ ဘီအီး ခေါ် အရက်ဖြူတစ်လုံးကို ပုံမှန်သောက်၏။
ဗဟာဒူးက အရက်ဖြူတစ်လုံး သောက်ပြီးလျင် ဟာမီနာနှင့် ထမင်းလက်ဆုံစားနေကျဖြစ်၏။
ဒီကနေ့ ဟာမီနာက အိမ်အပြန် နောက်ကျနေသည်ဆိုတော့ ဗဟာဒူးကို ထိမ်းပေးမည့် အကွပ်မရှိ။ ထို့ကြောင့် အရက်ကို တစ်လုံးအပြင်၊ နောက်တစ်ပိုင်း ထပ်သောက်နိုင်၏။
ဗဟာဒူးက မူးရင်း ရမ်းကားသည်တော့မဟုတ်။သူ၏ ကုလားဗုံတိုလေးကို ထုတ်ယူတီးကာ ဘောလီးဝုဒ်သီချင်းများကို သံဝါဝါဖြင့် ခုနှစ်အိမ်ကြား ဟစ်ဆိုတတ်သူ ဖြစ်၏။
ဟာမီနာတို့နေရသည်က တဲအိမ်တန်းဆိုတော့ တစ်တဲနှင့်တစ်တဲက ကပ်လျက်။ ဟိုဘက်တဲက ရေခပ်သောက်သံတောင် ဒီဘက်တဲက ကြားနေရ၏။
လူဆိုတာ သီချင်းကို နှစ်သက်သည်လည်း ရှိမည်။ နားငြီးသည်ဟုလည်း ရှိလိမ့်မည်။ အခြေခံ လက်လုပ်လက်စား တဲအိမ်စုဆိုတော့ မနက်အစောကြီးထ၍ ဈေးထွက်ရောင်းရမည့်သူများမှာ ဗဟာဒူး၏ ဗုံသံကို နားငြီးရှာလိမ့်မည်။
အဲဒီတော့ ကိုယ်က အလိုက်သိမှ ။တစ်ပုဒ်စ နှစ်ပုဒ်လောက် ဟစ်အော်ငြီးပြီးလျင် ကိစ္စမရှိ။အဲ့ဒီထက် ပိုသွားရင် သူမတို့ အိမ်ခေါင်မိုး သက်ကယ်ပြစ်ပေါ် ခဲကျလိမ့်မည်။
အမိုးသက်ကယ်ပျစ်က ၃နှစ်ရှိပြီ မလဲဖြစ်သေး။ ခဲကျလို့ကတော့ အပေါက်ဖြစ်ပြီး မိုးကျလျင် အခက်တွေ့လိမ့်မည်။
သူမ ရောက်တတ်ရာရာ တွေးနေတုန်း သူဌေးမသည် ပြန်ရောက်လာ၏။သူဌေးမ၏ လက်ထဲတွင် နှီးကြိုးဖြင့် တွဲသီလာသော လူကြီး လက်တစ်ဝါးသာသာ ရှိမည့် ဂျပန် ဆလားဗီးယားငါး ၄/၅ကောင်ကို မြင်လိုက်ရ၏။
" ငါ့ယောက်ကျားက ဒီကနေ့ သူ့ ငါးကန်ဖော်တာလေ၊ အဲ့တာ ညည်းတို့က ငါးကြိုက်တယ်ဆိုလို့ ငါက ညည်းတို့အတွက်ဆို အသေအချာ တောင်းယူထားလိုက်တာ ၊ ရော့ ရော့ ယူသွား "
ဟာမီနာ ပျော်သွားသည်။ဒီည အပြန်ကျရင် ငါးကို ဗဟာဒူးအကြိုက် ခပ်စပ်စပ်လေး ချက်ကျွေးရမည်ဟု တွေးပျော်ခြင်း ဖြစ်သည်။
ဗဟာဒူးက ငါးကို ငရုတ်ပွဖြင့် ခပ်စပ်စပ်လေး ချက်ထားလျင် ဆန်နို့ဆီဘူး နှစ်လုံးချက် ထမင်းအိုးက အသာလေးပဲ မဟုတ်လား။
ဟာမီနာသည် သူဌေးမအား ကျေးဇူးတင်ကြောင်း ပြော၍ ငါးကို လက်ကဆွဲ၊ အဝတ်ထုပ်ကို ခေါင်းပေါ် ရွက်ကာ ပြန်လာခဲ့သည်။
အပြန်လမ်းကို သူမသည် အင်းစောင်းမြေသားလမ်းကလေးကသာ ပြန်တော့မည်ဟု ဆုံးဖြတ်လိုက်၏။လမ်းမကြီးဘက်က ပတ်ပြန်လျင် အချိန်ကုန်၏။
ဟာမီနာသည် အင်းစောင်းလမ်း၌ သရဲခြောက်သည်ကို ကြားထားခြင်း မရှိသေးချေ။ ရေနစ်သေသည့် အလောင်း ပေါ်သည်ဟူပဲ သိထား၏။
ပြီးတော့ ဟာမီနာ့လို တစ်နေ့လုပ်မှ တစ်နေ့စားရသည့် လူဆင်းရဲအဖို့ သရဲတစ္ဆေဆိုတာ ကြောက်ရကောင်းမှန်းလည်း မသိချေ။
သရဲ တစ္ဆေဆိုတာ သူမအတွက်ကတော့ ခပ်ငယ်ငယ် အတန်းကျောင်းတက်စဉ်က ဆော့ကစားဖူးခဲ့သော " ညောင်ပင်တစ္ဆေ ဝေလေလေ" လောက်ပဲ သိ၏။
ခါတိုင်း စက်ဘီးဖြင့်ဆိုလျင်တော့ သူမသည် လမ်းမကြီးက လာ၍ လမ်းမကြီးကသာ ပြန်နေကျဖြစ်ပါ၏။လမ်းမကြီးက လမ်းကောင်း၏။ စက်ဘီးနင်းရတာ ဖြောင့်နေသည်မဟုတ်လား။
အင်းစောင်းလမ်းက လမ်းကျဉ်းသည့်အပြင် မြေသားလမ်းဆိုတော့ ချိုင့်တွေ ဂမုတွေ ပေါသည်။စက်ဘီးဖြင့်ဆိုလျင် အဆင်မပြေ၊ ချိုင့်များကို ကွေ့ပတ် ရှောင်နင်းနေရဦးမည်။ခြေလျင်လျှောက်ပြန်ရင်တော့ ဖြစ်ပါ၏။
ဟာမီနာ သည် လက်ထဲက ငါးတွဲကို မြှောက်ဆကြည့်ရင်း ကြည်နူးစွာ သူမ၏ ခြေလှမ်းများက တစ်လှမ်းထက် တစ်လှမ်း ပို၍ သွက်သွက်လက်လက် လျှောက်လာခဲ့သည်မှာ အင်းစောင်းလမ်းကိုပင် ရောက်လာခဲ့ချေပြီ။
ဗဟာဒူး အကြိုက် ငါးဟင်းချက်ကျွေးမည်သော သူမ၏ စိတ်ကူးက သူမ၏ ခြေလှမ်းများကို ပို၍ သွက်လက်စေသည်မှာ အမှန်ပင် ဖြစ်၏။
ဇနီးမယားလို တစ်ဖုံ၊ အစ်မကြီးလိုတစ်သွယ် ဗဟာဒူးအား ချစ်မြတ်နိုးရသည်မှာ သူမအတွက် ပင်ပန်းသည်ဟုမထင်။ ဗဟာဒူးသည် သူမထက် အသက် ၅နှစ်ခန့်ငယ်သည်မဟုတ်လား။
ခပ်သွက်သွက်လျှောက်လာသည့် သူမ၏ ခြေလှမ်းများမှာ မြေသားလမ်းပေါ်က ချိုင့် ကမူများကြောင့် တစ်ခါတစ်ရံ ယိမ်းယိုင်သွားစေ၏။
သို့သော် ခေါင်းပေါ်ရွက်ထားသော အဝတ်ထုပ်ကတော့ ပြုတ်ကျမသွားပေ။ ဒါကလည်း သူမ၏ နေ့တစ်ဓူဝ ရွက်ပိုးနေကျ အလုပ်ဆိုတော့ အဆန်းတော့မဟုတ်ပေ။
ရွက်ထားသော အဝတ်ထုပ်ကို သူမ၏ ခေါင်းနှင့်ကိုယ်က ဟန်ချက်ညီစွာ ထိမ်းထားနိုင်၏။
အိမ်ကို ရောက်ချင်ဇောကြောင့်လားမသိ။ယနေ့ သူမ ပြန်လာသော လမ်းသည် ရှည်လျားလွန်းနေ၏ဟု ထင်မြင်မိသေးသည်။
အဝတ်ထုပ်ကြီး ရွက်လာရသည့် သူမသည် မပင်ပန်း။သူမ ပြန်အလာကို စောင့်ရင်း ထမင်းလက်ဆုံစားရန် မျှော်နေမည့် ဗဟာဒူးကိုပင် သနားနေမိ၏။
စိန်ပန်းပင်ကြီး၏ အောက်သို့ ရောက်လေပြီ။ အပင်ခြေ လမ်းတစ်ဝိုက်မှာ စိန်ပန်းပွင့်နီနီတွေက ကတ္တီပါကောဇောနီ ခင်းထားသလို နီရဲစွာ ကြွေကျနေကြ၏။
ထိုအခိုက် ..
" ရှပ် ရှပ် ရှပ် "
ထိုခြေသံက သူမ၏ ခြေသံမဟုတ်သည့် အခြားသော ခြေသံတစ်ခု။
ထိုခြေသံသည် သူမ၏ ကျောဘက်မှ လွန်စွာ နီးကပ်လွန်းလှသည်။
သူမ၏ အနောက်က တကောက်ကောက် ကပ်လိုက်လာသည်ဟု ထင်ရသော ခြေသံတစ်ခုသည် ဟာမီနာ၏ သွက်လက်သော ခြေလှမ်းတို့ကို တုန့်ကနဲ နှေးကွေးသွားစေ၏။
သို့သော် ဟာမီနာမျက်နှာက ဝင်းပသွားသည်။သူမ၏ စိတ်ဝယ်။
" ဗဟာဒူးများ ငါနောက်ကျနေလို့ လိုက်လာကြိုတာလား ၊ ဒီလိုတော့လည်း ဗဟာဒူးက ငါ့ကို ကြင်နာသားလေ "
ထိုအတွေးကြောင့် ဟာမီနာ နောက်သို့ လှည့်ချင်စိတ် ဖြစ်ပေါ်သွားသည်။
ကြင်စဦးက ဗဟာဒူးသည် သူမအား အသိမပေးပဲ ထိုသို့ အနောက်မှ ခြေသံဖွဖွဖြင့် လိုက်လံ စနောက်ဖူးသည်ကို သတိရသွားသည်။
ဟာမီနာ၏စိတ်ထဲမှာ နုတ်က ဖော်မပြတတ်သော ခံစားမှုတစ်ခု လှုပ်ခတ်သွား၏။ကြည်နူးသွား၏။ဟာမီနာ၏ မျက်နှာပေါ် အပြုံးတစ်ခုက ဝင်းလက်သွားသည်။
သို့ပေမယ့် ဟာမီနာ၏ နှာဝမှာ မကောင်းသော အနံ့တစ်ခုကို သိသိသာသာ ရှုသွင်းလိုက်မိသလိုပဲ။
အနံ့က နွံပုပ်နံ့။ ရွံ့နွံပုပ်အနံ့ကြီးက သူမ၏ နှာခေါင်းဝမှာ မွှန်ထူလို့လာသည်။ ဟာမီနာသည် ထိုအနံ့ကို အင်းထဲက လာသော နွံပုပ်အနံ့ဖြစ်လိမ့်မည်ဟု ထင်လိုက်မိသည်။
ထိုအနံ့ဆိုးကြောင့် သူမ၏ ကြည်နူးနေသော စိတ်ကလေးပင် လွင့်ပြယ်သွားရသည်။ ဟာမီနာက နောက်ကို လှည့်မကြည့်ပဲ ၊ ပြောလိုက်သည်။
" ဗဟာဒူး နင်ဟာလေ အကျင့်ကို မကောင်းဘူး ၊ ငါ့ကို အရင်ကလို စချင်နေတုန်းပဲ "
ဟာမီနာက စိတ်ဆိုးသလို ဟန်ဆောင်၍ အမူပိုလိုက်သည်။ဒါပေမယ့် သူ ထင်ထားသလို ဗဟာဒူးက သူမအား စကားဖြေ ပြန်မလာ။
သူမ၏ လက်တစ်ဖက်က ကိုင်လာသေယ ငါး အနှီးတွဲကို လာဆွဲနေ၏။ ဟာမီနာ ပို၍ အမူပိုလိုက်သည်။
" ဟွန့် ခေါင်းပေါ်က အဝတ်ထုပ်တော့ မယူပဲ ၊ နင်က နင့်အကြိုက် ငါးတွဲကိုတော့ သယ်ပေးချင်တယ်ပေါ့လေ ၊ နေပါ၊ ငါ့ဟာငါပဲ သယ်ပါ့မယ် "
သို့သော် ငါးတွဲကို နောက်က ဆွဲထားသော လက်က မြဲမြံစွာ ပို၍ ခပ်တင်းတင်းဆွဲလိုက်ဟန်တူသည်။
ဟာမီနာ၏လက်က နှီးကြိုးပင် လွတ်ထွက်မတတ် တင်းသွားလေ၏။ဟာမီနာက လွှတ်မပေး။ နှီးကြိုးကို ပြန်လည် ဆွဲယူ၏။ သူမ နှင့် နောက်ကလူအကြား ငါးကိုဆွဲထားသော နှီးကြိုးမှာ ခပ်တင်းတင်း ဖြစ်သွားလေ၏။
တစ်ကြိမ်တွင် နှီကြိုးဖြင့် ဆွဲထားသော ငါးတွဲမှာ ဗြုတ်ကနဲ အသံထွက်ပေါ်သွား၏။ ဟာမီနာသည် ငါးတွဲကို မြှောက်ကြည့်လိုက်သည်။
" ဟင်! ငါးက ၃ကောင်ပဲ ကျန်တော့တယ်။ သူဌေးမ ပေးလိုက်တာ ငါးကောင်ပါ "
အစနောက်သန်သောဗဟာဒူးကို ဒီတစ်ခါ ဟာမီနာ အနည်းငယ်တင်းသွားလေပြီ။ ထို့ကြောင့် သွားနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်တော့သည်။
" ဗဟာဒူး နင် ..."
ငါးများပြုတ်ကျအောင် စ,နေသည့် ဗဟာဒူးကို ဆူပူမည်ဟု မောင်းတင်ထားသော ဟာမီနာ၏ ပါးစပ်က စကားမဆိုနိုင်။သူမ၏ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
သူမ၏ အနောက်တွင် သူမ ထင်ထားသော ဗဟာဒူးကား မရှိ။ ဗဟာဒူးတင်လားဆိုတော့ မဟုတ်။
အင်းစောင်း မြေသားလမ်းလေးပေါ်တွင် လူသား တစ်ဦးတစ်ယောက်မျှ ရှိမနေပါချေ။
ဟာမီနာ အံဩသွားသည်။ သူမ ဖြတ်သန်းခဲ့သော လမ်းတစ်လျှောက်မြေပြင်ပေါ်တွင် ရေစက်လက်များ၊ ခပ်စိုစို နွံနှစ်များသည် အကွက်လိုက် အကွက်လိုက် လူ၏ ခြေလှမ်းများသဖွယ်။
ကျကျန်ရစ်ခဲ့သည်ဟု သူမ ထင်ရသော ငါးနှစ်ကောင်လည်း စုံးစမြုပ်ပျောက်နေ၏။ဘယ်မှာမှ ရှာမတွေ့ချေ။
သို့ဖြင့် ဟာမီနာသည် စိန်ပန်းပင်ကြီး၏ အရိပ်ကျရာ အလင်းရောင်အားနည်းသော နေရာသို့ ကြည့်လိုက်မိသည်။
အင်းစောင်း ခြုံပုတ်တစ်ခုအရှေ့တွင် ငုတ်တုတ်ထိုင်နေသော လူတစ်ယောက်၏ ပုံရိပ်သဏ္ဍာန်ကို မြင်လိုက်ရသည်။
ထိုလူသည် ဟာမီနာ ပျောက်နေသော ငါးများကို အစိမ်းလိုက် စားနေပါ၏။ သူ စားနေပုံမှာ အားရပါးရကြီး ဂျိုးဂျိုးဂျွတ်ဂျွတ် ဝါးစားနေခြင်း ဖြစ်သည်။
စားနေသော ငါးများမှာ ကုန်လုပြီ ဖြစ်၏။
ထို့ကြောင့် ဟာမီနာအား သူသည် မော့ကြည့်လာပြန်သည်။ သူ့ အကြည့်က သိသာ၏။ ဟာမီနာ့လက်ထဲက ငါးအစိမ်းတွဲကိုပင် ဖြစ်လေ၏။
ဟာမီနာ သေသေချာချာ မြင်လိုက်ရလေပြီ။ ထိုလူသည် လူမဟုတ်။ မကောင်းဆိုးဝါး သရဲတစ္ဆေသာ ဖြစ်မည်။
ခေါင်းပေါ် နှင့် သူ၏ တစ်ကိုယ်လုံးတွင် ဒိုက်ဖတ်များ အမှိုက်များ နွံများ ပေကျံနေသည်။
ပို၍ ဆိုးသည်က ထိုသူ၌ အဝတ်ဟူ၍ နံငယ်ပိုင်းမျှ မကပ်ချေ။
ဟာမီနာ ကြောက်စိတ်ကြောင့် ခေါင်းမွှေးများပင် ထောင်သွားသလား မပြောတတ်။ ခေါင်းနပမ်း ကြီးသွားသည်။
ဟာမီနာ၏ ပါးစပ်ကလည်း ..
"ဘုရား ဘုရား ကာလီမယ်တော်ကြီး ကယ်တော်မူပါ "
ထိုသို့ပြောရင်း ဟာမီနာသည် သူမ၏ လက်ထဲက ငါးအစိမ်းတွဲကို သူမကိုယ်၏ အနောက်သို့ ဖွက်လိုက်မိလေ၏။
အဝတ်မဲ့ ကိုယ်လုံးတီး သရဲက သူမ၏ လက်ထဲက ငါးအစိမ်းတွဲကိုပဲ စူးစူးဝါးဝါးကြီး စိုက်ကြည့်နေသည်မဟုတ်လား။
ဟာမီနာသည် သရဲကို ကြောက်သော်ငြားလည်း လင်ဖြစ်သူ ဗဟာဒူးအား ငါးဟင်းအစပ်လေး ချက်မကျွေးလိုက်ရမည်ဟူသော စိုးရိမ်စိတ်ဖြင့် လက်ထဲက ငါးကို သရဲ၏ ရန်မှ ကာကွယ်လိုစိတ်က ဖုံးလွှမ်းသွား၏။
သရဲကလည်း လက်မလျော့။ ဟာမီနာထံက ငါးကို လုယူရန် ခြုံပုတ်အစပ်မှ ထလာသည်။
နွံပုပ်များပေကျံနေသော သရဲသည် လမ်းလျှောက်လာသည်နှင့်မတူ သူမထံသို့ ရွေ့လျားလာသည်ဟု ထင်လိုက်မိသည်။
ဟာမီနာသည် ခေါင်းပေါ်က အဝတ်ထုပ်ကို မြေပေါ်သို့ ဘုတ်ကနဲ ပစ်ချလိုက်ရင်း သရဲအား လှမ်းပြောလိုက်သည်။
" နင် ရှေ့တိုးမလာနဲ့နော် ၊ နင် ငါ့ဆီက ငါးကို ဘာလို့ ခိုးစားတာလဲ "
ဟာမီနာ၏ အသံစူးစူးကြောင့်ထင်သည်။ အဝတ်မဲ့သရဲသည် ဟာမီနာ့အနား မရောက်မှီ ခြေ၂လှမ်းအလိုလောက်မှာ ရုတ်တရက် ရပ်သွား၏။
ဟာမီနာအား သရဲက ထူးဆန်းသလိုကြည့်ရင်း ၊
" ငါ့ကို ကျွေးပါ ၊ ငါ ဆာလွန်းလို့ပါ "
သရဲသည် ဤမြေသားလမ်းလေးပေါ် ညဘက် လာသမျှ လူအားလုံးကို ခြောက်လှန့်လာခဲ့သည်။ သို့သော် ယခုလို ဟာမီနာကဲ့သို့ သူ့အား မကြောက်မရွံ ပြန်၍ စကားမာမာ ပြန်ပြောသောသူ တစ်ခါမှ မကြုံဖူး၊ မမြင်ဖူးခဲ့။ထို့ကြောင့် အံဩနေဟန် တူ၏။
အမှန်တော့ ဆင်းရဲသော ဟာမီနာသည် ဒီည ယောက်ကျားကို ငါးဟင်းချက်ကျွေး
လိုသောစိတ်ကြောင့် ပြန်ပြောရဲခြင်းပင်။အမှန်တော့ သူမသည် ပက်ပင်းတိုးနေရသည့် သရဲကို ကြောက်ပါ၏။
" နင် ခုနက ၂ကောင်စားပြီးပြီပဲ ၊ ဒီလောက်နဲ့ ကျေနပ်ပေါ့ ၊ ဒါ ငါ့ယောက်ကျားကို ချက်ကျွေးဖို့ဟဲ့ ..."
သရဲသည် ဟာမီနာ့၏ စကားကို ကြားရသောအခါ နှုံးခွေသွားဟန်တူ၏။မပီပြင် ဝိုးတဝါး သရဲ၏ ဖွေးစုပ်စုပ်မျက်နှာသည် သူ၏ အတိတ်က လူ့ဘဝကို သတိရသွားဟန်တူသည်။
ဟာမီနာ့လိုပဲ ယောက်ကျားအား ချစ်ခင်လိမ့်မည့် သူ၏ ဇနီးမယားအား သတိရသွားလေသလားမသိ။ကိုယ်လုံးတီးသရဲသည် မှိုင်တွေသွားသည်။ ဟာမီနာ့အား ခေါင်းငြိမ့်ပြ၍ စိန်ပန်းပင်ကြီး အခြေရှိ ခြုံပုတ်ထဲသို့ တရွေ့ရွေ့ ထွက်ခွာသွားသည်။
ထိုအခါမှ ဟာမီနာလည်း သူမအား နောက်ကျောပေး၍ တရွေ့ရွေ့ထွက်ခွာသွားသော သရဲ၏ နောက်ကျောပြောင်ကြီးကို ကြည့်ကာ သက်ပြင်းကို လေးလံစွာ ချလိုက်မိသည်။
သည့်နောက်တော့ သနားကြင်နာတတ်ပြီး သတ္တိရှိသော ဟာမီနာဟာ ဘာကို စဉ်းစားမိလေသလဲ မသိပါဘူး။
သရဲကြီး တိုးဝင်ပျောက်ကွယ်သွားတဲ့ ခြုံပုတ်အစပ်မှာ ကျန်တဲ့ ငါး၃ကောင်ထဲက တစ်ကောင်ကို ဖြုတ်ယူကာ အနီးနားက တွေ့ရတဲ့ စက္ကူစတစ်ခုကို ဖြန့်ခင်းပြီး ချထားပေးခဲ့လိုက်၏။
ဟာမီနာသည် အဝတ်ထုပ်ကို ပြန်ကောက်ယူပြီး ခေါင်းပေါ်ရွက်ကာ အဲ့ဒီနားကနေ ထွက်လာခဲ့တော့၏။
သူမ၏ လက်ထဲမှာတော့ လင်မယားနှစ်ယောက်စာ ငါးနှစ်ကောင်တော့ ပါလာသေးသပေါ့။ဟာမီနာ ရင်ထဲမှာတော့ ကိုယ်လုံးတီးသရဲသည် ဘာကြောင့် ရေနစ်သေရသလဲဆိုတာ အဖြေမရှိတဲ့ မေးခွန်းပုစ္ဆာတစ်ပုဒ်လို လုံးချာလည်ရင်းသာ။
ဒါပေမယ့် ဟာမီနာလိုပဲ အဲ့ဒီမေးခွန်းကို သိချင်နေတဲ့ အမှုစစ်ရဲအုပ်ဟာ ဟာမီနာ၏ သရဲခြောက်ခံရသော သတင်းကို ကြားရပြီး ၊ ဘိုးပေအင်းစောင်းက စိန်ပန်းပင်ကြီးအောက်က ခြုံပုတ်ထဲကို နောက်တစ်ကြိမ် သေသေချာချာ ပြန်လာရှာတဲ့အခါ ၊ သေသပ်စွာခေါက်ထားသော ယောက်ကျား အဝတ်တစ်စုံနဲ့ ထိုအဝတ်ထဲက နိုင်ငံသား မှတ်ပုံကတ်တစ်ခု၊
ပြီးတော့ ခပ်သော့သော့ရေးထားသော စာရွက် တစ်ရွက်ကို တွေ့လိုက်ရပါသတဲ့။
အဲ့ဒီ စာရွက်ထဲမှာ ရေးထားတာကတော့ လောင်းကစားကြောင့် ကုမ္ပဏီပိုင်ငွေအချို့ကို အလွဲသုံးစားလုပ်မိလို့ ၊
ကြံရာမရ စိတ် အကြီးအကျယ်ကျနေသူဝန်ထမ်းတစ်ယောက်၏ ကိုယ့်ကိုယ်ကို ရေနစ် အဆုံးစီရင်သွားပါကြောင်း ရေးထားတဲ့ စာတစ်စောင်ကို ဖတ်လိုက်ရပါလေတော့သတဲ့။
ပြီးပါပြီ။
ပီပီ( မန္တလေး )
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်