
ချစ်သူထားတဲ့ ဆက်ဆံရေးမှာ အချစ်ရေးတစ်ခု တည်မြဲဖို့ဆိုရင် မိန်းကလေးနဲ့ ယောင်္ကျားလေး နှစ်ဘက်လုံးက တာဝန်ရှိနေပါတယ်။ များသောအားဖြင့် မိန်းကလေးတွေက ခံစားမှု ပိုများနေရင် ပြုလုပ်တတ်ကြတဲ့ အချက်တွေ ရှိပြီး အဲ့ဒီအချက်တွေကြောင့် ချစ်သူ မမြဲတာမျိုးတွေ ရှိနေတတ်ပါတယ်။ တကယ်တော့ ချစ်သူ ဖြစ်စ ကာလအချိန်မှာ မိန်းကလေးတွေက ဒါလေးတွေကို လိုက်နာပေးမယ်ဆိုရင် သင်တို့ အချစ်ရေးက ချစ်နေဖို့ပဲ လိုပါတော့တယ်။
(၁) ကိုယ့်အကြောင်းအကုန်မပြောပါနဲ့
အချစ်ရေး စတဲ့ အချိန်မှာ တစ်ယောက်အကြောင်း တစ်ယောက် ပိုပြီး သိချင်လာတတ်ပါတယ်။ ဒီကာလမှာ ကိုယ်က ရိုးသားလွန်ပြီး ကိုယ့်အကြောင်းမှန်သမျှ အကုန် ထုတ်မပြောဖို့ လိုအပ်ပါတယ်။ လူ့သဘာဝအရ သိချင်ပေမယ့် သိချင်တာ အကုန် သိလိုက်ရတဲ့အခါမှာ ရိုးပြီး စိတ်ဝင်စားမှု မရှိတဲ့ သဘာဝကိုလည်း ရင်ဆိုင်ရပါသေးတယ်။ ဒါကြောင့် ကိုယ့်အကြောင်းကို သိချင်လို့ သူ့ဘက်က မေးနေရင်တောင် အကုန်မပြောပါနဲ့။ အချိန်တွေကြာလာတော့မှ ဖြည်းဖြည်းချင်း အသိပေးတာ ပိုကောင်းပါတယ်။

Photo by Trung Nguyen from Pexels
(၂) အရမ်း မရစ်ပါနဲ့
မိန်းကလေး သဘာဝက စိတ်မဆိုးပဲနဲ့လည်း ရစ်တတ်တဲ့ အချက်ပါပဲ။ မိန်းကလေးတွေအတွက် ရစ်တာ ထူးဆန်းတဲ့အရာ မဟုတ်ပေမယ့် ကောင်လေးတွေအနေနဲ့တော့ ရစ်တာက အဓိပ္ပာယ် မရှိ ပြောဆိုနေတဲ့အရာလို့ မြင်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်နဲ့ သံယောဇဉ်ဖြစ်သွားတဲ့ အချိန်မှာ ရစ်တာ သင့်တော်ပြီး ချစ်သူ ဖြစ်ကာစတည်းက ရစ်နေတာမျိုးက သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားစေနိုင်ပါတယ်။

Photo by Orione Conceição from Pexels
(၃) မချုပ်ချယ်ပါနဲ့
ကောင်လေးတွေက ချုပ်ချယ်တာမျိုးကို အင်မတန် မုန်းတီးတတ်ကြပါတယ်။ ဒါ့ပေမယ့် သူတို့အပေါ် ကောင်းတဲ့သူ ဖြစ်ပြီး သူတို့ကလည်း မြတ်နိုးစွာ ချစ်ရင်တော့ ချုပ်ချယ်တာကို လက်ခံပေးတတ်ကြပါတယ်။ အချစ်ဆိုတာ ချစ်နေတဲ့ ကာလတွေ ကြာလာပြီးမှ ပိုပြီး အချစ်စိတ်တည်မြဲကြတာပါ။ ဒါကြောင့် ချစ်သူဖြစ်စတည်းက အရမ်း ပိုင်စိုးပိုင်နင်း ချုပ်ချယ်တာမျိုးကိုတော့ ဆင်ခြင်သင့်ပါတယ်။

Photo by Leah Kelley from Pexels
(၄) ယုံကြည်မှု အရမ်း မပေးပါနဲ့
ကောင်လေးတွေက သူတို့ကို ယုံကြည်မှု ပေးတာကို လိုချင်တာ မှန်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုကို အကြောင်းပြပြီး သင့်နောက်ကွယ်မှာ နေချင်သလို နေဖို့ ဖောက်ပြန်ကစားနေဖို့လည်း လုပ်တတ်ကြသူတွေ ရှိနေပါသေးတယ်။ ဒါကြောင့် ယုံကြည်မှု ပေးပါတယ်ဆိုပြီး သူ့ဘက်က ကိုယ့်ကို ပိုချစ်လာဖို့တော့ ချစ်သူ ဖြစ်စမှာတည်းက မမျှော်လင့်သင့်ပါဘူး။ အချော့နည်းနဲ့ပဲ သူ့ကို ဆက်သွယ်ပြီး အကဲခတ်နေသင့်ပါတယ်။

Photo by Trung Nguyen from Pexels
(၅) သူ့အလိုအတိုင်း လုပ်မပေးပါနဲ့
ချစ်သူဖြစ်စမှာကတည်းက ကောင်လေးတွေက ချစ်သူမိန်းကလေးတွေကို မျိုးစုံအောင် တောင်းဆိုတတ်ကြပါတယ်။ နမ်းတာကနေစလို့ အတူနေဖို့ ကိစ္စတွေအထိ စကားနဲ့ ထုတ်ပြောပြီး တောင်းဆိုတာအပြင် အပြုအမူကနေတဆင့် တောင်းဆိုမှု ပြုလုပ်ကြပါတယ်။ ဒီလိုတွေအတွက် သင့်ဘက် ချစ်သူပဲဆိုပြီး အလွယ် မလိုက်လျောလိုက်ပါနဲ့။ ချစ်သူဆိုပေမယ့်လည်း အလွယ်ရပြီး သင့်ကို ငြီးငွေ့ထားသွားမှာမျိုး ဖြစ်နိုင်လို့ လွယ်လွယ် ခွင့်ပြုမပေးလိုက်ပါနဲ့။
Kham