ဘယ်တော့မှ လက်မလွှတ်လိုက်သင့်တဲ့ သူငယ်ချင်း အမျိုးအစား (၄) မျိုး
auntymay.com
|
2020-11-03

သူငယ်ချင်းဆိုတာမျိုးက ကံကောင်းလွန်းသူတွေမှာပဲ ရှိနေတာပါ။ သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့ ဒုတိယမိသားစုဆိုရင်လည်း ဟုတ်နေပါတယ်။ ကိုယ့်ရဲ့ အပူတွေ၊ စိတ်ပင်ပန်းရမှုတွေနဲ့ အပျော်တွေကို အတူ မျှဝေခံစားနိုင်တာကလည်း သူငယ်ချင်းတွေပါပဲ။ ကံကောင်းတာထက် ကံကောင်းလွန်းသူတွေကတော့ ဒီလိုမျိုး လုံးဝ လက်လွှတ်မခံသင့်တဲ့ သူငယ်ချင်းမျိုးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။


(၁) အနစ်နာခံတတ်တဲ့သူမျိုး

သူငယ်ချင်း အမျိုးအစားထဲမှာ ကိုယ်ပေါင်းစိတ်ခွာ သူမျိုးတွေလို မဟုတ်ဘဲ အနစ်နာခံတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိနေပါသေးတယ်။ ကိုယ့်သူငယ်ချင်းအတွက်ဆို ကိုယ်က အနစ်နာခံလိုက်ပါ့မယ်လေဆိုတဲ့ စိတ်ထားရှိတဲ့သူတွေလည်း ရှိနေပါတယ်။ သူငယ်ချင်းအတွက်ဆိုရင် ကိုယ့်ငွေကို မသုံးဘဲ သူငယ်ချင်း လိုအပ်နေတာကို အရင် လုပ်ပေးလိုက်တာမျိုးအပြင် သူငယ်ချင်းကိုသာ ဦးစားပေးနေတတ်တဲ့သူမျိုးတွေက နှစ်ခါ မရနိုင်လို့ လုံးဝ လက်မလွှတ်သင့်တဲ့ သူငယ်ချင်းမျိုးပဲ ဖြစ်ပါတယ်။


Photo by Gustavo Fring from Pexels


(၂) ကိုယ့်အတွက် အမြဲ အချိန် ရှိတဲ့သူမျိုး

အရွယ်ရောက်လာတဲ့သူတွေတိုင်းက အချိန်တွေကို မနည်း ခန့်ခွဲပြီး သုံးနေရတာ ဖြစ်ပါတယ်။ မိသားစုအတွက်၊ လုပ်ဖော်ကိုင်ဖက်တွေအတွက်၊ ကိုယ့်အနားယူချိန်အတွက်၊ မိတ်ဆွေ အသစ်တွေအတွက် စသဖြင့် အချိန်ပေးရင်း ဖြတ်သန်းနေကြရတာပါပဲ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ပါစေ ကိုယ့်သူငယ်ချင်းက ဖုန်းဆက်ရင် လက်ခံဖြေတဲ့သူ၊ အချိန်ပေး စကားပြောတဲ့သူ၊ ချိန်းရင် အထူးတလည် ကိစ္စ မရှိရင် လက်ခံပြီး အချိန်ပေးတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုး ကိုယ့်အတွက်ဆို အမြဲ အဆင်သင့် ဖြစ်နေတဲ့ သူငယ်ချင်းမျိုးကလည်း သိပ်ကို အဖိုးတန်ပါတယ်နော်။


Photo by Gustavo Fring from Pexels


(၃) ဘာမှမမေးဘဲ နားလည်ပေးတတ်သူမျိုး

သူငယ်ချင်း ရတဲ့သူတွေထဲမှာ ဒီလို သူငယ်ချင်းမျိုး ရထားရင် ကံကောင်းတယ်လို့ ပြောရမှာပါ။ သူငယ်ချင်းတွေကြားထဲမှာ သူ့အကြောင်း ကိုယ့်အကြောင်း ပိုပို သိလာရင်းနဲ့ ပြစ်တင်တာမျိုး၊ အကဲဖြတ်ပြီး ဆက်ဆံရေးတွေက ဝေးသွားတာမျိုး ရှိနေတတ်ပါတယ်။ ဒါပေမယ့် အဖိုးတန်သူငယ်ချင်း အမျိုးအစား တစ်မျိုးကတော့ အဆက်အသွယ်တွေ မရှိဖြစ်တောင်မှ ကိုယ်က ဘယ်အချိန်ပဲ ဆက်သွယ်ပါစေ၊ ကိုယ့်ကို ဘာမှ မဝေဖန်လိုက်ဘဲ နားလည်ပေးပြီး နားထောင်ပေးတတ်တဲ့ သူငယ်ချင်းမျိုးကလည်း တကယ့်ကို လက်မလွှတ်သင့်စရာ သူငယ်ချင်းမျိုးပါပဲ။


Photo by RODNAE Productions from Pexels


(၄) လမ်းမှား မရောက်စေတဲ့ သူငယ်ချင်းမျိုး

လူငယ်ဘဝမှာ စိတ်တွေက မျိုးစုံ အခြေအနေလည်း ဖြစ်သွားနိုင်ပြီး ကိုယ့်ဘဝကို ထိခိုက်စေမယ့် အရာတွေမှာလည်း မွေ့လျော်နေတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်က ကျန်းမာရေး ထိခိုက်မယ့်အရာတွေချည်း လုပ်နေတာမျိုး၊ လူတွေကို လုံးဝ ထီမထင် လုပ်နေမိတတ်တာမျိုးစတဲ့ လမ်းမှားပေါ် ရောက်နေတဲ့ အပြုအမူတွေ ကိုယ့်သူငယ်ချင်းမှာ ရှိလာရင် တားမြစ်ပြီး ဆုံးမတတ်တဲ့ သူငယ်ချင်းမျိုးက သင့်ကို တကယ်ပဲ တန်ဖိုးထားတတ်တဲ့သူ ဖြစ်ပါတယ်။ လမ်းမှားရောက်တဲ့ သူငယ်ချင်းက သူ့ကို လိုက်ဆုံးမနေလို့ သူငယ်ချင်းအဖြစ်က ပြတ်စဲရင်တောင် စေတနာထားပေးပြီး လမ်းမှန်ရောက်အောင် ကြိုးစားနေတတ်တဲ့ သူငယ်ချင်းမျိုးက လက်မလွှတ်သင့်တဲ့ ရှာမှရှားတဲ့ သူငယ်ချင်း ဖြစ်ပါတယ်။

Kham




Some text some message..