AB သွေးပိုင်ရှင်တို့ရဲ့ လူတွေမသိသေးတဲ့ ထူးခြားဆန်းပြားတဲ့အမူအကျင့်များ။
lifestylemyanmar.com
|
2020-11-10


AB သွေးပိုင်ရှင်တော်တော်များများက စကားပြောတဲ့နေရာမှာ အရမ်းညက်ညောပြီး တစ်ချိန်တည်းမှာပင် အလုပ်မျိုးစုံလုပ်နိုင်တဲ့အပြင် ခဏအတွင်း ဒါတွေကို အပြီးသတ်နိုင်တာက သူတို့ရဲ့အားသာချက်ပါ။….

လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ သွေးအမျိုးအစားတွေကို ပိုင်ဆိုင်ထားကြပြီး A သွေး၊ B သွေး၊ AB သွေး၊ O သွေးဆိုပြီးရှိတဲ့အထဲမှာ A သွေးမှာတောင် A+, A- ဆိုပြီးကျန်တဲ့သွေးအမျိုးအစားတွေမှာပါ + – ဆိုပြီး ကွဲပြားသေးတာပါ။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ရှားပါးသွေးအမျိုးအစားဖြစ်တဲ့ AB သွေးပိုင်ရှင်လေးတွေရဲ့ အမူအကျင့်တွေကို ကာယကံရှင်တွေကိုယ်တိုင်ရော၊ ကျန်တဲ့သူတွေပါ သိထားရအောင် မျှဝေပေးချင်ပါတယ်နော်။




၁။ ကိုယ်ရည်ကိုယ်သွေးထူးချွန်ကြတယ်။

AB သွေးပိုင်ရှင်တော်တော်များများက စကားပြောတဲ့နေရာမှာ အရမ်းညက်ညောပြီး တစ်ချိန်တည်းမှာပင် အလုပ်မျိုးစုံလုပ်နိုင်တဲ့အပြင် ခဏအတွင်း ဒါတွေကို အပြီးသတ်နိုင်တာက သူတို့ရဲ့အားသာချက်ပါ။ ဒါပေမယ့် သူတို့က စိတ်ခံစားချက်လည်း ပြင်းထန်ပြီး Emotion ဖြစ်လွယ်တဲ့သူတွေပါတဲ့။ ဘာမှစိတ်ညစ်စရာမရှိဘဲနဲ့လည်း ငိုချင်ရင်ငိုနေတာပဲနော်။ နောက်ပြီး အခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲလွယ်တာကြောင့် လူအချို့က သူတို့ကို စိတ်ပျက်တတ်ကြပါတယ်။ ဒါပေမယ့် ကျန်တဲ့သူတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာတော့ အရမ်းကိုထူးချွန်ကြပြီး သူတို့နဲ့အနီးကပ်နေတာကြာလာရင် သူတို့ရဲ့ ဒီသဘောတွေကို ကောင်းကောင်းနားလည်သွားမှာပါ။




၂။ အပြစ်မဲ့ပြီး ကြောက်တတ်ကြတယ်။

AB သွေးပိုင်ရှင်တွေက အရမ်းကိုအပြစ်ကင်းစင်ပြီး ကြောက်လည်းကြောက်တတ်ကြပါတယ်တဲ့။ သူတို့ရဲ့ပုံစံကို အရင်ဆုံးထုတ်ပြလေ့မရှိဘဲ ဘေးပတ်ဝန်းကျင်ကို သေချာစူးစမ်းပြီးမှ တဖြည်းဖြည်းအကျွမ်းဝင်လာခဲ့တာပါ။ ကျန်တဲ့သူတွေအကြောင်းကို မသိသေးတဲ့အချိန်မှာ သူတို့ရဲ့အတွင်းစိတ်ထဲမှာဖြူစင်ပြီး ခံစားလွယ်တတ်ကြပါတယ်။ ဒီအချက်ကြောင့်ပဲ AB သွေးပိုင်ရှင်လေးတွေကို ပါးနပ်မှုရှိတယ်လို့ဆိုကြပါတယ်။




၃။ အနိုင်မယူချင်ကြဘူး။

AB သွေးပိုင်ရှင်လေးတွေက သူတစ်ပါးရဲ့လွှမ်းမိုးမှုကို မခံကြသလို သူတို့ဆီမှာလည်း ကိုယ်ပိုင်အတွေးအခေါ်ရယ်လို့ ခိုင်ခိုင်မာမာမရှိပါဘူး။ တိုက်ပွဲဝင်ဖို့၊ အနိုင်ယူဖို့၊ အခြားသူတွေရဲ့ရှေ့ရောက်ဖို့ သိပ်ပြီးစိတ်ထဲမထားသလို ပူးပေါင်းဆောင်ရွက်ဖို့ပဲ တွေးကြတာပါ။ အားနည်းချက်တစ်ခုက အလွယ်တကူအရှုံးပေးတတ်ကြတာဖြစ်ပါတယ်။ အေးအေးဆေးဆေးပဲ နေတတ်ပြီး တခြားအရာတွေကိုလည်း ချက်ကျလက်ကျဝေဖန်နိုင်ပါတယ်။




၄။ စီးပွားရေးမျိုးစုံလုပ်တတ်ကြတယ်။

AB သွေးပိုင်ရှင်တွေက ကြောက်တတ်တယ်ဆိုပေမယ့် စိတ်ဝင်စားတဲ့အရာတွေ အရမ်းများသလို စီးပွားရေးတွေဆိုလည်း တစ်ခုပြီးတစ်ခု အများကြီးလုပ်တတ်ပါတယ်။ ပြောစရာစကားတွေလည်း အများကြီးရှိပြီး သူတို့နဲ့အတူ စကားပြောရတာက ပျော်စရာကောင်းမှာပါ။ တစ်ခါတလေတော့လည်း သူတို့လေးတွေက ကိုယ့်ရဲ့မူဝါဒသာ အမှန်ပဲဆိုပြီး ခေါင်းမာတတ်ကြပါတယ်။ ဒါပေမယ့် AB သွေးပိုင်ရှင်တွေက နွေးထွေးကြင်နာတတ်ပြီး ပရဟိတအလုပ်တွေမှာလည်း ပါဝင်ကူညီပေးလေ့ရှိတာကြောင့် လူချစ်လူခင်လည်းပေါပါတယ်။




၅။ အချစ်ရေး။

AB သွေးပိုင်ရှင်လေးတွေဟာ အချစ်နဲ့ပတ်သက်လာရင် သူတို့ဖြစ်ချင်တဲ့အရာ၊ သူတို့လိုချင်တဲ့အရာတွေကို တိတိကျကျတောင်းဆိုတတ်ကြပြီး တစ်ဖက်မှာလည်း ကိုယ့်ချစ်သူနဲ့ ဘယ်သွားမယ်၊ ဘာစားမယ်ဆိုတာနဲ့ပတ်သက်လို့ ချစ်သူဆီကပဲ အကြံဥာဏ်တောင်းလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ချစ်သူကို စားသောက်ဆိုင်ကောင်းကောင်းမှာ သေချာကျွေးမွေးလေ့ရှိပြီး အထူးတလည်နေ့ရက်တွေမှာလည်း ပန်းစည်းတွေ၊ ဘာတွေနဲ့ ရိုတတ်ကြပါသေးတယ်။ AB သွေးပိုင်ရှင်တွေကို ချစ်သူတော်ထားရသူတွေအနေနဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့အပေါ် နားလည်လာမှာပါ။ နောက်ပြီး AB သွေးပိုင်ရှင်တွေက ရန်ဖြစ်ဖို့ဆိုတာမျိုးကို စိတ်ထဲမှာတောင်မထားတာကြောင့် သူတို့နဲ့ တွဲမယ်ဆိုရင် ပျော်ရွှင်ရမှာ သေချာပါတယ်နော်။




AB သွေးပိုင်ရှင်လေးတို့ရေ…။ အခုပြောပြခဲ့တဲ့အချက်တွေမှာ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်းရှိပါတယ်။ လူဆိုတာက ကိုယ့်စိတ်ကို ကိုယ်ပဲအစိုးရတာပါ။ အဲ့ဒါကြောင့် ကောင်းတာတွေကို ပိုကောင်းအောင် မကောင်းတာတွေကို ပိုကောင်းလာအောင် ကြိုးစားပြင်ဆင်ကြည့်ကြပါဦးလို့ AB သွေးပိုင်ရှင်လေးတွေကို တိုက်တွန်းလိုက်ပါတယ်နော်။

#HM

#LifestyleMyanmar

Source: spiritualism, timesofindia




Some text some message..