
နိုဝင်ဘာ ၁၈၊ ၂၀၂၀
COVID-19 ရောဂါ ကူးစက်ခံရသည့် ကလေး၊ လူကြီး အသက်အရွယ်မရွေး လူနာများနှင့် ရောဂါကြောင့် ကွယ်လွန်သွားသည့် လူနာများ၏ မိသားစုဝင်များအတွက် စိတ်လူမှုဆိုင်ရာ (psychosocial) ကျန်းမာရေး စောင့်ရှောက်မှုများကို Padummar COVID-19 Support Group ၏ Hotline နံပါတ်များသို့ ဖုန်းဖြင့် ဆက်သွယ်ပြီး အခမဲ့ ရယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ဦးရေမှာ တစ်ရက်လျှင် ထောင်နှင့်ချီ တွေ့ရှိနေပြီး ယခုကဲ့သို့ အချိန်မျိုးတွင် COVID-19 ရောဂါ ကူးစက်ခံရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ရောဂါကြောင့် ကွယ်လွန်သွားသည့် လူနာများ၏ မိသားစုဝင်များသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ အနည်းနှင့်အများ ကြုံတွေ့ခံစားရလျက်ရှိသည်။
ထိုသို့ ရင်ဆိုင်ကြုံတွေ့ နေရသူများအတွက် စိတ်ခွန်အား မြှင့်တင်ပေးရန် အလွန် အရေးကြီးသောကြောင့် Padummar (ပဒုမ္မာ) အဖွဲ့က ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာမတို့ရဲ့ ဘက်စုံ အထောက်အကူ ပြုစုကုသမှု နည်းပညာတွေနဲ့ ဒီခံစားနေရတဲ့ လူနာတွေရော၊ သူတို့ရဲ့မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေရော အကုန်လုံးရဲ့ စိတ်ခံစားမှုတွေကို မျှဝေခံစားချင်တယ်။ သူတို့တွေရဲ့ စိတ်လူမှုရေးပိုင်းဆိုင်ရာပေါ့။ သက်ရောက်မှုတွေကို ကူညီစောင့်ရှောက်မှု ပေးချင်တယ်။ စိတ်ဓာတ်ခွန်အားတွေကို အဖွဲ့ရဲ့ လုပ်အားနဲ့၊ ပညာရှင်တွေရဲ့ ထင်မြင်ချက်တွေနဲ့ အကောင်းဆုံး ကုသပေးချင်တယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ကင်ဆာအထူးကု ဆရာဝန်ကြီးလည်းဖြစ်၊ Padummar (ပဒုမ္မာ) အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာ ဝါဝါမဉ္ဇူက ဆိုသည်။
ထိုသို့ စိတ်လူမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို လုပ်ဆောင်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ဆွေးနွေးမှုခံယူသူ ၆၀ ကျော်ရှိကာ ဆက်သွယ်လာသူများထဲတွင် အများစုမှာ လူလတ်ပိုင်းများ ဖြစ်ကြောင်းလည်း သိရသည်။
“အများစုကတော့ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ပေါ့နော်။ အဓိကကတော့ လူတိုင်းကတော့ ကိုဗစ်နဲ့ ပတ်သက်သွားတဲ့အခါမှာ သူတို့သည် ပိုးတွေ့တဲ့လူနာပဲဖြစ်ဖြစ်၊ ကွာရန်တင်းထဲ ဝင်ရတာပဲဖြစ်ဖြစ်၊ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ်ပေါ့နော်၊ အဲဒီတော့ သူတို့ စိတ်ပူပန်ကြတယ်၊ ကြောက်ကြတယ်ပေါ့။ နောက်တစ်ခုက သူတို့တစ်ယောက်တည်းအတွက် စိတ်ပူတာမျိုး မဟုတ်ဘဲနဲ့ ပတ်သက်ရာ မိသားစုကိုလည်း စိတ်ပူကြတယ်။ တစ်ယောက်ဖြစ်ရင်လည်း တစ်အိမ်လုံးကူးတဲ့ ပြဿနာက ဖြစ်နေတဲ့အခါကျတော့ အိမ်မှာ ကျန်ခဲ့တဲ့အမေ၊ အိမ်မှာ ကျန်ခဲ့တဲ့သားပေါ့၊ ဒီလို လူတွေအတွက်ကို စိတ်ပူပန်ပြီးတော့ ဘယ်လို ဆောင်ရွက်ရမလဲ။ စစ်ရမှာလား။ ကွာရန်တင်းက ဘယ်လိုစင်တာကို သွားရမလဲ။ သူတို့ အဆင်ပြေပါ့မလား။ နောက် ဝေဒနာ ကြီးလာတာနဲ့အမျှ စိတ်ပူလာပြီပေါ့။ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ရဲ့ မိသားစုဝင်ဖြစ်စေ၊ ပိုးတွေ့ပြီးတော့ ဝေဒနာ ကြီးလာတဲ့အခါ သူတို့စိတ်တွေ ပိုပြီးတော့ ပူပန်လာတယ်” ဟု Padummar အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝါဝါမဉ္ဇူက ပြောသည်။ Padummar COVID-19 Support Group တွင် စိတ်ကျန်းမာရေး အထူးကုများ၊ ဆရာဝန်များ၊ ကျွမ်းကျင်သူ စိတ်ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ လူမှုရေး ကျွမ်းကျင်သူများ၊ အကြံပေး ပုဂ္ဂိုလ်များနှင့်အတူ စိတ်လူမှုဆိုင်ရာ စောင့်ရှောက်ရေး (Psychosocial Care) နှင့်ပတ်သက်၍ လေ့ကျင့်ထားသည့် စေတနာ့ဝန်ထမ်း ၁၆၀ ဦးတို့ဖြင့် COVID-19 ကပ်ရောဂါကြောင့် ရရှိလာသည့် စိတ်ဒဏ်ရာများ လျော့ပါး ပြေပျောက်သွားရန် အတတ်နိုင်ဆုံး ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
Padummar COVID-19 Support Group သို့ ဆက်သွယ်နိုင်မည့် Hotline နံပါတ်များဖြစ်သည့် ၀၉ ၇၇၆ ၁၁၂ ၂၇၇, ၀၉ ၆၇၀ ၃၃၃ ၃၃၅ , ၀၉၆၇၀ ၃၃၃ ၃၃၆ , ၀၉ ၆၇၀ ၃၃၃ ၃၃၇ ,၀၉ ၆၇၀ ၃၃၃ ၃၃၈, ၀၉ ၆၇၀ ၃၃၃ ၃၃၉ သို့ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီ၊ နေ့လည် ၁ နာရီမှ ၄ နာရီ၊ ညနေ ၆ နာရီမှ ၉ နာရီအထိ ဆက်သွယ်နိုင်ကြောင်း သိရသည်။