အသက် ၈၀ အရွယ် သင်္ဘောသားအဘိုးအိုရဲ့ လျှပ်စစ်ရွက်လှေနဲ့ ကမ္ဘာပတ်မယ့် ခရီးစဉ် စတင်
mizzimaburmese.com
|
2020-11-20

နိုဝင်ဘာ ၂၀

အသက် ၈၀ နှစ်အရွယ်ရှိ သင်္ဘောသားတစ်ဦးဖြစ်သလို ဂျာနယ်လစ်တစ်ဦးလည်းဖြစ်တဲ့ ဂျင်မီ ကောနဲလ်ဟာ လျှပ်စစ်ရွက်လှေနဲ့ ကမ္ဘာတစ်ပတ် ပတ်မယ့် ၎င်းရဲ့ ခရီးစဉ်ကို စပိန်နိုင်ငံ ဆီဗီးလ်မြို့ကနေ စတင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ကမ္ဘာ့ ပထမဆုံး ကမ္ဘာပတ်ရေကြောင်းခရီးစဉ်ကို ဖြစ်စေခဲ့တဲ့ ပေါ်တူဂီ စူးစမ်းလေ့လာသူ ဖာဒီနန် မက်ဂျယ်လန်းနဲ့ စပိန် သင်္ဘောသား ဟွမ် ဆီဘတ်စတီယန် အယ်လ်ကာနို တို့ရဲ့ ခရီးစဉ် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ခုလိုမျိုး ဂျင်မီ ကောနဲလ်က လျှပ်စစ် ရွက်လှေနဲ့ ကမ္ဘာပတ်ခရီးစဉ် လုပ်ဆောင်တာဖြစ်ပါတယ်။

“Challenge Elcano 500- အယ်လ်ကာနို ၅၀၀ စိန်ခေါ်မှု” အတွက် ကောနဲလ်ဟာ လျှပ်စစ်လှေတစ်စင်းဖြစ်တဲ့ နှစ်စင်းတွဲ ရွက်လှေပေါ်မှာ လိုက်ပါရင်း ခရီးစဉ်ကို ထွက်ခွာတာဖြစ်ပါတယ်။

သူကတော့ သူရဲ့ ကမ္ဘာပတ်ခရီးစဉ်ကို ကိုးလအတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၅၀၀ အကြာက ဟွမ် ဆီဘတ်စတီယန် အယ်လ် ကာနိုရဲ့ ပထမဆုံး ကမ္ဘာပတ်ရေကြောင်းခရီးစဉ်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီခရီးစဉ် ထွက်ဖို့ စိတ်ကူး ရခဲ့တာဖြစ်ပါတယ်” လို့ ဂျင်မီ ကောနဲလ်က ပြောပါတယ်။

“သင်္ဘောသားတွေ၊ ရေကြောင်းပြတွေအနေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘယ်အချိန်မှာ ထွက်ခွာရမယ်ဆိုတာကိုတော့ ကောင်းကောင်း သိကြပါတယ်၊ ကျွန်တော်တို့ ဘယ်အချိန်မှာ ပြန်ရောက်မလဲ ဆိုတာကိုတော့ မသိနိုင်ကြပါဘူး၊ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ လမ်းခရီးစဉ်က ရေမိုင် ၃၂,၀၀၀ ( ကီလိုမီတာ ၆၀,၀၀၀) ဖြစ်ပါတယ်၊ တကယ်လို့ ခရီးစဉ်မှာ အားလုံး အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်မယ်ဆိုရင် ဒါကို ကိုးလအတွင်း အပြီးသတ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

“ကိုဗစ်-၁၉ ပြဿနာတွေ ရှိနေတာနဲ့အတူ ကျွန်တော်တို့ဟာ ကနဦးမှာတော့ မက်ဂျယ်လန်းနဲ့ အယ်လ် ကာနို တို့ရဲ့ လမ်းကြောင်းအတိုင်း တတ်နိုင်သမျှ တိတိကျကျ လိုက်နာသွားဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် ဒါက အတော် အရေးကြီးပါတယ်၊ အစနေရာကနေ ၊ ဒီနေရာ (ဆီဗီးလ်) ကနေ ကျွန်တော်တို့ဟာ ဆန်တာ ခရုဇ် ဒီ တီနာရိုက်ဖ်ကို သွားပါမယ်၊ ပြီးတော့ ဘရာဇီးနဲ့ အာဂျင်တီးနားမှာ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ကျွန်တော်တို့ဟာ ပန်တာဂိုနီယာဒေသရဲ့ တောင်ပိုင်းက ဆန် ဂျူလီယန် ဆိပ်ကမ်းကို ရောက်သွားပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။

“ဒီ နှစ်စင်းတွဲ ရွက်လှေက ပြင်သစ်မှာ တည်ဆောက်ထားတာပါ၊ အိုင်ဒီယာက သူ့မှာ လျှပ်စစ် တွန်းကန်မှု နည်းပညာ ရှိနေတာ သက်သက်တင် မဟုတ်ပါဘူး၊ ဒီ လျှပ်စစ် တွန်းကန်မှုနည်းပညာမျိုးက လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကတည်းက စတင်ခဲ့တာပါ၊ ဆိပ်ကမ်းမှာ ညတိုင်း လျှပ်စစ် ရဖို့က လွယ်ကူပါတယ်၊ ဒါပေမယ့် ခင်ဗျားအနေနဲ့ ကမ္ဘာတစ်ပတ် အတ္တလန္တိတ်ဖြတ်ကျော် ခရီးစဉ်တစ်ခုကို လုပ်ချင်တယ်ဆိုရင်တော့ ခင်ဗျားအနေနဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကို ပြန်လည် ပြည့်ဝအောင် လုပ်ဖို့ လိုပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

“ဒါက တကယ့် လျှပ်စစ် ပုံပန်းသွင်ပြင် စစ်စစ် ဖြစ်တာက အရမ်းအရေးကြီးပါတယ်၊ ကျွန်တော်တို့မှာ မီးခိုးငွေ့ ထုတ်လွှတ်မှု မရှိဘူး၊ ပြီးတော့ ဒါက ခရီးသွားနိုင်တဲ့ အလားအလာကို ပေးသလို၊ ဒါက လျှပ်စစ်နဲ့အတူ ရေပူထုတ်တာ၊ ပေါင်မုန့်လုပ်တာ၊ ချက်ပြုတ်တာ စတဲ့အရာအားလုံးအတွက်လည်း အခွင့်အရေးပေးပါတယ်၊ ဒီအခြေအနေမှာ မီးခိုးငွေ့ထုတ်လွှတ်မှု မရှိဘဲ အရာအားလုံးကို ဖန်တီးပါတယ်” လို့ ကောနဲလ်က ပြောသွားခဲ့ပါတယ်။




Some text some message..