လူလူချင်းဆက်ဆံရာမှာ မိတ်ဆွေသူငယ်ချင်းကြားမှာဖြစ်ဖြစ် ၊ ချစ်သူရည်းစားအချင်းချင်းကြားမှာဖြစ်ဖြစ် လေးစားမှူနဲ့ နားလည်မှူရှိဖို့ဆိုတာ အရေးကြီးဆုံးပါ။ ဒီအချက်တွေကိုမှ မလိုက်နာနိုင်ပဲ လူအဖွဲ့အစည်းကြားမှာ စစ်မှန်တဲ့မိတ်ဆွေကောင်းကို ရဖို့မဖြစ်နိုင်သလို ကိုယ့်အနားမှာရှိနေသူတွေဟာလည်း အချိန်ကြာလာတဲ့အမျှ ၊ကိုယ့်အကြောင်းကိုသိလာတာနဲ့အမျှ တဖြည်းဖြည်း ဖယ်ခွာသွားကြပါလိမ့်မယ်။ ဒါကြောင့်မို့ လူလူချင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်လေးတွေကနေသွေဖီပြီး ကိုယ့်ကိုရော လူအများကိုပါစိတ်ဆင်းရဲစေမယ့်လူစားမျိုးတွေကိုစောစောစီးစီး ရှောင်ရှားနိုင်ကြဖို့အတွက် မပေါင်းသင့်မပေါင်းအပ်တဲ့သူတချို့ရဲ့ အမူအကျင့်ဆိုးလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
နားလည်မှူမပေးနိုင်သူ
လူတိုင်းကအမှားအယွင်းမကင်းကြတာမို့ ဘယ်လိုလွဲချော်မှူမျိုးပဲရှိရှိ မိတ်ဆွေတစ်ဦးနဲ့တစ်ဦးကြားမှာနှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အဆင်ပြေပြေနဲ့ နားလည်မှူပေးနိုင်ဖို့လိုပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ကြုံလာတိုင်း နားလည်မှူမပေးပဲ တစ်ဖက်သတ်အပြစ်ပုံချတတ်တဲ့သူမျိုးဆိုရင်တော့ ဝေးဝေးကရှောင်ဖို့လိုပါပြီ။
ဒေါသမထိန်းနိုင်သူ
ပညာရှိအမျက်အပြင်မထွက်ဆိုသလိုပဲ ကိစ္စတော်တော်များများမှာ ဒေါသကိုထိန်းချုပ်နိုင်သူဟာ သူကိုယ်တိုင်ရော သူ့အနားဝန်းကျင်ကသူတွေကိုပါ အေးချမ်းမှူကိုပေးနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ အသေးအဖွဲကိစ္စလေးတွေကအစ ဒေါသတကြီး ဖြေရှင်းတတ်သူတွေနားမှာတော့ ဘယ်လိုနည်းနဲ့မှ အေးချမ်းမှူကိုရရှိနိုင်မှာမဟုတ်ပါဘူး။
စိတ်ကြီးဝင်နေသူ
ကိုယ့်ကိုကိုယ် အားလုံးထက်သာတယ် ၊ ဘယ်သူမှင့ါလောက်မတော် ငါ့လောက်မသိကြဘူးဆိုပြီး အခြောက်တိုက်ဘဝင်မြင့် စိတ်ကြီးဝင်နေသူတွေနဲ့ ဆက်ဆံရတာလည်း ကြီးမားတဲ့ ဝဋ်တစ်မျိုးပါပဲ။ သူတို့ကိုယ်တိုင်လည်းမသိစိတ်ကပူလောင်နေသလို ဘေးကလူတွေကိုလည်း အေးချမ်းမှူမရစေပါဘူး။
ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး
ကိုယ့်ရှေ့ကျတစ်မျိုး ကိုယ့်ကွယ်ရာကျတစ်မျိုးဆက်ဆံတတ်သူ၊ ကိုယ့်ထက်သာတဲ့သူတွေ့တာနဲ့ ကိုယ့်ကိုအရေးမပါသလိုဆက်ဆံတတ်သူ သာပေါင်းညာစားသမားနဲ့ စိတ်မမှန်သူတွေဟာလည်း မပေါင်းသင့်မပေါင်းအပ်တဲ့အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။
အဆိပ်အတောက်
ကွယ်ရာမှာ ကိုယ့်အတင်းပြောတတ်သူ ၊စကားကို ဟိုပို့ဒီပို့လုပ်တတ်သူ ကိုယ့်စကားကိုယ် တာဝန်မယူတတ်သူတွေဟာလည်း လူမှူအဖွဲ့အစည်းရဲ့ ကြီးမားတဲ့အဆိပ်အတောက်တွေပါပဲ။
အပြစ်ဆိုသူ
ကိုယ့်ရဲ့လုပ်ရပ်အမှားကိုထောက်ပြရာမှာ လုပ်ရပ်ကိုမဖော်ညွှန်းပဲ လူကိုဖော်ညွန်းတတ်သူမျိုး၊ ဥပမာ နင့်လုပ်ရပ်ကမှားတယ် လို့မပြောပဲ နင်ကိုက အသုံးမကျတာလို့ ပြစ်တင်တတ်သူမျိုးဟာ ကြာကြာဆက်ဆံဖို့အဆင်ပြေတဲ့အခြေအနေမှာ မရှိနိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးပေါ်တစ်ဦးအမုန်းပွားပြီး စိတ်ညစ်ရတဲ့ ဆက်ဆံရေးတစ်ခုအဖြစ်ကို ဦးတည်သွားနိုင်ပါတယ်။
Photo Credit to the Rightful Owners