
‘သင်ဇာ’
မင်းသိုက် အော်ပြီး အနောက်မှ ပြေးလိုက်သွားသော်လည်း နောက်ကျသွားချေပြီ။ မိစ္ဆာဘီလူးကြီး ဒါရုသည် သူ၏ ရှည်လျားလှသော လျှာကြီးကို မိန်းကလေး၏ ပါးစပ်အတွင်းသို့ ထိုးသွင်းလိုက်လေသည်။ သင်ဇာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လှုပ်ရှားမှု ကင်းမဲ့သွားသည်။ သူမ၏ စိတ်ရော ကိုယ်ရောကို ဒါရုက စုပ်ယူနေသလိုပင်။ သို့သော် စိတ်ဓာတ်ခိုင်မာလှသော ဆရာဝန်မလေးသည် အသိစိတ်ကို ချက်ချင်းစုစည်းပြီး သူမ၏ လက်တစ်ဘက်က လည်ပင်းရင်ဟိုက်ထဲတွင် ထည့်ယူလာသော သမီးကလေး ဖူးဖူး၏ အင်္ကျီလေးကို ထုတ်ယူကာ ဒါရု၏ အငွေ့တထောင်းထောင်းထွက်နေသော နှာခေါင်းပေါက်ကြီး နှစ်ပေါက်ရှေ့တွင် တေ့ပေးလိုက်သည်။
ဘီလူးကြီး ရုတ်တရက်ကြောင်သွားသည်။ သူ၏ စိတ်သည် ဖူးဖူး၏ အနံ့ဆီသို့ရောက်သွားပြီး သူ၏ တန်ခိုးများကြောင့် ပျောက်ဆုံးနေသော ကလေးမလေး၏ ပုံရိပ်များက စိတ်အာရုံတွင် တဖျတ်ဖျတ်ပေါ်လာလေတော့သည်။ ယခုအခါ ဒါရုနှင့် သင်ဇာတို့သည် စိတ်နှင့် ကိုယ်ချင်း ရောထွေးဆက်သွယ်လျက်ရှိသဖြင့် ဒါရု စိတ်အာရုံတွင် ပေါ်လာသည်များကို သင်ဇာကပါ တွေ့မြင်ခံစားလိုက်ရလေသည်။ သူမ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
‘အမလေး အဖြစ်ဆိုးလှချည်လား သမီးလေးရယ်...’
သူမ၏ ပါးစပ်ထဲတွင် ဒါရု၏ လျှာကြီးနှင့် အပြည့်ဖြစ်နေသဖြင့် သင်ဇာ အော်ဟစ်ငိုကြွေးဖို့ကိုတောင် မတတ်နိုင်ဘဲ စိတ်ထဲမှသာ ယူကြုံးမရ ငြီးတွားမိလိုက်လေသည်။ သူမ၏ သမီးကလေး ဖူးဖူးသည် တရုတ်နိုင်ငံ နယ်စပ်ရှိ ပြည့်တန်ဆာတန်းတစ်ခုတွင် ရောက်ရှိနေလေသည်။ ပြည့်တန်ဆာတန်းဆိုသော်လည်း သမီးကလေးသည် ငယ်လွန်းသေးသဖြင့် အလုပ်လုပ်ရန် မလိုသေးဘဲ တန်းလျားတွင်သာ ဖမ်းဆီးချုပ်နှောင်ထားသည်။ နောက် နှစ်အနည်းငယ် အရွယ်ရောက်လာမှ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန်ပင်။ သူမ မျက်စိထဲတွင် တွေ့မြင်ရသည်များကို အသေအချာမှတ်သားလိုက်သည်။ နေရာကို ရှာတွေ့ရန် လုံလောက်သော ပုံရိပ်များကို သူမ တွေ့ရှိလိုက်ရသည်။ လမ်းနာမည်၊ အိမ်နံပါတ်၊ မြို့အမည် ဆိုင်းဘုတ် စသည်များ။
‘ဂါး…...’
ဘီလူးကြီးသည် ကလေးမလေးဆီမှ စိတ်ပြောင်းပြီး သင်ဇာထံသို့ အာရုံပြန်လည်လာသည်။ သူ၏ သန်မာသော လက်ကြီးများနှင့် သင်ဇာ့ကိုယ်လုံးလေးကို အတင်းဖျစ်ညှစ်နေသည်။
‘အား… အငျး...’
‘ဂျွတ် ဂျွတ်...’
မိန်းကလေး၏ နံရိုးများ စပြီး ကျိုးကြေလာသည်။ သူမ ဘီလူးကြီး၏ ကြမ်းတမ်းမှုကို မခံနိုင်တော့ချေ။ တစ်ခုခုလုပ်မှဖြစ်ပေမည်။ ဤအတိုင်းသာ ဆက်ပြီးခံနေရလျှင် မိနစ်ပိုင်းအတွင်းမှာပင် သူမ၏ တစ်ကိုယ်လုံး အစိစိအညက်ညက် ကြေသွားပေလိမ့်မည်။ ထိုစဉ်မှာပင် မင်းသိုက်သည် သူတို့အနားသို့ရောက်လာပြီး ဒါရု၏ နောက်စိတည့်တည့်ကို ချိန်၍ သေနတ်နှင့် အချက်ပေါင်းများစွာ ပစ်လိုက်သည်။
‘ဒိုင်း ဒိုင်း ဒိုင်း...’
ကျည်ဆံများသည် ဘီလူးကြီး၏ အရေပြားကို မထွင်းဖောက်နိုင်ပဲ အပြင်သို့ ပြန်ကန်ထွက်သွားကြသည်။ ဒါရုသည် ကျည်ဒဏ်သင့်သွားသဖြင့် စိတ်ဆိုးပြီး မင်းသိုက်ကို ကန်ထုတ်ရန် သူ၏ လျှာကြီးကို သင်ဇာ့ပါးစပ်ထဲမှ ပြန်ထုတ်ပြီး မိန်းကလေးကို လက်တစ်ဘက်နှင့် ကိုင်ထားလျက်က မင်းသိုက်ကို ရန်မူရန် ကိုယ်လုံးကြီးကို တစ်ပတ်လှည့်လိုက်သည်။
‘သင်ဇာ့ကို အခုလွှတ်စမ်း ဘီလူးစုတ်...’
မင်းသိုက်အော်ဟစ်ရင်း ဘီလူးကြီးကို သေနတ်နှင့် ဆက်ပစ်သည်။ သို့သော် ဒါရုက မင်းသိုက်၏ ကိုယ်လုံးကို ခြေထောက်ကြီးနှင့် လွှဲကန်လိုက်သည်။
‘ဘုန်း’
ဒုရဲအုပ်၏ တစ်ကိုယ်လုံး မြောက်တက်ကာ အေဝးသို့ လွင့်ထွက်သွားသည်။ ထိုစဉ်မှာပင် သင်ဇာသည် ဘီလူးကြီး၏ ရင်အုပ်ပေါ်သို့ သူမ၏ လက်နှစ်ချောင်းကိုအုပ်ကာ ပါးစပ်မှ ဂါထာမန္တာန်တစ်ခုကို အဆက်မပြတ်ရွတ်ဆိုလေသည်။
‘မရဏာ တုသတိ၊ ဒေဝေါ ဒါရု မိစ်ဆာ နိဂေါစ မရဏံ နတ်ထိတံ….မရဏာ တုသတိ၊ ဒေဝေါ ဒါရု မိစ်ဆာ နိဂေါစ မရဏံ နတ်ထိတံ…. ’
‘ဂါး ဂါး ဂါး’
ဘီလူးကြီးသည် ကြောက်လန့်တကြားအော်ဟစ်ပြီး သင်ဇာ့ကို လက်မှ လွှတ်ချလိုက်သည်။ သူမ လက်နှင့် ထိသွားသော နေရာတွင် သံရည်ပူလောင်သလို မီးရောင်ကြီးတောက်ပြီး ကျန်ခဲ့လေသည်။ ဒါရု ရင်ဘတ်ကြီးကို လက်နှင့် အုပ်ရင်း မီးကို ငြိမ်းသတ်ရန်ကြိုးစားသည်။ သင်ဇာ ဘီလူးကြီး၏ နောက်ဘက်မှ ပတ်သွားပြီး မိစ္ဆာကောင်ကြီး၏ ခြေထောက်တစ်ဘက်ကို ဖမ်းကိုင်ကာ ပါးစပ်မှ ဂါထာကို အဆက်မပြတ်ရွတ်ဖတ်ပြန်သည်။
‘မရဏာ တုသတိ၊ ဒေဝေါ ဒါရု မိစ်ဆာ နိဂေါစ မရဏံ နတ်ထိတံ….မရဏာ တုသတိ၊ ဒေဝေါ ဒါရု မိစ်ဆာ နိဂေါစ မရဏံ နတ်ထိတံ…. ’
သင်ဇာသည် ကျမ်းစာအုပ်ကြီးထဲမှ ဒါရုကို အသက်သွင်းသောနည်းလမ်းများကို ဆည်းပူးလေ့လာခဲ့သလို ဘီလူးကြီးကို ရုပ်တုဘဝသို့ ပြန်ရောက်အောင်လုပ်သော ဂါထာများကိုလည်း ကျက်မှတ်ထားပြီးသား ဖြစ်လေသည်။ ယခုရွတ်ဆိုနေသော ဂါထာသည် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ်ခန့် ဒုတိယကမ္ဘာစစ်တုန်းက ဤကျောင်းဝင်းကြီးထဲတွင်ပင် သေဆုံးသွားခဲ့သော အထက်လမ်းဆရာကြီး ရွတ်ဆိုခဲ့သည့် ဂါထာဖြစ်လေတော့သည်။
ဒါရု၏ ခြေထောက်ကြီး မီးခဲလို တောက်လာသည်။ သူ့ခြေထောက်လှုပ်မရတော့။ သင်ဇာက နောက်တစ်ဘက်ကို ပြောင်းကိုင်သည်။ သူမ၏ ပါးစပ်မှ သွေးများ ပွက်ကနဲ ထွက်လာ၏။ ဘီလူးကြီး၏ ကိုင်ညှစ်ထားချက်ကြောင့် သူမ၏ နံရိုးများ အပိုင်းပိုင်း ကျိုးနေကြလေပြီ။ သူမ ပါးစပ်မှ ဂါထာကို အားတင်းပြီး မနည်း ရွတ်ဆိုနေရသည်။ အသက်ရှူ၍ပင် မဝတော့ချေ။ ဒါရု၏ ရင်ဝတွင် မီးခဲလို တောက်လောင်နေရာမှ တဖြည်းဖြည်းနှင့် တစ်ကိုယ်လုံးသို့ ပျံ့သွားနေသည်။ ခြေထောက်ကြီးနှစ်ဘက်မှာလည်း ချော်ရည်တုံးကြီးများလို အပူရှိန်မီးတွေ တငြီးငြီးထွက်ပြီး လှုပ်မရတော့ချေ။
‘သင်ဇာ… ထွက်ပြေးတော့၊ ...’
မင်းသိုက်၏ စကားကို မိန်းကလေးသည် နားမထောင်ပဲ ပါးစပ်မှ ဂါထာကိုသာ ဆက်တိုက်ရွတ်နေခဲ့သည်။ နောက်ဆုံးတွင်မူ ဒါရု၏ ကိုယ်လုံးကြီးသည် ချော်ရည်ပူတုံးကြီးလိုဖြစ်သွားပြီး ဘီလူးကြီးသည် မလှုပ်မရှား အသံပင် မထွက်နိုင်တော့ဘဲ ငြိမ်သက်သွားတော့သည်။ မင်းသိုက်သည် ထိုအခါမှ သင်ဇာ့ကို အပြေးပွေ့ဖက်လိုက်သည်။ မိန်းကလေး၏ ပါးစပ်မှ သွေးများ အဆက်မပြတ်စီးကျနေသည်။
‘သင်ဇာ… ဖြစ်မှ ဖြစ်ရလေ။’
‘ကိုမင်းသိုက်….’ သင်ဇာ အားကိုအတတ်နိုင်ဆုံးတင်းကာ မင်းသိုက်၏ နားနားကို ကပ်ပြီး တစ်စုံတစ်ခုကို ပြောလိုက်လေသည်။ သူမတွေ့ခဲ့သော သမီးလေး ဖူးဖူး၏ နေရာ။ ထို့နောက်တွင်မူ သူမ အင်္ကျီရင်ဘတ်ကြားထဲတွင် ထည့်ထားသော သမီးလေး၏ ဓာတ်ပုံလေးကို မင်းသိုက်လက်ထဲသို့ ထိုးထည့်လိုက်သည်။ ‘ကိုမင်းသိုက် သင်ဇာ့ကို မမုန်းသေးရင် သမီးလေးဖူးဖူးကို ရှာပေးပါနော်။ သင်ဇာ ရှိခိုးတောင်းပန်ပါတယ် ကိုမင်းသိုက်ရယ်’
မင်းသိုက် မျက်ရည်များ မထိန်းနိုင်ဘဲ ငိုကြွေးရင်းမှ သင်ဇာ့ကို ကတိပေးလိုက်သည်။
‘ရှိခိုးတောင်းပန်စရာမလိုပါဘူး သင်ဇာ။ ကျွန်တော် ကတိပေးပါတယ်။ သင်ဇာ့သမီးလေး ဖူးဖူးကို ကျွန်တော် ရှာပြီး သင်ဇာ့ဆီ ပြန်ခေါ်လာမယ်။ သင်ဇာ သမီးကို ပြန်တွေ့စေရမယ်’
မိန်းကလေးသည် ခေါင်းကို ခါရမ်းလိုက်သည်။ သူမ၏ အခြေအနေကို သူမ သိလေသည်။
‘သင်ဇာ ဆရာဝန်တစ်ယောက်ပါ ကိုမင်းသိုက်။ သင်ဇာ ဒီဒဏ်ရာတွေနဲ့ အသက်ဆက်မရှင်နိုင်တော့မှန်း သိပါတယ်။ ကျေးဇူးတင်ပါတယ် ကိုမင်းသိုက်ရယ်။ အားလုံးအတွက် သင်ဇာ တောင်းပန်ခဲ့ပါတယ်...’
မိန်းကလေး စကားပြောနေရင်း ပါးစပ်ထဲမှ သွေးများ ပွက်ကနဲ ပွက်ကနဲ အန်ထွက်လာပြီး ဇက်ကျိုးကျ သွားလေတော့သည်။ မင်းသိုက် သူမ၏ ကိုယ်လုံးလေးကို တင်းကျပ်နေအောင် ပွေ့ဖက်ထားရင်းမှ ယူကြုံးမရစွာ ငိုကြွေးနေမိလေသည်။ ထိုစဉ်မှာပင် ဒါရု၏ ဘီလူးခန္ဓာကိုယ်ကြီးသည် မီးခဲကြီးလို ရဲရဲနီနေရာမှ တဖြည်းဖြည်းနှင့် အေးသွားလေရာ ကျောက်သားရုပ်တုကြီးအသွင်သို့ ပြောင်းလဲသွားတော့သည်။ မြို့စွန်သင်္ချိုင်းဆီမှ တရွေ့ရွေ့လာနေကြသော အလောင်းကောင်ကြီးများသည်လည်း ဘုတ်ကနဲ ဘုတ်ကနဲ လဲကျကာ ယခင်ရှိမြဲအတိုင်း ဆွေးမြေ့ပုပ်သိုးနေပြီးသော အလောင်းကြီးများ ပြန်ဖြစ်သွားကြလေသည်။
‘ဒီဘီလူးရုပ်ကြီးကို ဘယ်လိုလုပ်ရမလဲ ဆရာမင်းသိုက်’
ရဲသားအုပ်စိုးက လှမ်းမေးသည်။ မင်းသိုက် ဘီလူးရုပ်ကြီးကို မုန်းတီးစွာ စိုက်ကြည့်ရင်းမှ ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။
‘ဒီအရုပ်ကြီးကို ဖျက်ဆီးပစ်ရင် ကျောက်သားတွေကွဲပြီး မကောင်းဆိုးဝါးကြီး အသက်ပြန်ဝင်လာဦးမယ်။ အကောင်းဆုံးကတော့ ရှေးဟောင်းသုတေသနဌာနကို အပ်ပြီး လူသူမရောက်နိုင်တဲ့ တောနက်တစ်နေရာရာမှာ မြှုပ်နှံထားလိုက်ရမှာပဲ အုပ်စိုး’
‘ကောင်းပါပြီဆရာ။ ကျွန်တော် စီစဉ်လိုက်ပါမယ်’
မင်းသိုက် သင်ဇာ့အလောင်းလေးကို ပွေ့ချီပြီး ဘုန်းကြီးကျောင်းဝင်းထဲမှ တစ်လှမ်းချင်း ထွက်လာခဲ့လေသည်။
x x x
သင်ဇာ့ဈာပန ပြီးပြီးချင်း မင်းသိုက် တရုတ်နိုင်ငံနယ်စပ်ရှိ လိုင်ဆန်ယန် မြို့ကလေးသို့ ခရီးထွက်ခဲ့သည်။ သင်ဇာပြောသည့်လမ်းနာမည် အိမ်နံပါတ်များအတိုင်းလိုက်သွားရာ ထိုနေရာတွင် နာမည်ကြီး ပြည့်တန်ဆာခန်းကြီး တစ်ခန်းကို တွေ့လိုက်ရလေသည်။ မင်းသိုက် ထိုနေရာရှိ ဒေသခံရဲများနှင့် သွားတွေ့ခဲ့ပြီး ထို ပြည့်တန်ဆာခန်းတွင် အသက်မပြည့်သေးသော ကလေးငယ်များကို ဖမ်းဆီးထားကြောင်း သတင်းပို့ခဲ့သည်။
နောက်တစ်နေ့တွင်ပင် မင်းသိုက်နှင့် ရဲတပ်ဖွဲ့တို့သည် ထို ပြည့်တန်ဆာခန်းကြီးကို ဝင်ရောက်ရှာဖွေ စစ်ဆေးလေတော့သည်။ ပထမတွင် ကလေးငယ်လေးများကို မတွေ့ရသဖြင့် စိတ်လျှော့ပြီး ပြန်ရမလိုတောင် ဖြစ်လိုက်သေးသည်။ ပြည့်တန်ဆာခန်းမှ ပြန်ထွက်လျှင် ထိုတိုက်ကြီး၏ ဘေးတွင်ရှိနေသော ကားဂိုဒေါင်ကြီးကို မင်းသိုက် သတိထားမိသွားသည်။
‘ဟေ့ကောင်တွေ ငါတို့ကို ဒီကားဂိုဒေါင်တံခါး ဖွင့်ပေးစမ်း’
ထိုစကားကိုကြားလျှင် တရုတ်သူဌေးသည် မျက်နှာကွက်ကနဲ ပျက်သွားသည်။ သို့သော် မင်းသိုက်က အတင်းပင် သော့တောင်းပြီး ဂိုဒေါင်တံခါးကြီးကို ဖွင့်လိုက်ရာ - အတွင်းတွင် မျက်လုံးအပြူးသားနှင့် အပြွတ်အသိပ်ထည့်ထားသော ကလေးငယ်လေးများကို တွေ့လိုက်ရလေသည်။ ဂိုဒေါင်နံရံများကို မွေ့ယာအစများနှင့် အသံလုံအောင် စီမံထားသဖြင့် အပြင်မှ ကလေးသံများကို မကြားရခြင်းပင်။
‘ဖူးဖူး….’
မင်းသိုက်အော်ခေါ်လိုက်လျှင် ကလေးအုပ်ကြီးထဲမှ လေးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် ခေါင်းလေးထောင်ပြီး မင်းသိုက်ကို လှမ်းကြည့်လိုက်လေသည်။ သူမကို မြင်မြင်ချင်း မင်းသိုက်သိလိုက်သည်။ အကြောင်းမှာ ဖူးဖူးလေးသည် သင်ဇာနှင့် တစ်ပုံစံထဲ ချွတ်စွပ်တူနေသောကြောင့်ပင်။
ကလေးငယ်များကို သက်ဆိုင်ရာသို့ အပ်ပြီး ဖူးဖူးလေးကိုမူ သူ့မိခင်၏ အုတ်ဂူရှိရာ သူတို့ မြို့ကလေးသို့ မင်းသိုက် ပြန်ခေါ်လာခဲ့သည်။
‘ဒီကလေးကို ဘယ်သူမွေးမလဲ’
မြို့ခံလူကြီးများက မင်းသိုက်ကို မေးလိုက်ခြင်းပင်။ သူတို့သည် ဆရာဝန်မ သင်ဇာ၏ သမီးလေး ဖြစ်ကြောင်း သိနေသဖြင့် ဖူးဖူးကို မနှစ်မြို့ဘဲ ရှိလေသည်။ သင်ဇာသည် သူတို့၏ အမြင်တွင် မြို့သားများကို သတ်ဖြတ်သွားသော၊ ဘီလူးကြီးကို အသက်သွင်းပြီး မြို့ကို ဖျက်ရန်ကြံခဲ့သော မကောင်းဆိုးဝါးမတစ်ဦးပင်။ သို့သော် တစ်မြို့လုံးက လေးစားရသော မင်းသိုက်၏ ဆုံးဖြတ်ချက်ကိုမူ သူတို့ မကန့်ကွက်ရဲခဲ့ကြပေ။
‘ဒီကလေးကို ကျွန်တော်မွေးမယ်။ အခုချိန်ကစပြီး ဖူးဖူးဟာ ကျွန်တော့် သမီးဖြစ်သွားပြီ’
x x x
မင်းသိုက်သည် သမီးငယ်လေးကို ဖခင်တာဝန်ကျေစွာ ပြုစုပျိုးထောင်ပေးခဲ့သည်။ သူ၏ သင်ဇာ့အပေါ် ထားခဲ့သော အချစ်သည် သေသောသူ ကြာလျှင်မေ့ဆိုသည့် စကားလို နှစ်ကာလတွေ ကြာသည့်အတွက် လျော့ပါးသွားခြင်းမရှိဘဲ သင်ဇာနှင့် ချွတ်စွပ်တူသော သမီးကလေးကို နေ့စဉ်တွေ့မြင်နေရသဖြင့် သင်ဇာ့အပေါ်ရှိခဲ့သော အချစ်မှာ ပို၍ပင် တိုးပွား၍သာလာလေသည်။ ထို့ကြောင့်လည်း ဒုရဲအုပ်လူရွယ်သည် မိန်းကလေးတွေ ဝိုင်းဝိုင်းလည် နေသည့်ကြားမှ အိမ်ထောင်ပြုခြင်းမရှိဘဲ တစ်ဦးတည်းဘဝနှင့်သာ သမီးငယ်ကို မွေးမြူခဲ့လေသည်။ မင်းသိုက်သည် ဖူးဖူး၏ ဖခင်အရင်းအကြောင်းကို သဲလွန်စ လိုက်လံစုံစမ်းခဲ့သော်လည်း ကြားရသလောက်မူ ထိုပုဂ္ဂိုလ်သည် မြန်မာနိုင်ငံမှ အမေရိကားသို့ ထွက်ခွာသွားပြီး အားလုံးနှင့် အဆက်ဖြတ်သွားကြောင်းသာ ကြားသိခဲ့ရသည်။ ထို့ကြောင့်လည်း မင်းသိုက်သည် ထိုလူအား ဆက်လက်ရှာဖွေခြင်း မပြုတော့ပေ။
‘ဖေဖေ၊ ကျောင်းက သူငယ်ချင်းတွေက သမီးကို စုန်းမသမီးလို့ ဝိုင်းခေါ်ကြတယ်။ အဲဒါဟုတ်လားဟင်’
‘ဘယ်သူက ပြောတာလဲ သမီး’
‘အားလုံးက ဝိုင်းပြောတာ’
မင်းသိုက် နောက်တစ်နေ့တွင် ကျောင်းအုပ်ကြီး ရုံးခန်းသို့သွားပြီး ပေါက်ကွဲလေတော့သည်။ ကျောင်းအုပ်ကြီးက ကလေးများအားလုံးကို ခေါ်ပြီး ဆုံးမရသည်။ ဖူးဖူး ကျောင်းတွင် သင်ဇာနှင့် ပတ်သက်ပြီး အပြောဆိုခံ အနိုင်ကျင့်ခံရတိုင်း မင်းသိုက်သည် ဖခင်ကောင်းပီသစွာ လိုက်လံကာကွယ်ပေးသဖြင့် အချိန်အတော်ကြာလျှင် ဖူးဖူးကို မည်သူမျှ မစနောက်ရဲတော့ချေ။ သို့သော် တစ်ရက်တွင်မူ ခုနစ်နှစ်သမီး ဖူးဖူးသည် မင်းသိုက်ကို သူမ၏ မိခင်အကြောင်း မေးမြန်းလေသည်။
‘သမီးမေမေက ဘယ်သူလဲဟင်’
‘သမီးကို ဘယ်သူက ဘာပြောလိုက်ပြန်ပြီလဲ။ မနက်ဖြန် ဖေဖေ..’
‘ဘယ်သူမှ ဘာမှ မပြောပါဘူး။ ဖေဖေ အမြဲလိုက်ပြောလို့ သမီးကို အခု ကျောင်းမှာ ဘယ်သူမှ မစရဲတော့ဘူး။ အခုဟာက သမီးဘာသာ သိချင်လို့ပါ’
မင်းသိုက်သည် ပထမတွင် လိမ်လည်ပြောရန် စဉ်းစားမိသော်လည်း နောက်ဆုံးတွင်မူ အမှန်အတိုင်းသာ ပြောရန် ဆုံးဖြတ်လိုက်သည်။ တချို့နေရာများကိုတော့ အနည်းငယ် ထိန်ချန်ထားခဲ့သည်။ အကျဉ်းချုပ်အားဖြင့် သင်ဇာသည် အောက်လမ်းပညာများကို သုံးပြီး ဖူးဖူးကို ပြန်ရှာတွေ့နိုင်ရန် ကြိုးစားရင်း အသက်ဆုံးရှုံးသွားခဲ့သည်ဟု ပြောပြလိုက်ရသည်။ ကျန်သည့် အသေးစိတ်များကိုမူ သမီးလေး အသက်ကြီးလာမှ ပြောပြရန် မင်းသိုက် စိတ်ကူးခဲ့လေသည်။
x x x
နှစ်ပေါင်း ဆယ်နှစ်ကျော် ကြာသွားခဲ့သည်။ မင်းသိုက်လည်း အသက်ငါးဆယ်ကျော်ပြီး လူကြီးအဖြစ်သို့ ရောက်လာခဲ့ပြီ။ ဖူးဖူးလေးမှာလည်း အသက်ဆယ့်ရှစ်နှစ်မျှရှိပြီး ဆေးတက္ကသိုလ်တက်ရန် အမှတ်မီသဖြင့် ရန်ကုန်သို့ ပြောင်းရပေတော့မည်။ မင်းသိုက်သည် သူ၏ သမီးငယ်အတွက် ဂုဏ်ယူဝမ်းသာမိသော်လည်း ရန်ကုန်သို့ တစ်ယောက်တည်း သွားရမည်ကို စိတ်မချနိုင်ချေ။
‘သမီးမေမေသာ ရှိရင် ဘယ်လောက် ဂုဏ်ယူလိုက်မလဲ’
မင်းသိုက် သင်ဇာ့ကို သတိရစွာ ပြောလိုက်သည်။ တကယ်တော့ ဖူးဖူး၏ စိတ်ထဲတွင်လည်း မိခင်ဖြစ်သူက အချိန်ပြည့်နေရာယူထားလေသည်။ သူမထံတွင် မိခင်နှင့်ပတ်သက်ပြီး မေးခွန်းများစွာရှိနေခဲ့သည်။
‘ဖေဖေ့ကို သမီးမေးချင်တာတွေရှိတယ်’
‘မေးပါသမီး။ ရပါတယ်။ အကုန်ဖြေပါ့မယ်’
‘ဖေဖေ ပြောခဲ့တဲ့ အောက်လမ်းပညာတွေဆိုတာ ဘယ်လိုမျိုးတွေလည်း။ သမီးကို ဘယ်လို ပြန်ရှာတွေ့သွားတာလဲ’
‘အဲဒီတုန်းက ဖေဖေတို့ မြို့လေးမှာ ဒါရုဆိုတဲ့ ဘီလူးကြီးတစ်ကောင်ကို မြို့ပြင်သုသာန်မှာ မြှုပ်ထားခဲ့တယ်။ သမီးမေမေက အောက်လမ်းပညာတွေ သုံးပြီး အဲဒီ့ဘီလူးကြီးကို အသက်သွင်းခဲ့တာပဲ သမီး။ အဲဒီ့ဘီလူးကြီး အကူအညီနဲ့ သမီးကို ပြန်ရှာခဲ့တာ။ ဒါပေမဲ့ အောက်လမ်းပညာတွေရဲ့ ထုံးစံအတိုင်း ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတာကြောင့် သမီးမေမေလည်း အဲဒီ့ပညာနဲ့ပဲ အသက်ဆုံးရှုံးသွားရတယ်’
‘ဒါဆို မေမေက သမီးကို ပြန်တွေ့ဖို့ အသက်ပေးသွားတာပေါ့’
‘အဲဒီလိုလည်း ပြောလို့ရပါတယ်’
ဖူးဖူး နှုတ်ဆိတ်သွားသည်။ သူမ ဘာမှ ပြန်မပြောတော့ချေ။ ရန်ကုန်သို့ သွားရန် အထုပ်အပိုး ပြင်ရပေမည်။ သူမ အဝတ်အစားများထည့်ရန် မင်းသိုက်၏ ခရီးဆောင်အိတ်အဟောင်းကြီးကို သူ၏ အခန်းထဲမှ သွားယူလိုက်သည်။ ဗီရိုအပေါ်မှ အိတ်ကြီးကို ဆွဲချလိုက်လျှင် ဗီရိုအပေါ်ဆင့်တွင် တင်ထားသော စာရွက်အထပ်လိုက်ကြီးကို သူမတွေ့ရှိသွားသည်။ မိန်းကလေးသည် စူးစမ်းလိုသော စိတ်နှင့် ထိုစာရွက်အထပ်ကြီးကို အောက်သို့ ဆွဲယူပြီး စာမျက်နှာများကို တစ်ရွက်ချင်း လှန်ကြည့်လေသည်။ စာမျက်နှာများပေါ်တွင် ဘီလူးကြီး ဒါရု၏ ရုပ်ပုံများကို အသေးစိတ် ရေးဆွဲထားပြီး ဂါထာမန္တာန်များကိုလည်း သူမနားမလည်နိုင်သော ရှေးဟောင်းစာများနှင့် ရေးသားထားသည်။
‘ဒါရုဟာ သေပြီးတဲ့လူကို ပြန်ရှင်နိုင်တယ်။ ပျောက်နေတဲ့လူကိုလည်း ပြန်တွေ့နိုင်တယ်။ ငါ့မှာ မေမေက ငါ့ကို ပြန်ရှာရင်း အသက်ပေးပြီး သေသွားခဲ့ပြီ။ အဖေအရင်းကလည်း ငါ့အတွက်နဲ့ စိတ်ဆင်းရဲပြီး ရေခြားမြေခြားမှာ ဇာတ်မြှုပ်နေလို့ ပျောက်ချင်းမလှ ပျောက်နေရတယ်။ ငါ့ ဖေဖေ ဦးမင်းသိုက်ကိုတော့ ချစ်လည်းချစ်တယ် ကျေးဇူးတွေလည်း ဆပ်မကုန်အောင်ရှိတယ်။ ဒါပေမဲ့….
ငါ့ဘဝမှာ မိစုံဖစုံနဲ့ နေဖို့ အမြဲ စိတ်ကူးယဉ်ခဲ့တာ… ဒီဘီလူးကြီးဟာ ငါ့အမေနဲ့ အဖေတို့ကို ဒီဘဝထဲ ပြန်ခေါ်ပေးနိုင်အောင် အစွမ်းတွေ တကယ်များ ရှိနေမလား...’
ဖူးဖူး စိတ်ထဲတွင် အတွေးများ အစဉ်မပြတ်ပေါ်လာခဲ့သည်။
‘သမီးရေ အိတ်တွေ့ရဲ့လား’
မင်းသိုက်၏ အသံကို ကြားလျှင် သူမသည် စာရွက်အထပ်လိုက်ကြီးကို ခရီးဆောင်အိတ်ကြီးထဲ အမြန်ထိုးထည့်လိုက်လေသည်။
‘ဖြစ်နိုင်နိုင် မဖြစ်နိုင်နိုင် ငါ ဒီ ကျမ်းစာအုပ်ကြီးကိုတော့ ဖတ်ကြည့်တာ မမှားဘူး။ မေမေတောင် ဒီစာအုပ်ကြီး အကူအညီနဲ့ ငါ့ကို ပြန်ရှာတွေ့ခဲ့သေးတာပဲ….’
ဖူးဖူး ထိုနေ့ညက အိပ်မပျော်ခဲ့ချေ။ သူမ မနက်ဖြန် ရန်ကုန်သွားရမည်ဖြစ်သဖြင့် စောစောအိပ်ရန် လိုလေသည်။ သို့သော် သူမ၏ စိတ်က အိတ်ကြီးထဲရှိ ကျမ်းစာအုပ်ကြီးဆီတွင်သာရှိနေသည်။ ဖူးဖူး ညသန်းခေါင်တွင် ထပြီး စာကြည့်မီးအိမ်လေးကို ဖွင့်လိုက်သည်။ အိတ်ထဲမှ အဝါရောင်သန်းနေပြီဖြစ်သော စာရွက်အထပ်လိုက်ကြီးကို ထုတ်ယူလိုက်၏။ သူမ စာမျက်နှာများပေါ်မှ ရှေးဟောင်းစာများကို မဖတ်တတ် ဖတ်တတ်နှင့် လိုက်ဖတ်နေမိသည်။ တစ်နေရာတွင် ပါဠိလိုလို သက္ကတ္တဘာသာလိုလို ရေးထားသော စာကြောင်းတစ်ကြောင်းကို သူမတွေ့လိုက်ရသည်။ ဖခင်ဖြစ်သူ ကြားမည်စိုးသဖြင့် သူမ အသံကို ခပ်အုပ်အုပ်ထားကာ ထိုစာကြောင်းကို တစ်လုံးချင်း ရွတ်ဖတ်မိနေလေသည်။
‘အသုဘာ - ခန်ဓာ - ဇီဝိတာ - မိစ်ဆာ -
အသုဘာ - ခန်ဓာ - ဇီဝိတာ - မိစ်ဆာ -
အသုဘာ - ခန်ဓာ - ဇီဝိတာ - မိစ်ဆာ -’
အပြစ်ကင်းစင်သော မိန်းကလေးသည် မကောင်းဆိုးဝါး မိစ္ဆာကောင်ကြီး ဒါရု၏ ယုတ်မာ ကောက်ကျစ်မှုများကို နားမလည်နိင်ချေ။ သူမ၏ စိတ်ထဲတွင် မိဘနှစ်ပါးနှင့် ပြန်လည်ဆုံစည်းလိုစိတ်သာ ရှိလေသည်။ တကယ်တော့ သူမ၏ မိခင် သင်ဇာသည်လည်း သမီးငယ်လေးကို ပြန်လည်ရှာတွေ့လိုသော အရိုးခံစိတ်နှင့်သာ ဤပညာရပ်များကို လိုက်စားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မိစ္ဆာဘီလူးကြီးနှင့် နီးစပ်လာလေလေ ရက်စက်ကြမ်းကြုတ်သော စိတ်များ၊ လူမဆန်သောစိတ်များ ပိုများလာလေလေပင်။ ယခုလည်း ဖူးဖူး၏ စိတ်သန္တာန် အရိုးခံပေါ်တွင် ဘီလူးကြီး ဒါရု၏ ဆိုးညစ်မှုများက ထင်ဟပ်လာပေတော့မည်။ နစ် ထောင်ပေါင်းများစွာ သက်တမ်းရှိသော ဒါရုသည် လူသားမျိုးနွယ်ကို အကြိမ်ပေါင်းများစွာ ဒုက္ခပေးပြီးလေပြီ။
ထိုစဉ်မှာပင် မြို့ပြင်သင်္ချိုင်းဆီမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြီးကို ဖူးဖူး ကြားလိုက်မိသည်။
‘မမေ...’
သူမ၏ နှုတ်မှ အမေကို တမိလေသည်။
‘မေမေ ဆုံးသွားတာ ဆယ့်လေးနှစ်တောင် ကျော်ပြီပဲ။ ဒီအချိန်လောက်ဆို မေမေလည်း ရောက်လေရာဘဝမှာ နေသားကျနေလောက်ပါပြီ။ ဖေဖေလည်း ဘဝသစ်မှာ အဆင်ပြေနေလောက်ပြီ။ ပြီးတော့ ငါ့မှာ ငါ့ကို အဖေရင်းထက်တောင် ပိုချစ်တဲ့ ဖေဖေ ဦးမင်းသိုက်လည်း ရှိနေတာပဲ။ အခုလည်း ဆယ်တန်းအောင်ပြီး ဆေးကျောင်းတက်ခွင့်ရပြီ။ ငါ့ဘဝဟာ တကယ်တော့ ပြီးပြည့်စုံနေပါပြီ။ မေမေ့တုန်းကတော့ ငါက ခိုကိုးရာမဲ့ ပျောက်ဆုံးနေလို့ သူအသက်စွန့်ပြီး ငါ့ကို ရှာပေးခဲ့တာ။ ငါကတော့ ဘာလို့များ ဒီအမှောင်ကမ္ဘာကြီးထဲကို သွားချင်နေသေးတာလဲ’
ထိုသို့စဉ်းစားလိုက်လျှင် ဖူးဖူး၏ ရင်ထဲတွင် တစ်သက်လုံး တင်းကျပ်နေသမျှ ပေါ့ပါးသွားလေသည်။ သူမမျက်လုံးများ မှေးစင်းလာသည်။ သူမသည် စားပွဲပေါ်ရှိ ကျမ်းစာအုပ်ကြီးကို ပိတ်လိုက်သည်။ ထိုအထဲရှိ ဂါထာများ ရုပ်ပုံများကိုလည်း စိတ်ဝင်စားခြင်းမရှိတော့ချေ။
‘မနက်ကျမှ ဖေဖေ့အခန်းထဲ ပြန်သွားပို့လိုက်တော့မယ်’
ဟု စဉ်းစားရင်း သူမ အိပ်ပျော်သွားသည်။ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်လေသည်။
(ပြီးပါပြီ)
ကိုချမ်း။
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။