အိပ်စက်ချိန်တွေဆိုတာ မေမေတို့ရော တစ်နေ့လုံးဗြောင်းဆန်ပြီးကစားထားတဲ့ ဘေဘီလေးတို့အတွက်ပါ နားချိန်ဖြစ်သင့်ပါတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်တာရတာကို မကြိုက်သူလည်း မရှိလောက်ပါဘူး။ ကလေးတစ်ယောက်ကို ပျိုးထောင်တဲ့အခါ အစားအစာစားတတ်ဖို့ လေ့ကျင့်ပေးခြင်း၊ စည်းကမ်းတွေ ချမှတ်ဖို့ နှင့် အိပ်ပျော်ဖို့ခက်ခဲသော ကလေးတစ်ယောက်ကို ကိုင်တွယ်ရတာကလည်း ခက်ခဲသော ပျိုးထောင်မှုတစ်မျိုးဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့ ကလေးတစ်ယောက်ဟာ ကျန်းမာရေးလည်းမကောင်းနိုင်ပါဘူး။ ကလေးငယ်တွေဟာ လူငယ်တွေ၊ လူလတ်ပိုင်းတွေထက် ပိုအိပ်ရပါမယ်။
မေမေတို့က တစ်နေ့လုံးအလုပ်ကိစ္စတွေကြောင့် ခြေကုန်လက်ပန်းကျပြီး အနားယူချင်နေတဲ့အချိန်မှာ ကလေးလေးက အိပ်မပျော်လို့ အရမ်းတွေစိတ်ညစ်နေပြီလား? မေမေတို့နားမခံသာအောင် အော်ဟစ်သောင်းကျန်းတတ်ပါသေးသလား? ဒီမှာ ကလေးငယ်တွေ လွယ်လွယ်အိပ်ပျော်စေမယ့် နည်းလမ်းတစ်ချို့ရှိပါတယ်နော်?
၁။ ကလေးငယ်ရဲ့ အသက်အရွယ်အလိုက် သင့်တော်သော အိပ်စက်ခြင်းပုံစံကကို သုတေသနပြုလုပ်ထားပါ
ကလေးတွေရဲ့ အိပ်စက်မှုအချိန်တွေကို နားမလည်တာကြောင့် ကလေးအိပ်ချိန်မှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ (မွေးကင်းစမှ ၂ လကနေ ၃ လအထက်) ကလေးငယ်တွေမှာ အများစုဟာ ကျွန်မတို့ရဲ့ အိပ်စက်မှုပုံစံတွေနဲ့အတူဘဲ တစ်နေကုန်နီးပါးအိပ်ပြီး ညဘက်မှာ နိုးလာကြပါတယ်။ သူတို့က နေ့ဘက်ညဘက်မခွဲနိုင်သေးတာကြောင့် ဘယ်အချိန်မှာ မဆို အိပ်ပြီး ဘယ်အချိန်ဖြစ်ဖြစ် နိုးပါတယ်။ လေးလအရွယ်မှာတော့ ညမှာ ပိုအိပ်လာပြီး နေ့ခင်းဘက်ကိုတော့ အိပ်ချိန်တွေနည်းလာပါတယ်။
ဒီ့ထက်အရွယ်ရောက်လာပြီဆိုရင်တော့ ညဘက်တွေမှာ ပိုအိပ်နိုင်ဖို့ နေ့ဘက်တွေမှာ တစ်နာရီ (သို့) နှစ်နာရီသာ အိပ်ကြပါတော့တယ်။ ကလေးငယ်တွေရဲ့ အိပ်စက်မှုအချိန်တွေကို ကောင်းကောင်းသိခြင်းက ကလေးတွေကို ကောင်းကောင်းအိပ်ပျော်စေနိုင်မယ့် လုပ်ရိုးလုပ်စဉ်တွေကို နည်းမှန်လမ်းမှန်ညွှန်ပြပါလိမ့်မယ်။
၂။ ပုံမှန်အိပ်ချိန်ကို အကျင့်လုပ်ပေးပါ
အိပ်ရာဝင်ချိန်ကို အချိန်လေးတစ်ခုလုပ်ပေးထားခြင်းက ကလေးတွေကို လွယ်လွယ်အိပ်ပျော်စေဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးငယ် တစ်နှစ်အရွယ်မှာ ဒီအလေ့အကျင့်တစ်ခုကို ပျိုးထောင်ပေးမယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကောင်းကောင်းသိလာပြီး အိပ်ပျော်လွယ်လာပါလိမ့်မယ်။ ကလေးမအိပ်ခင် နာရီဝက်အလို (သို့) တစ်နာရီအလိုလောက်ကတည်းက ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပါ။ သက်တောင့်သက်သာရေချိုးပေးပါ(ရာသီဥတုအလိုက်)။ အိပ်ရာဝင်အစားအစာတွေ ပြင်ဆင်ပေးပါ။
ကစားစရာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းပါ။ မီးတွေပိတ်ပါ။ အိမ်အလုပ်တွေကို လျှော့ချပါ။ သူတို့နှစ်သက်တဲ့ ညအိပ်ဝတ်စုံတွေကို ဝတ်ပေးပါ။ သင်လုပ်စရာတွေအားလုံးပြီးတာနဲ့ ကလေးကို အခန်းထဲတစ်ယောက်ထဲ ထားခဲ့တာမျိုး (သို့) ပုံပြင်ပြောတာမျိုး၊ သီချင်းဆိုသိပ်တာမျိုးတို့ဖြင့် အိပ်ပျော်အောင် သိပ်ပါ။
၃။ ကလေးတွေကို သီချင်းဆိုပြီး သိပ်ပါ
သင့်ကလေးတွေကို စက္ကန့် ၄၀ အတွင်း ဘယ်လိုအိပ်ပျော်အောင် သိပ်ရမလဲ? ကလေးငယ်တွေကို သီချင်းဆိုပြီး သိပ်တာက ကလေးငယ်တွေအိပ်ဖို့ လွယ်ကူပါလိမ့်မယ်။ သီချင်းဖွင့်ပြီးလည်း သိပ်ဖို့ လွယ်ပေမယ့် ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ကလေးတွေအနားမှာ မထားပါနဲ့။ မေမေတို့ သီချင်းတွေသီဆိုတဲ့အခါ မေမေတို့ကလေးရဲ့ မျက်လုံးလေးတွေမှာ ကျေနပ်မှုနှင့် လုံခြုံမှုတွေကို မြင်ရပါလိမ့်မယ်။
၄။ ကလေးတွေကို တစ်နေ့တာအတွင်း တက်တက်ကြွကြွရှင်သန်စေဖို့ အားပေးပါ
ကလေးတွေကို သဘာဝအတိုင်းတက်ကြွပြီး ကစားစေတာက ကလေးတွေကို မြန်မြန်အိပ်ပျော်အောင် ကူညီပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းက ကလေးငယ်တွေကို ပျော်ရွှင်စေပြီး ကြီးထွားမြန်စေရုံသာမက သင်ယူစရာအတွေ့အကြုံတွေကိုလည်း ရရှိစေပါတယ်။ သူတို့ဟာ တစ်နေ့လုံးလုံးအိမ်ထဲမှာပဲ နေမယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုမရှိသလောက်ဖြစ်ပြီး ညဘက်တွေမှာလည်း ဂဂျီဂဂျောင်ကျပြီး တော်တော်နဲ့ အိပ်မပျော်ြဖစ်တတ်ပါတယ်။
၅။ အေးအေးချမ်းချမ်း နှင့် သက်တောင့်သက်သာဖြစ်ပေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပါ
အိပ်ရာဝင်ချိန်မှာ ကလေးကို အိပ်ပျော်စေဖို့ ကူညီပေးနိုင်မယ့်အရာတစ်ခုမှာ ငြိမ်ငြိမ်သက်သက်နှင့် သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပါတယ်။ ၎င်းက ကောင်းမွန်သော အိပ်စက်မှုကို အားပေးပါတယ်။ အိပ်ခန်းဟာ သန့်ရှင်းသပ်ရပ်ပြီး လတ်ဆတ်သော အိပ်ယာခင်းတွေဖြစ်သင့်ပါတယ်။ မီးမှိန်မှိန် (သို့) မီးပိတ်ထားပါ။ မီးမှိန်မှိန်ဖြစ်စေတာက ကလေးတွေအိပ်ချိန်ရောက်ပြီဆိုတာ သိလာစေပါတယ်။ အိမ်ပတ်ဝန်းကျင်က ဆူညံသံတွေကို သင်မထိန်းချုပ်နိုင်ဘူးဆိုရင် ကလေးတွေအိပ်ပျော်ဖို့ ကူညီပေးနိုင်မယ့် နူးညံ့တဲ့သံစဉ်လေးတွေကို သုံးပါ။
၆။ ညဘက် အိပ်မပျော်စေမယ့် အစားအစာတွေနှင့် အဆာပြေအစာတွေကို ရှောင်ပါ
အိပ်ရာမဝင်ခင်မှာ အချိုရည်တွေ၊ သရေစာတွေ၊ ကိတ်မုန့်တွေနှင့် ဘီစကွတ်တွေဟာ သကြားဓာတ်တွေကို အလျင်အမြန်ဖြစ်စေပြီး ညဘက်တွေမှာ ကလေးတွေရဲ့ အဝလွန်မှုကို လှုံ့ဆော်ပေးပါတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် သကြားဓာတ်ပါတဲ့အရာတွေကို လုံးဝရှောင်သင့်ပါတယ်။ ကော်ဖီတို့လို ကဖိန်းဓာတ်တွေကိုလည်း ရှောင်ပါ။ ညမအိပ်ခင် သုံးလေးနာရီအတွင်းရှောင်သင့်ပါတယ်။ နို့၊ ငှက်ပျောသီးနှင့် ပန်းသီးတို့ကို အလျင်းသင့်သလို ကျွေးပါ။
၇။ နူးညံ့တဲ့ နှိပ်နယ်မှုတွေ ပြုလုပ်ပေးပါ
ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် ကလေးတွေကို ညဘက်အိပ်ပျော်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ လာဗင်ဒါဆီနှင့် Valor ကဲ့သို့ essential oil တွေဟာ နှိပ်နယ်တဲ့နေရာမှာ တကယ်အထောက်အကူပြုနိုင်ပါတယ်။ ရေချိုးအဝတ်အစားလဲပြီးတဲ့အခါ နူးညံ့စွာ နှိပ်နယ်ပေးပါ။ ခြေထောက်၊ လည်ပင်းနှင့် နောက်ကျော်တွေကို ညင်သာစွာ နှိပ်နယ်ပေးခြင်းက ကလေးတွေကို စိတ်တည်ငြိမ်စေပြီး အေးချမ်းစေပါတယ်။ သူတို့ပိုပြီး စိတ်သက်သာရာရတဲ့အခါ သူတို့က sleep mode ပိုများလာပါလိမ့်မယ်။ ဒီအချက်က လူကြီးတွေအတွက်တောင် အဆင်ပြေပါတယ်။
၈။ သူတို့ရဲ့ ရင်းရင်းနှီးနှီးထိတွေ့ပါ
ကလေးငယ်ကို ပွေ့ဖက်ပြီး အိပ်စက်ချိန်ရောက်တော့မယ်ဆိုတာ သိဖို့ တစ်ခုခုအချက်ပေးပါ။ ဆိုလိုတာက သူတို့ရဲ့ မလုံခြုံမှုတွေ၊ ကြောက်ရွံ့မှုတွေကို လျှော့ချနိုင်မယ့် အနမ်းလေးတစ်ခုပေးခြင်းပါ။ ပွေ့ဖက်ခြင်းပါ။ သူတို့ကို မေမေတို့ရဲ့ ရင်ဘတ် (သို့) ပေါင်ပေါ်တင်ပြီး အိပ်ခိုင်းပါ။ ကလေးတွေဟာ တစ်ခါတလေမှာ ကြောက်တတ်ကြပါတယ်။ သူတို့ကြားဖူးတဲ့ တစ္ဆေ၊ သရဲပုံပြင်တွေဟာ သူတို့စိတ်ထဲမှာ ရှင်သန်နေပါတယ်။ ဒါ့ကြောင့် သူတို့နားမှာ ရှိပေးပါ။
၉။ အိပ်ရာမဝင်ခင် နာရီအနည်းငယ်အလိုမှာ စိတ်ဖိစီးမှုတွေကို လျော့နည်းအောင်ကူညီပါ
စိတ်ဖိစီးမှုဟော်မုန်း cortisol ဟာ ခန္ဓာကိုယ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးသောအရာတစ်ခုဖြစ်ပြီး အဝလွန်ခြင်းနှင့် စိတ်မတည်ငြိမ်ခြင်းကို ဖြစ်စေပါတယ်။ ကလေးတွေအိပ်ရာမဝင်ခင် စိတ်ဖိစီးမှုများတဲ့အခါ သူတို့အိပ်ရခက်နိုင်ပါတယ်။ အိပ်ချင်ပေမယ့် အိပ်မရတာမျိုး၊ ငိုပြီး ဂနာမငြိမ်ဖြစ်တတ်ပါတယ်။ အော်ဟစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သူတို့ကို အော်တာမျိုးကိုလည်း ရှောင်ပါ။ သူတို့ကို အေးအေးဆေးဆေးဖြစ်အောင် ထိန်းချုပ်ပါ။
၁၀။ ကလေးငယ်မှာ အိပ်စက်ခြင်းနဲ့ ပတ်သက်သော ရောဂါတစ်ခုခုမရှိကြောင်း သေချာပါစေ
အထက်က အချက်အလက်တော်တော်များများပြုလုပ်ပေးခဲ့ပြီး ကလေးက အိပ်စက်တာမျိုးမရှိဘဲ တအီအီနဲ့ သင့်ကို တွယ်ကပ်ညည်းညူနေမယ်ဆိုရင် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခုရှိနေနိုင်တာကြောင့် ကလေးအထူးကုနဲ့ တိုင်ပင်ပါ။
Lifestyle_Myanmar
Nyein_Thu