
သင်ယုံကြည်သည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အမျိုးသားတွေဟာလည်း ကိုယ်တွေလိုချင်တဲ့အရာတွေနဲ့ ထပ်တူ သူတို့လည်း လိုချင်ပတယ်။ တစ်ခုရှိတာက သူတို့ဘက် ကြီးမားသော အပေးအယူတွေမလုပ်ကြခြင်းပါပဲ။ သူတို့ကို ဆွဲဆောင်နိုင်ပြီး သူတို့အချစ်ခံရဖို့ဆိုရင် ဒီရိုးရှင်းတဲ့အချက်လေးတွေကို လုပ်ပေးဖို့ လိုအပ်ပါတယ်။
၁။ နားထောင်ပါ၊ သူ့ကို သိအောင်လုပ်ပါ

ကျွန်မတို့က ကျွန်မတို့ပါတနာတွေရဲ့ ကိုယ်ပိုင်ဘဝတွေထဲကို ဘယ်လောက်အထိဝင်ရောက်စွက်ဖက်ကြလဲဆိုရင် သူတို့ရဲ့ တကယ့်ဘဝအစစ်ကို မေ့သွားလောက်အောင်အထိ ဝင်ရောက်နှောင့်ယှက်ပြီး ဆရာမကြီးလုပ်တတ်ကြပါတယ်။ အမှန်တကယ်တော့ ဒီလိုဝင်ရောက်နှောင့်ယှက်ရမှာမျိုးမဟုတ်ဘဲ သူတို့ပြောပြတဲ့ သူတို့ဘဝအကြောင်းတွေကို အရင်ဆုံးနားထောင်သင့်ပါတယ်။ အလျဉ်းသင့်သလို ပြောပြလာတဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေ၊ တစ်နေ့တာ နိစ္စဓူဝတွေကို စိတ်ဝင်တစားနားထောင်ပေးဖို့လိုအပ်သလို ကိုယ်သိချင်တာတွေကိုလည်း ဒီလိုအချိန်တွေမှာပဲ ပညာသားပါပါနဲ့ မေးမြန်းသင့်ပါတယ်။ ဒါမှသာ သူ့အကြောင်းများများပိုသိလာပြီး သူ့ကို နားလည်ပေးနိုင်ပါလိမ့်မယ်။ သူ့ကို နားလည်ပေးတဲ့ အမျိုးသမီးကို မချစ်တဲ့ယောင်္ကျားလေးဆိုတာ မရှိပါဘူး။
၂။ ပေးပါ(ကျွေးခိုင်းတာ မဟုတ်ပါဘူး)

မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေဆီကနေ လိုပဲလိုချင်နေကြပြီး ပြန်ပေးဖို့မှာတော့ ထင်သလောက်အလုပ်မလုပ်ကြပါဘူး။ တန်ဖိုးကြီးလက်ဆောင်တွေက အဓိကမဟုတ်ဘဲ သူ့ကို တကယ်ဂရုစိုက်တယ်ဆိုတာ ပြသဖို့က အရေးကြီးပါတယ်။ အနည်းဆုံး စာအုပ် ဒါမှမဟုတ် သူအကြိုက်ဆုံးတီးဝိုင်းတစ်ခုဆီကို ခေါ်ပေးခြင်း (သို့) ရုပ်ရှင်တွေပဲဖြစ်ဖြစ်ပေါ့။ သူဟာ သင့်ကို ကျေးဇူးတင်မှာဖြစ်ပြီး သင်ဟာ တစ်ကိုယ်ကောင်းဆန်သူမဟုတ်ကြောင်း ပြသရပါမယ်။ ဒီအချက်ကလည်း သင့်ကောင်လေးက သင့်ကို ချစ်စေမယ့် နည်းလမ်းတစ်ခုပါ။
၃။ သူ့ကို ဦးစားပေးပါ(တစ်ခါတရံ)

တစ်ခါတလေလောက် နေ့နေ့ညညလုပ်နေတဲ့အလုပ်တွေကို ဘေးနားခဏချထားပြီး ကိုယ့်ပါတနာကိုလည်း အချိန်ပေးသင့်ပါတယ်။ သူနဲ့အတူ အပြင်သွားပြီး သူလုပ်ချင်တာလေးတွေ ပေးလုပ်ပါ။ ရုပ်ရှင်ကြည့်ပါ။ ဘတ်ဂျက်ကို လှည့်မကြည့်ဘဲ စားချင်တာတွေ စားလိုက်ပါ။
၄။ သူ့အတွက် အသင့်ရှိနေပေးပါ

အလုပ်ကြောင့် စိတ်ဖိစီးရတာ ၊ လူမှုရေးပြဿနာတွေကြောင့် စိတ်ရှုတ်ရတာတွေက တကယ်ဆိုးရွားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူက သင့်ကို တကယ်လိုအပ်ပါတယ်။ သူ့အတွက် သင်ရှိနေပေးဖို့ လိုအပ်ပါတယ်။ သူနဲ့ စကားပြောဖို့၊ လက်ဖက်ရည်တစ်ခွက်လောက်သောက်တာပဲဖြစ်ဖြစ် ခေါက်ဆွဲပြုတ်လေးထစားလိုက်တာပဲဖြစ်ဖြစ် အတူရှိနေပေးပြီး နှစ်သိမ့်ပေးပါ။ သင့်အတွက်တော့ ပေးဆပ်မှုသေးသေးလေးပေမယ့် သူ့အတွက်တော့ အဓိပ္ပာယ်အများကြီးရှိပါတယ်။ သူအားငယ်နေတိုင်းအတူရှိပေးတဲ့ သင့်ကို ဘယ်တော့မှာ မေ့မှာမဟုတ်သလို ကျေးဇူးတင်မှာ သေချာပါတယ်။
၅။ သူ့ကို ချီးကျူးပါ

သန့်နေတဲ့ ဆံပင်ပုံစံအသစ် (သို့) ဂျာကင်အသစ်ဝတ်ပြီး ဝတ်လာတဲ့ ကောင်လေးကို တွေ့ပေမယ့် သင်အရင်ဆုံးမေးတာက
ဟေး…ငါဘယ်လိုလဲ၊ လှရဲ့လား
? ဆိုတဲ့ မေးခွန်းမျိုးဖြစ်နေပါတယ်။ အမှန်တကယ်တော့ တစ်ခါတလေ ချီးကျူးပေးလိုက်ဖို့ သင်ဘာမှ ပွန်းပဲ့မသွားပါဘူး။ တစ်ခါတလေတစ်ချို့ရက်တွေမှာ သင့်ဘက်ကစတဲ့မေးခွန်းက သူ့ရုပ်ရည်၊ သူ့အလုပ်အကိုင်ဘယ်လိုတော်ကြောင်း၊ ကြည့်ကောင်းကြောင်းချီးမွမ်းတာမျိုးဖြစ်ပါတယ်။ အမြဲတမ်းတော့ မလိုအပ်ပါဘူး။ ပေါ့သွားပါလိမ့်မယ်။ ဒါပေမယ့် အမှန်တကယ်ပြောတဲ့အခါမှာလည်း လေးလေးနက်နက် စိတ်အားထက်သန်စွာပြောပါ။ သင့်ရဲ့ အသိအမှတ်ပြုမှုကို သူနားလည်နိုင်မယ့်အခြေအနေမျိုးဖြစ်ပါစေ။
၆။ လိင်မှုကိစ္စ(အပြန်အလှန် စားရမယ့်အချိန်ရောက်ပါပြီ)

လိင်မှုကိစ္စဆိုတာ အချစ်ရေးမှာ အရေးကြီးပြီး ဒီအဆင့်က အရေးမပါဘူးလို့ထင်တယ်ဆိုရင်တော့ သင်တစ်ခုခုလွဲနေတာဖြစ်နိုင်ပါတယ်။ အမျိုးသားတွေဟာ လိင်မှုကိစ္စကို အမှန်တကယ်နှစ်သက်ကြပြီး လူနှစ်ဦးအကြား ချိတ်ဆက်မှုကို ဖြစ်စေနိုင်ပြီး တစ်ယောက်ကို တစ်ယောက်ပိုချစ်လာစေပါတယ်။
ဒီကိစ္စအတွက်လည်း အမှန်တကယ်အချိန်ပေးသင့်ပါတယ်။
၇။ သူ့ကို ချစ်ခင်ကြောင်း ပြသပါ

သူ့ပါးကို နမ်းတာမျိုး၊ သူ့ကျောနဲ့ လည်ပင်းကို ပွတ်သပ်ပေးတာမျိုးနှင့် သူ့လက်ကို ကိုင်ထားတာမျိုးတွေ လုပ်သင့်ပါတယ်။ သူ့မျက်လုံးတွေကို ကြည့်ပြီး သူလိုချင်တာတွေနဲ့ သူလိုအပ်တာတွေကို သင်ကောင်းကောင်းသိကြောင်း သင့်မျက်လုံးတွေကတစ်ဆင့် ပြသပါ။ သင်ဘာမှပြောစရာမလို သူတန်ဖိုးထားတာ ခံရပါလိမ့်မယ်။
၈။ သူ့အမြင်တွေကို တန်ဖိုးထားပါ
သင့်အနေနဲ့ အချစ်ခံချင်တယ်ဆိုရင် သူပြောနေတဲ့ခေါင်းစဉ်တစ်ခုကို ဂရုတစိုက်နားထောင်ပြီး အကြံဉာဏ်ပေးပါ။ ပြဿနာတွေကို မတူညီသော ရှုထောင့်ကနေ ကြည့်တတ်သူတွေအဖြစ် သင့်ကို ထင်မြင်ပါလိမ့်မယ်။ သင်တို့ ဆက်ဆံရေးကို ခိုင်မာစေရုံသာမက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နောက်ထပ်နည်းလမ်းတွေလည်း တွေ့လာနိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-herway