တိရစ္ဆာန်ကျောင်း
byohls.com
|
2022-03-27

တစ်ခါတုန်းက တိရစ္ဆာန်အပေါင်းဟာ ခေတ်သစ်ရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် တစ်ခုခုလုပ်ဖို့ တိုင်ပင်ရင်း တိရစ္ဆာန်ကျောင်းတစ်ခု တည်ထောင်ဖွင့်လှစ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းရဲ့ ကိုယ်လက်လှုပ်ရှားမှုသင်ရိုးမှာ ပြေးတာ၊ သစ်ပင်တက်တာ၊ ရေကူးတာနဲ့ ပျံသန်းတာတွေ ထည့်သွင်းသတ်မှတ်လိုက်တယ်။ သင်ရိုးကို စီမံခန့်ခွဲရတာ လွယ်ကူစေဖို့ ကျောင်းသားတိရစ္ဆာန်အားလုံး ဘာသာရပ်အားလုံးကို သင်ကြားရမယ်လို့ ပြဋ္ဌာန်းလိုက်တယ်။

ရေကူးသင်ခန်းစာမှာ ဘဲက အတော်ထူးချွန်တယ်။ နည်းပြထက်တောင် ပိုတော်တယ်လို့ ပြောရမယ်။ ဒါပေမဲ့ ပျံသန်းမှုမှာ အောင်မှတ်ပဲ ရပြီး အပြေးမှာတော့ တော်တော်လေး အခြေအနေဆိုးပါတယ်။ အပြေးမှာ အမှတ်နည်းတဲ့အတွက် အပြေးလေ့ကျင့်ဖို့ ရေကူးသင်ခန်းစာကို လျှော့ချလိုက်ရတယ်။ အပြေးလေ့ကျင့်ရလို့ ဘဲရဲ့ခြေထောက်က ရေယက်အရေပြားတွေ စုတ်ပြတ်ထိခိုက်ပြီး ရေကူးမှာတောင် သာမန်အမှတ်ပဲ ရတော့တယ်။ ဒါပေမဲ့ သာမန်အမှတ်ဆိုတာ ကျောင်းမှာ လက်ခံနိုင်တဲ့ အောင်မှတ်ကျော်တယ်ဆိုတော့ ဘဲက လွဲရင် ဘယ်သူမှ အဲဒီကိစ္စကို မကျေမနပ် မဖြစ်ကြဘူး။

ယုန်ကတော့ အပြေးသင်ခန်းစာမှာ ထိပ်ဆုံးဆိုပေမယ့် ရေကူးမှာတော့ ဘယ်လိုမှ သင်လို့ မရလို့ အကြီးအကျယ် စိတ်ဓာတ်ကျနေတယ်။

သစ်ပင်တက်တဲ့နေရာမှာ ထိပ်ဆုံးဆိုတဲ့ ရှဉ့်ကလည်း ပျံသန်းမှုသင်ခန်းစာမှာ ဆရာက သစ်ပင်ထိပ်ကနေ အောက်ကို ဆင်းခိုင်းတဲ့ လေ့ကျင့်ခန်းအစား မြေပြင်ကနေ အပေါ်ကို ပျံတက်ခိုင်းနေတော့ အခက်တွေ့နေတယ်။ သူက ပျံသန်းဖို့ ကြိုးစားရင်း ခြေထောက်ကို ဆန့်ထုတ်တာ လွန်သွားလို့ ကြွက်တက်ပြီး သစ်ပင်တက်တာမှာ C နဲ့ အပြေးမှာ D ပဲ ရခဲ့တယ်။

လင်းယုန်ကတော့ စည်းကမ်းတွေကို အမြဲ ချိုးဖောက်တဲ့ ပြဿနာကျောင်းသားပဲ။ သူက သစ်ပင်တက်တဲ့ လေ့ကျင့်ခန်းမှာ အမြဲပဲ သတ်မှတ်နေရာကို ဦးဆုံးရောက်တဲ့သူပေါ့။ ဒါပေမဲ့ တခြားကျောင်းသားတွေလို သစ်ပင်တက်တာမဟုတ်ဘဲ ပျံပြီး တက်သွားတာလေ။

စာသင်နှစ် ဆုံးတော့ ငါးရှဉ့်တစ်ကောင်က ရေကူးမှာ ထူးချွန်ပြီး အပြေး၊ သစ်ပင်တက်နဲ့ ပျံသန်းမှုမှာလည်း နည်းနည်းစီ ရတော့ ပျမ်းမျှအမှတ် အကောင်းဆုံးဖြစ်ပြီး ထူးချွန်ကျောင်းသားအဖြစ် ဆုပေးပွဲမှာ ကိုယ်စားပြု စကားပြောခွင့် ရခဲ့တယ်။

သင်ရိုးထဲမှာ မြေတူးတာနဲ့ လှိုဏ်ခေါင်းတူးတာတွေ မပါတော့ မြေအောင်းတိရစ္ဆာန်တစ်မျိုးဖြစ်တဲ့ ပရိုင်ရီရှဉ့်က ကျောင်းထွက်လိုက်ရတယ်။ သူက မျိုးတူတွေဖြစ်တဲ့ ခွေးတူဝက်တူတစ်ကောင်၊ ရှဉ့်မျိုးနွယ်နှစ်ကောင်နဲ့အတူ အောင်မြင်တဲ့ ပုဂ္ဂလိကကျောင်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့တယ်လေ။

ဒီဇာတ်လမ်းကနေ သင်ခန်းစာကြီးကြီး ရနိုင်ပါလိမ့်မယ်။

- George H. Reavis




Some text some message..