ဘဝတက်လမ်းအတွက် အကျိုးမဖြစ်တဲ့ ပျင်းရိထိုင်းမှိုင်းခြင်းကို ဘယ်လိုတိုက်ထုတ်မလဲ
lifestylemyanmar.com
|
2022-04-06

အချိန်အတော်ကြာ၊ ရက်အတော်ကြာ အလုပ်လုပ်ရတဲ့အခါ၊ ကြိုးစားခဲ့ရတဲ့အခါ အနည်းငယ်ပျင်းတဲ့စိတ်ဝင်လာတတ်ကြပါတယ်။ ဘာကိုမှ မလုပ်ချင်ဘဲ ခဏတဖြုတ်အနားယူချင်တဲ့စိတ်တွေ ပေါ်လာတဲ့အခါ အနားပေးလိုက်ပါ။ ဒါပေမယ့် အမြဲတမ်းပျင်းရိပြီး တစ်ချိန်လုံးအနားပေးမယ်ဆိုရင်တော့ သတိထားရပါမယ်။ ထိုပျင်းရိတတ်တဲ့ရောဂါ စွဲကပ်လာပြီဆိုရင် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးသွားနိုင်လို့ပါပဲ။

ပျင်းရိခြင်းရောဂါကို ကုသနိုင်တဲ့သူက သင်တစ်ယောက်တည်းပဲဖြစ်ပါတယ်။ ဒါဆိုရင် နည်းနည်းလေး ပျင်းရိစိတ်ဝင်လာပြီဆိုတာနဲ့ ဘယ်လိုကြိုးစားပြီး တွန်းလှန်တိုက်ထုတ်ရမလဲ။ စာဖတ်သူတို့အတွက် အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်တယ်နော်။


လေကောင်းလေသန့်ရှုပါ။

တစ်ခါတလေမှာ ပျင်းရိခြင်းက ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။ အဲ့ဒီအခါ လုပ်လက်စအလုပ်ကို ခဏလောက် ရပ်လိုက်ပြီး လေကောင်းလေသန့်ထရှုပါ။ မိနစ်အနည်းငယ်ခန့် အနားပေးလိုက်ပါ။ ဒါဆိုရင် အင်အားတွေ ပြန်လည်ပြည့်ဝလာပါလိမ့်မယ်။

စိတ်ဓာတ်တက်ကြွမှုနည်းခြင်း

ပျင်းရိခြင်း ဖြစ်ပေါ်လာရတဲ့ နောက်ထပ်တရားခံက Motivation လျော့နည်းခြင်းကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအခါ မိမိရဲ့စိတ်ကို လှုံ့ဆော်မှုပေးဖို့မမေ့ပါနဲ့။ အောင်မြင်တဲ့သူတွေ ပြန်လည်ဝေမျှထားတဲ့နည်းလမ်းတွေ၊ ကျင့်ထုံးတွေ စတဲ့စာအုပ်များ၊ ဗီဒီယိုအတိုလေးများ ကြည့်ရှုပါ။


အကျိုးရလဒ်များက ဘာတွေဖြစ်မလဲဆိုတာကို စဉ်းစားပါ။

လတ်တလောဖြစ်ပေါ်နေတဲ့ ပျင်းရိစိတ်ကို ကျော်လွှားချင်တယ်ဆိုရင် ဘယ်လိုရလဒ်ကောင်းတွေ ခံစားရမလဲဆိုတာကို စဉ်းစားကြည့်ပါ။ အတားအဆီးတွေ၊ အခက်အခဲတွေကိုပဲ တွေးနေမိမယ်ဆိုရင် ပိုလို့တောင် ပျင်းရိငြီးငွေ့လာပါလိမ့်မယ်။ ဒါ့ကြောင့် အတားအဆီး၊ အခက်အခဲတွေကို လုံးဝမေ့ထားလိုက်ပါ။ မြူမှုန်လေးလောက်တောင် မစဉ်းစားမိပါစေနဲ့။ ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်ဝတဲ့အခါ ခံစားရမယ့် အကျိုးရလဒ် (သို့) စည်းစိမ်ချမ်းသာ (သို့) ဂုဏ်ဒြပ်တစ်ခုခုကို စဉ်းစားလိုက်ပါ။ ဒီနည်းလမ်းက တော်တော်လေး အကျိုးသက်ရောက်မှုရှိတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။


တစ်ချိန်တည်းမှာ အလုပ်နှစ်ခု၊ သုံးခု ပြိုင်တူပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

အလုပ်နှစ်ခု၊ သုံးခု ပြိုင်တူလုပ်တဲ့အခါ မိမိစိတ်အာရုံက ပျံ့လွှင့်နေမှာဖြစ်ပြီး“ဟာ… လုပ်စရာတွေကလည်း များလိုက်တာ ဒီနေ့တော့ ပြီးမှာ မဟုတ်တော့ဘူး။ နောက်နေ့ဆက်လုပ်ရတော့မယ်” စသည်ဖြင့် အချိန်ဆွဲချင်တဲ့အတွေးတွေ ဝင်လာပြီး ပျင်းရိခြင်းကသာ ကိုယ့်ကို အနိုင်ယူသွားပါလိမ့်မယ်။

အချိန်ဆွဲတဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်ပါ။

ခေတ်လူငယ်တွေ နောက်ပြောင်ပြောနေကြ စကားလေးတစ်ခုရှိပါတယ်။ “ နောက်နေ့လုပ်လို့ရတဲ့ အလုပ်ကို အခုမလုပ်ပါနဲ့” ဆိုပြီး အပြောင်အပျက်ပုံစံလေး ပြောလေ့ရှိပါတယ်။ ဒီလိုအချိန်ဆွဲခြင်းက သင့်ကို စမတ်ကျတဲ့လူ တော်တစ်ယောက်မဖြစ်စေပါဘူး။ အောင်မြင်ချင်တယ်၊ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းချင်တယ်ဆိုရင် “ အခုချက်ချင်းလုပ်လို့ရတဲ့ အရာတစ်ခုကို နောက်နေ့မရွေ့လိုက်ပါနဲ့ ”


Lifestyle_Myanmar

ref-lifehack




Some text some message..