
Long Distance Relationship (LDRS) ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတွေ၊ နားလည်မှုတွေ နဲ့ သစ္စာရှိစွာ တည်ဆောက်ရတဲ့ အချစ်ရေးတစ်ခု ဖြစ်တာကြောင့် သာမာန် Relationship တွေထက်ကို ပိုပြီးခက်ခဲပါတယ်။ ဒါကြောင့် အဝေးရောက်ချစ်သူတွေအနေနဲ့ အနေဝေးပေမယ့် သွေးအေးသွားတယ် မဖြစ်ရလေအောင် အခုပြောပြမယ့်အချက်လေးတွေ လိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) အချိန်တစ်ခုသတ်မှတ်ပါ
တစ်ယောက်တစ်နေရာစီ မြေထောင်ချီဝေးနေတာကြောင့် သာမာန် Relationship တွေလို မကြာခဏတွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် အနေဝေးပေမယ့်လည်း အမြဲနီးကပ်နေသလို ခံစားရစေဖို့ အချိန်တစ်ခုသတ်မှတ်ရပါမယ်။ ဥပမာ ည (၉) နာရီကနေ ည (၁၁) နာရီအထိကို သီးသန့်အချိန်လေးတစ်ခု သတ်မှတ်ပြီး Video Call နဲ့ မျက်နှာချင်းဆိုင်စကားတွေပြောတာ ဖုန်းတွေ ပြောတာမျိုး ပြုလုပ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်ကိုလည်း မပျက်မကွက်အချိန်ပေးနိုင်အောင်ကြိုးစားပါ။

(၂) ရိုးသားပွင့်လင်းမှုရှိပါ
ဒီအချက်က အရမ်းကို အရေးကြီးပါတယ်။ အနေဝေးနေတဲ့အတွက် သံသရာဆိုတာ များစွာဝင်လာနိုင်ပါတယ်။ မျက်စိရှေ့မှာတောင် အဖြစ်အပျက်မျိုးစုံနဲ့ ကွဲကွာသွားတဲ့ Relationship တွေ မနည်းမနောရှိတာကြောင့် အနေဝေးနေတဲ့သူတွေအတွက် ပိုပြီးစိတ်မချစရာတွေများပါတယ်။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းရှိပါ။ သံသယစိတ် လုံးဝအဖြစ်မခံပါနဲ့။ ယုံကြည်မှုကို သူများတွေထက်ပိုပြီး နှစ်ဆတည်ဆောက်ပါ။

(၃) ရည်မှန်းချက်တစ်ခုချမှတ်ပါ
လက်ရှိမှာ အနေဝေးနေပေမယ့် တစ်ယောက်တစ်နေရာစီကြိုးစားရင်း ဘဝအတွက်အခြေခိုင်မာတဲ့ အခြေအနေတစ်ခု အုတ်မြစ်ချပြီးချိန်မှာတော့ အတူတူပြန်လည်ပေါင်းစည်းနေထိုင်မယ်ဆိုတဲ့ ရည်မှန်းချက်ခပ်ကြီးကြီးတစ်ခုမှတ်ထားသင့်ပါတယ်။ ရည်မှန်းချက်တွေနဲ့ပြည့်နေအတွက် ကိုယ့်ရဲ့အချစ်ရေးဟာလည်း ပိုမိုအဓိပ္ပါယ်ပြည့်ဝနေမှာဖြစ်ပြီး အတူတူနီးစပ်ခွင့်ရဖို့ ဆထက်တိုးပိုကြိုးစားမိကြမှာဖြစ်ပါတယ်။
(၄) အတူတူလုပ်လို့ရမယ့် အရာတွေပြုလုပ်ပါ
တစ်ယောက်တစ်နေရာစီဝေးနေပေမယ့် တစ်ချိန်ထဲမှာ အတူတူ ပြုလုပ်လို့ရမယ့်အရာတွေ ရှိပါတယ်။ ဥပမာ အွန်လိုင်းဂိမ်းဆော့တာမျိုး သီချင်းဆိုလို့ရတဲ့ App တွေကနေ နှစ်ယောက်အတူသီချင်းဆိုတာမျိုး YouTube ကနေ Video တွေကြည့်တာမျိုး စသည့်ဖြင့်တစ်ချိန်ထဲမှာပဲ နှစ်ယောက်အတူတူ ပြုလုပ်လို့ရမယ့် အရာလေးတွေ ပြုလုပ်သင့်ပါတယ်။ ဒါမှလည်း လူချင်းဝေးနေပေမယ့် စိတ်ချင်းနီးစပ်နေမှာဖြစ်ပါတယ်။

(၅) တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ပြောပြထားပါ
ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေတစ်ယောက်နဲ့ တစ်ယောက်ပေးသိထားမယ်ဆိုရင်ပိုပြီးယုံကြည်မှုတိုးစေသလို ကိုယ့်မေ့နေတဲ့ ကိုယ့်ရဲ့တစ်နေ့ အချိန်ဇယားကိုလည်း ကိုယ့်ချစ်သူက သတိပေးလာမှာဖြစ်တဲ့အတွက် အပြန်အလှန်ကူညီရာလည်းရောက်ပါတယ်။ ဥပမာ စာမေးပွဲအချိန်တွေ အလုပ်အင်တာဗျူး Meeting အချိန်တွေ စသည့်ဖြင့် အရေးကြီးတဲ့ အချိန်ဇယားတွေကို သိနေမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သတိပေးကာ မေးဖကူညီနိုင်မှာဖြစ်ပါတယ်။

(၆) အမှတ်တရလေးတွေ ဖန်တီးပါ
အွန်လိုင်းပေါ်ကနေ အချိန်တိုင်းစကားပြောနေရင်လည်း ကြာလာတဲ့အခါ ငြီးငွေ့သွားနိုင်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကနေ အမှတ်တရဖြစ်စေမယ့်အရာလေးတွေ ဖန်တီးပါ။ ကိုယ့်ချစ်သူနဲ့ ပုံလေးတွေကို အမှတ်တရ ဗီဒီယိုလေးတွေလုပ်ပြီးတင်တာမျိုး သတိရတဲ့အကြောင်းလေးတွေကို Tag တွဲပြီးစာ ရေးတာမျိုး ကိုယ်ရောသူရောသဘောကျတဲ့အရာလေးတွေ တွေ့ရင် သတိတရ Share လုပ်တာမျိုး စသည့်ဖြင့် အမှတ်တရလေးတွေ ဖန်တီးပါ။
Lifestyle_Myanmar
ref-time