
ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားတယ်ဆိုတာ အမျိုးကောင်းသားတို့ရဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ချစ်သူကို တန်ဖိုးထားတယ်ဆိုတာ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတွေ ပေးနေမှမဟုတ်ပါဘူး။ အခုပြောပြမယ့် အချက်လေးတွေ လုပ်ဆောင်မယ်ဆိုရင် ကိုယ့်ချစ်သူကောင်မလေးကို တန်ဖိုးထားကြောင်း ပြရာရောက်ပါတယ်။
(၁) အသေးအမွှားလေးကအစဂရုစိုက်ပါ
မိန်းကလေးတွေဟာ သူတို့ချစ်သူကောင်လေးရဲ့ ဂရုစိုက်မှုကို အပြည့်အဝ လိုချင်ကြတာဖြစ်ပါတယ်။ သင့်အနေနဲ့ သူမနဲ့ ပတ်သက်သမျှအရာတိုင်းကို ဂရုစိုက်ပေးမယ်ဆိုရင် သူမကိုတန်ဖိုးထားကြောင်း ပြရာရောက်စေပါတယ်။ ဥပမာ မနက်အိပ်ယာနိုးတာနဲ့ စာတို SMS ပေးပို့တာမျိုး အားလပ်ချိန်တိုင်း ကောင်မလေးနဲ့ အတူအချိန်ကုန်ဆုံးတာမျိုး ကိုယ်ဘက်ကစပြီး သတိတရ ဖုန်းဆက်တာမျိုး စသည့်ဖြင့်လုပ်ဆောင်ပေးသင့်ပါတယ်။

(၂) ရင့်သီးတဲ့စကားတွေမပြောမိပါစေနဲ့
ယောကျာ်းလေးတွေအနေနဲ့ တစ်ခါတစ်လေမှာ အလုပ်ပင်ပန်းလို့ဖြစ်စေ စိတ်ရှုပ်နေတဲ့အချိန်ဖြစ်စေ ချစ်သူကောင်မလေးဘက်က ရစ်မိတာ ဆိုးမိတာလေးတွေ ရှိလာတဲ့အခါ စိတ်ရှုပ်ပြီး ရင့်သီးတဲ့စကားတွေနဲ့ တုန့်ပြန်မိကြပါတယ်။ တကယ်တော့ ဘယ်လောက်ပဲ စိတ်ရှုပ်စရာကြုံနေရပါစေ အကျိုးအကြောင်း အရင်ရှင်းပြပါ။ ကိုယ့်ရဲ့အဆင်မပြေမှုတွေကို ရောချပြီး သူမအပေါ် ရင့်သီးတဲ့စကားတွေ မပြောမိပါစေနဲ့။

(၃) လိမ်လည်လှည့်ဖျားတာမျိုးရှောင်ကျဉ်ပါ
မိန်းကလေးတွေအမုန်းဆုံးက သူတို့ကိုလိမ်ညာတာပါပဲ။ ကိုယ့်ချစ်သူကောင်မလေးကို တကယ်ချစ်ရင် ဘယ်လိုကိစ္စမျိုးကိုမဆို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။ လိမ်ညာမုသားတွေပါလာရင် ကိုယ့်အပေါ်မှာ ယုံကြည်မှုရှိတော့မှာမဟုတ်သလို တန်ဖိုးမထားလို့ လိမ်ညာတာဆိုပြီးလည်း ကောက်ချက်ချသွားနိုင်ပါတယ်။ ဒါကြောင့် သေးသေးမွှားမွှားကိစ္စရော ကြီးကြီးမားမားကိစ္စတွေမှာပါ လိမ်လည်လှည့်ဖျားတာမျိုး လုံးဝရှောင်ကျဉ်သင့်ပါတယ်။

(၄) အမှတ်တရဖြစ်စရာအရာအားလုံးမှတ်မိနေပါစေ
ချစ်သူကောင်မလေးနဲ့ ပတ်သတ်ပြီး အမှတ်တရဖြစ်စရာ အရာအားလုံး မှတ်မိနေရင်တော့ သူမကိုတန်ဖိုးထားတယ်ဆိုတာ မပြောပြလဲ သိနေမှာပါ။ ဥပမာ ကောင်မလေးနဲ့စတွေ့တဲ့ နေရာမျိုး စတွေ့တုန်းက ဘာဝတ်ထားတာ သူမပြောပြဖူးတဲ့ သူမရဲ့ အကြောင်းအရာလေးတွေ သူမရဲ့ မွေးနေ့ Date စသည့်ဖြင့် သူမနဲ့ ပတ်သတ်တဲ့အရာလေးတွေကို သတိတရမှတ်မိစေမယ်ဆိုရင် သင့်အနေနဲ့ သူမကိုတန်ဖိုးထားတယ်ဆိုတာ ရာနှုန်းပြည့် ပေါ်လွင်နေမှာဖြစ်ပါတယ်။
Lifestyle_Myanmar
ref-lifehack