
မည်သူတစ်ဦးတစ်ယောက်ကမှ ကိုယ့်ကို လိမ်ပြော တာကို ကြိုက်နှစ်သက်ကြမှာမဟုတ်ပါဘူး။ ယုံကြည်မှုကို တည်ဆောက်တဲ့အခါ နှစ်နဲ့ချီကြာတတ်ပေမယ့် ယုံကြည်မှုပျက်စီးသွားရင်တော့ စက္ကန့်ပိုင်းလောက်ပဲကြပါတယ်။ ဒါ့အပြင် တစ်ခါ လိမ်ပြောဖူးတဲ့သူကိုလည်း နောက်တစ်ခါယုံကြည်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့အလုပ်ပဲဖြစ်ပါတယ်။
လူတစ်ယောက်က သင့်ကို အမှန်အတိုင်းပြောပြနေတာလား၊ လိမ်ညာနေတာလားဆိုတာကို သိချင်ပါသလား။ ဒါဆိုရင်တော့ စိတ်ရောဂါအထူးကုပညာရှင်တစ်ယောက်ရဲ့ လေ့လာချက်တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီအချက်လေးတွေကို သိထားမယ်ဆိုရင် သူက ကိုယ့်ကိုလိမ်နေတာလားဆိုတာကို သိနိုင်ပါပြီ။
မျက်လုံးအကြည့်တွေကို လေ့လာပါ
သင့်ကို လိမ်ပြောတော့မယ်ဆိုရင် ထိုသူက သင့်ကိုတည့်တည့်မကြည့်ရဲကြပါဘူး။ အထူးသဖြင့် သင့်ကိုချစ်ခင်တဲ့သူဆို ပိုဆိုးပါတယ်။ ဆန့်ကျင့်ဘက်အနေနဲ့ သင့်မျက်လုံးကို အချိန်ကြာကြာစိုက်ကြည့်ပြီး စကားပြောနေမယ်ဆိုရင်လည်း သူ လိမ်ပြော နေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်မျက်လုံးကို လုံးဝမကြည့်ဘဲ စကားပြောတဲ့သူ (သို့) သင့်ရဲ့ အကြည့်ကို လုံးဝမရှောင်ဘဲ စကားပြောနေတဲ့သူဆိုရင် သူတို့ပြောတာကို မယုံပါနဲ့။

သူတို့ ဘယ်သန်လား၊ ညာသန်လား
ညာသန်တွေ လိမ်ပြော တော့မယ်ဆိုရင် သူတို့ မျက်လုံးအိမ်က ညာဘက်ကို ကြည့်ကြပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ ညာဘက်ဦးနှောက်က ယုတ္တိရှိတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးဖို့ တာဝန်ကျလို့ပဲဖြစ်ပါတယ်။ ဘယ်သန်တွေကျတော့ သူတို့မျက်လုံးအိမ်က အောက်သို့ကြည့်နေမယ်၊ ဒါမှမဟုတ် ဘယ်ဘက်အခြမ်းသို့ရွေ့လျားနေမယ်ဆိုရင်တော့ သူတို့ လိမ်ညာနေတာပဲဖြစ်ပါတယ်။

သင်မေးတဲ့မေးခွန်းကို နောက်တစ်ခါ ပြန်ပြောခြင်း
သူသာ သင့်အပေါ်မှာ ရိုးသားမယ်၊ လိမ်ညာမှာမဟုတ်ဘူးဆိုရင် သင် မေးခွန်းမေးပြီးပြီးချင်း ချက်ချင်းပြန်ဖြေမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သင့်ရဲ့မေးခွန်းကို သူတို့က သံယောင်လိုက်ပြီး ထပ်ပြောနေခြင်းက သူတို့ လိမ်ပြော ဖို့ အချိန်ဆွဲနေခြင်းပဲဖြစ်ပါတယ်။
ဂရုတစိုက်နဲ့ အသေးစိတ်ပြောခြင်း
ပုံမှန်ထက်လွန်ကဲပြီး အချိန်အတိအကျ၊ ရက်အတိအကျ၊ နေရာအတိအကျ စတာတွေကို အသေးအဖွဲကအစ ဂရုစိုက်ပြီးပြောနေမယ်ဆိုရင် သင် ယုံကြည်အောင်လို့ ဇာတ်လမ်းထွင်နေခြင်းပဲဖြစ်ပါတယ်။

စကားပြောနှုန်းကို လေ့လာပါ
လိမ်ပြောခြင်းက မိုင်းအပြည့်ထောင်ထားတဲ့ ကွင်းပြင်ပေါ်မှာ လမ်းလျှောက်နေရတာနဲ့တူပါတယ်။ တစ်ချက်ကလေး ခြေလှမ်းမှားသွားတာနဲ့ ဗုန်းဆိုပြီး ထပေါက်မှာပါ။ ထိုကွင်းပြင်ပေါ်မှာ ပြေးလွှားခုန်ပေါက်ပြီးသွားလို့မရပါဘူး။ ဖြည်းဖြည်းမှန်မှန်လျှောက်မယ်။ ကိုယ်သွားချင်တဲ့ ဦးတည်ဘက်နဲ့နေရာကို သေချာရွေးချယ်ပြီး အဆုံးသတ်နားရောက်ခါနီး လုံခြုံစိတ်ချရပြီဆိုမှ သက်ပြင်းချပြီး နည်းနည်းပါးပါး ပြေးကောင်းပြေးပါလိမ့်မယ်။
လိမ်ပြောတာလည်း ထိုနည်းအတိုင်းပါပဲ။ စစချင်းမှာတော့ စကားလုံးရွေးချယ်မယ်၊ ဘယ်လိုလိမ်ပြောရမလဲဆိုတာ စဉ်းစားရင်း ဖြည်းဖြည်းမှန်မှန်နဲ့ တိတိကျကျပြောပါလိမ့်မယ်။ သူတို့ရဲ့ အတွေးက အစီစဉ်တကျဖြစ်သွားပြီဆိုရင်တော့ စကားပြောနှုန်း မြန်လာပါလိမ့်မယ်။

နာမ်စားအသုံးပြုခြင်း
လိမ်ပြောတဲ့သူတွေက သူတို့ရဲ့ဇာတ်လမ်းထဲမှာ အခြားသူကို နာမည်တပ်ပြောမယ့်အစား နာမ်စားတွေပဲသုံးလေ့ရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် ငါ သီဟ စာအုပ်ကို မယူဘူးလို့ ပြောမယ့်အစား ဘယ်သူမှ သူ့စာအုပ်ကို မယူဘူး လို့ ပြောပါလိမ့်မယ်။ ဒါက ဘာ့ကြောင့်လဲဆိုရင် အပြစ်မဲ့တဲ့သူကို သူတို့ဇာတ်လမ်းထဲမထည့်ချင်တဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်။
Lifestyle_Myanmar
ref-verywellmind