
အသည်းကွဲရင် အမျိုးသမီးတွေက ပိုခံစားရတယ်လို့ ထင်မှတ်ကြပါတယ်။ တကယ်တော့ ယောကျာ်းလေးက ပိုခံစားရမယ်၊ မိန်းကလေးကမှ ပိုနာကျင်ရမယ်လို့ မဟုတ်ပါဘူး။ ပိုချစ်ရတဲ့သူက ပိုနာကျင်ရစမြဲပါပဲ။ အသည်းကွဲဝေဒနာခံစားရခြင်းက သင့်မှာ သနားကြင်နာတတ်တဲ့ နှလုံးသားပိုင်ဆိုင်ထားတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ စာဖတ်သူတို့ရော အသည်းဘယ်နှစ်ခါကွဲဖူးပါသလဲ။ အသည်းကွဲလာရင် ပြုလုပ်လေ့ရှိတဲ့အမူအကျင့်ကတော့ အရက်သောက်ခြင်းပါပဲ။ အရက်သောက်လိုက်ရင် နာကျင်ရတာတွေ မေ့သွားမယ်ဆိုပြီး ဆင်ခြေပေးကြပါတယ်။ အရက်သောက်စရာမလိုဘဲ အသည်းကွဲဝေဒနာကို ကုသလို့ရတယ်ဆိုတာကိုရော သင် သိပါသလား။
မသိသေးဘူးဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကို ဆက်လေ့လာကြည့်လိုက်ရအောင်။
ကိုယ့်ကိုယ်ကို အလုပ်ရှုပ်နေအောင် ခိုင်းပါ။
နှစ်ယောက်အတူတူ ရှိနေခဲ့ချိန်တုန်းကတော့ သူ့ကို အချိန်ပေးနေရတာနဲ့ သင် ဝါသနာပါတဲ့အရာတွေကို မလုပ်ဖြစ်ဘူးမလား။ ဒါဆိုရင် သင် ဝါသနာပါတဲ့အရာတွေအတွက် အချိန်ပြန်ပေးပါ။ ဒါမှမဟုတ်ရင်လည်း ဝါသနာအသစ်အဆန်းတစ်ခုခုကို ပြုလုပ်ကြည့်ပါ။ နားချိန်မရအောင် သင်တန်းတွေ တစ်ခုပြီးတစ်ခုတက်ပါ။ Gym လေး ဘာလေး သွားဆော့ပါ။ ဒါဆိုရင် အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်သွားပါလိမ့်မယ်။

နာကျင်ခံစားရမှာကိုလည်း မကြောက်ပါနဲ့။
ငိုလို့မဖြစ်ဘူးဆိုပြီး တောင့်ခံမထားပါနဲ့။ အဲ့ဒီလိုတောင့်ခံထားရင် သင့် စွမ်းအင်တွေ အလဟဿကုန်ဆုံးသွားပါလိမ့်မယ်။ ငိုချင်ရင် ငိုချလိုက်၊ ဘာမှမလုပ်ချင်ဘူး အိပ်ရာထဲမှာပဲ ကွေးချင်တယ်ဆိုလည်း ကွေးပြီး အိပ်ပျော်အောင် ကြိုးစားလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းကလည်း စိတ်ဒဏ်ရာကို ကုစားပေးတဲ့နည်းလမ်းလေးပါပဲ။

ကိုယ့်ကိုယ်ကို ဆုချပါ။
ဂရုစိုက်မယ့်သူမရှိလို့ ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ဂိမ်းကစားရတာ ကြိုက်နှစ်သက်တဲ့သူတွေက ဂိမ်းစက်အသစ်ဝယ်မယ်၊ စာဖတ်ဝါသနာပါသူတွေကလည်း စာအုပ်အသစ်ဝယ်မယ် စသဖြင့် ကိုယ့်ကိုယ်ကိုပြန်ဆုချခြင်းက အကောင်းဆုံး ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။
အိမ်ထဲမှာပဲ အောင်းနေမယ်ဆိုရင် တစ်ယောက်တည်း ပိုအထီးကျန်တာကြောင့် ပိုခံစားရတတ်ပါတယ်။ ဘော်ဒါတွေနဲ့ သွားတွေ့ပါ။ သူတို့ကို ရင်ဖွင့်ကြည့်လိုက်ပါ။ သူတို့နဲ့ ဟေးလား ဝါးလား ပျော်ပျော်နေပါ။ ဒါမှမဟုတ်လည်း မိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံကြည့်ပါ။

မေ့ပစ်လိုက်ပါ။ အချိန်ကုန်ခံပြီး ပူဆွေးမနေပါနဲ့။ ဖြစ်နိုင်ရင် ရည်းစားအသစ်ထားပါ။
တစ်ရက်၊ နှစ်ရက်လောက်ကို တစ်ဝကြီး အသည်းကွဲပစ်လိုက်ပါ။ ပြီးရင်တော့ ပျော်ပျော်ပါးပါး ပြန်နေပါ။ လောကကြီးမှာ ယောကျ်ားလေးတွေမှ ပေါလို့ပါပဲ။ သင်က သင့်ရည်းစားဟောင်းကို ဘယ်လောက်ချစ်ခဲ့ပါစေ နောက်အသစ်တစ်ယောက် တွေ့ခဲ့မယ်ဆိုရင်လည်း ရည်းစားဟောင်းထက် ပိုချစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူးလေ။ ဒါပေမဲ့ တစ်ကိုယ်တည်း အပျိုကြီးဘဝက ပျော်ဖို့ကောင်းတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။

ဒီနည်းလမ်းလေးတွေက အသည်းဟက်တက်ကွဲခဲ့ဖူးသူတွေ တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းလာတဲ့ နည်းလမ်းလေးတွေဆိုလည်း မမှားပါဘူး။
Lifestyle_Myanmar
ref-glamour