နေ့စဉ်ပြုလုပ်နေတဲ့ အရာတွေထဲမှာမှ အင်္ဂလိပ်စာ သင်ယူလို့ရတဲ့ နည်းလမ်းတွေ
lifestylemyanmar.com
|
2022-10-17

အင်္ဂလိပ်စာတတ်ရင် အများနဲ့ ယှဉ်လာတဲ့အခါ အစစအရာရာ ကိုယ်က တပန်းတယ်လို့ ပြောတဲ့ စကားတစ်ခွန်း မကြာခဏကြားဖူးကြမယ်ထင်ပါတယ်။ အမှန်ပါပဲ လက်ရှိမှာ အင်္ဂလိပ်ဘာသာစကားကို ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတစ်ခုအဖြစ် စံထားကာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီဖြစ်တာကြောင့် ကိုယ့်အနေနဲ့ တတ်ကိုတတ်မြောက်ထားသင့်တဲ့ ဘာသာစကား တစ်ခုဖြစ်ပါတယ်။

ဒီနေ့ခေတ်ဟာ ပညာသင်ရာမှာလည်း တော်တော်လေး လွယ်ကူအဆင်ပြေတဲ့ခေတ်ကို ရောက်လာပါပြီ။ ကိုယ်သိချင်တဲ့အရာကို Google မှာ ရှာလိုက်ရုံနဲ့ အားလုံးတိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ ဒီလိုပညာသင်ရတာ အဆင်ပြေလာတဲ့ခေတ်မှာ အင်္ဂလိပ်စာဟာ ကိုယ့်အတွက် အဟန့်အတားတစ်ခု ဖြစ်မနေသင့်တော့ပါဘူး။ တကယ်ဆိုရင် နေ့စဉ်ပြုလုပ်နေတဲ့အရာတွေထဲမှာကိုပဲ အင်္ဂလိပ်စာသင်လို့ရတဲ့နည်းတွေ အများကြီးရှိနေတာဖြစ်ပါတယ်။

(၁) ရုပ်ရှင်

နိုင်ငံခြားရုပ်ရှင်တွေ ဇာတ်ကားတွေကြည့်ခြင်းဟာ အကောင်းဆုံး အင်္ဂလိပ်စာလေ့လာနည်းတစ်မျိုးဖြစ်ပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေ များများကြည့်မယ်ဆိုရင် နိုင်ငံခြားသား Native Speaker တွေရဲ့ လေယူလေသိမ်း ၊ အသံအတက်အကျတွေကို လေ့လာသိရှိနိုင်မယ့်အပြင် လက်တွေ့အပြင်မှာပါ နိုင်ငံခြားသားတစ်ဦးနဲ့ စကားပြောတဲ့အခါသူပြောတဲ့ စကားသံက ကိုယ့်နားထဲမှာ လုံးဝအစိမ်းသက်သက် ဖြစ်နေမှာမဟုတ်တော့ပါဘူး။

ဒါ့အပြင် အခြေခံကျတဲ့ နှုတ်ဆက်စကားတွေ (Greeting) ၊ နေ့စဉ်သုံးစကားတွေ( Daily Phrase) တွေကို ကောင်းကောင်းသိရှိနိုင်မှာ ဖြစ်ပါတယ်။


(၂) သီချင်း

နိုင်တကာ သီချင်းတွေ နားထောင်တာဟာလည်း ထို့နည်းအတူပါပဲ။ သီချင်းကနေလေ့လာတာဟာ အစပိုင်းမှာတော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်နားထောင်ပါ များလာတဲ့အခါမှာတော့ အဆင်ပြေသထက်ပြေလာပြီး နားလည်သဘောပေါက်လာပါလိမ့်မယ်။

သီချင်းတွေရဲ့ Lyrics ကိုကြည့်ပြီးနားထောင်ရင် ပိုပြီးကောင်းပါတယ်။ တစ်ရက်ကို ပုံမှန်တစ်ပုဒ်နှစ်ပုဒ် စသည့်ဖြင့် အချိန်ရရင်ရသလို နားထောင်ပေးပါက မကြာခင် အချိန်အတွင်းမှာ တိုးတက်လာတဲ့ကိုယ့်ရဲ့ Listening Skill ကို အံ့သြဖွယ် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။


(၃) သတင်းစာ / စာအုပ်

ကိုယ်ကအခုမှ အင်္ဂလိပ်စာ စတင်လေ့လာနေသူ တစ်ယောက်ဆိုရင် သတင်းစာတွေမှာပါတတ်တဲ့ အင်္ဂလိပ်စာပုဒ် အတိုလေးတွေ ၊ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တွေကို ရသလောက်ကြိုးစားပြီး ဖတ်ကြည့်ပါ။ မသိတဲ့စာလုံးပေါင်းတွေကို Dictionary ကနေ ဘာသာပြန်ကြည့်လို့ရပါတယ်။

စာအုပ်ဆိုရင်လည်း ကလေးတွေအတွက် ထုတ်ထားတဲ့ ပုံပြင်စာအုပ်လေးတွေ ၊ ဇာတ်လမ်းတိုလေးတွေကနေ စဖတ်သင့်ပါတယ်။ အဓိက စိတ်ပျက်ပြီး အားမလျော့လိုက်ဖို့ပါပဲ။


(၄) ဝါသနာ

ကိုယ်က ဘာဝါသနာပါလဲ ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ ဥပမာ ကိုယ်က ကားတွေအကြောင်း လေ့လာရတာ ဝါသနာပါတယ်ဆိုရင် Google (သို့) Youtube ကနေ ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖတ်ပါ ရှာနားထောင်ကြည့်ပါ။

အင်္ဂလိပ်လို ရေးသားပြောဆိုနေတာတွေ ဖြစ်ပေမယ့် ကိုယ့်ဝါသနာပါတဲ့ အရာတွေဖြစ်တာကြောင့် မသိသိအောင်ကြိုးစားပြီး သာဘာပြန်ဖတ်ရှု့လေ့လာတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝါသနာပါတဲ့အရာ စိတ်ဝင်စားတဲ့ အရာတွေမှန်သမျှ  Google ခေါက်ပြီး ရှာဖတ်ကြည့်ပါ။


(၅) ဂိမ်း

ဒီနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Dota လို Game မျိုးတွေ ၊ PUPG ၊ Mobile Legends စတဲ့ Game အမျိုးအစားတွေဟာ Online ပေါ်ကနေ တစ်ကမ္ကာလုံးက လူတွေနဲ့ ချိတ်ဆက်ဆော့ကြရတဲ့ ဂိမ်းတွေဖြစ်ပါတယ်။ ဒီဂိမ်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စကားပြောလို့ရတဲ့ စနစ်တွေလည်း ပါဝင်လာကြောင့် အဲ့ဒီကနေတစ်ဆင့် အခြေခံစကားပြောပုံ ပြောနည်းလေးတွေကို သင်ယူလို့ရနိုင်ပါတယ်။

နောက်ထပ် တစ်ချို့သော ဂိမ်းတွေဟာ Mission ဆန်ဆန်ပြုလုပ်ရပြီး စာတွေဖတ်ပြီးပြုလုပ်မှသာ အဆင်ပြေနိုင်တဲ့ ပဟေဠိဆန်တဲ့ဂိမ်းတွေရှိတာကြောင့် ကိုယ်က ဒီအခန်းအောင်ချင်ရင် ဒီစာတွေကို မဖြစ်မနေဖတ်မှ ရတော့မှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာလည်း သာမာန်ပဲလို့ ထင်ရပေမယ့် တကယ်လက်တွေ့မှာ အင်္ဂလိပ်စာအတွက် အများကြီးအထောက်အကူဖြစ်စေတဲ့နည်းလမ်းတစ်သွယ်ဖြစ်ပါတယ်။


Lifestyle_Myanmar

ref-fluentu




Some text some message..