
မနက်ခင်းအိပ်ယာမထနိုင်တဲ့ ပြဿနာက သင့်အတွက်အတားအဆီးတစ်ခု ဖြစ်နေပါသလား။ အိပ်ပုတ်လေးတွေတော်တော်များများ မနက်ခင်းအိပ်ယာထဖို့ခက်ခဲတာကြောင့် အမြဲကျောင်းနောက်ကျ ၊ ရုံးနောက်ကျတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရကြပါတယ်။ ထိုအခါ အလောတကြီးတွေ လုပ်ကိုင်ရပြီးစိတ်ပင်ပန်းလူပင်ပန်းနဲ့ သောကရောက်ကြရတာဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းအိပ်ယာထဖို့ ခက်ခဲသူတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။
(၁) မသိစိတ်ကို ခိုင်းစေပါ
လူတိုင်းလူတိုင်းမှာ ကိုယ်ရဲ့ စိတ်ကိုအမိန့်ပေးခိုင်းစေလို့ရတဲ့ စွမ်းအားတစ်ခု ပိုင်ဆိုင်ထားကြပါတယ်။ တော်တော်များများက စိတ်ရဲ့ခိုင်းစေတဲ့အတိုင်းသာ လုပ်နေကြတာဖြစ်ပြီး စိတ်ကိုပြန်ခိုင်းဖို့ မေ့နေတတ်ကြပါတယ်။ စိတ်ကိုခိုင်းစေတဲ့နည်းလမ်းက တော်တော်များများလည်း လုပ်ဖူးကောင်းလုပ်ဖူးကြမယ် ထင်ပါတယ်။ သင့်အနေနဲ့ ညအိပ်ယာဝင်ခါနီးအချိန်မှာ “ငါမနက်ဖြန် (၆)နာရီ နိုးကိုနိုးရမယ်”လို့ သုံးကြိမ်လောက် ကိုယ့်ရဲ့မသိစိတ်ကို အမိန့်ပေးလိုက်ပါ။ အံ့သြစရာကောင်းလောက်အောင်ပဲ မနက် (၆) နာရီတိတိမှာ နိုးလာပါလိမ့်မယ်။

(၂) ခဏပြန်မှေးခြင်းကို ရှောင်ကျဉ်ပါ
လူတော်တော်များများ အိပ်ယာနိုးနိုးခြင်း (၅) မိနစ် (၁၀) မိနစ်လောက် ပြန်မှေးလိုက်ဦးမယ်ဆိုတဲ့ အကျင့်လေးတစ်ခု ရှိတတ်ကြပါတယ်။ ခဏလောက်မှေးမယ်ဆိုတဲ့အတွေးဟာ တကယ်ကိုကြီးမားတဲ့ အမှားကြီးတစ်ရပ်ဖြစ်ပါတယ်။ ကိုယ်တွေးထားတာ ငါးမိနစ် ဆယ်မိနစ်ဆိုပေမယ့် တွေးထားတဲ့အတိုင်း အိပ်ယာထနိုင်ဖို့က (၁၀) ကြိမ်မှာ (၁) ကြိမ်လောက်ပဲရှိကြပါတယ်။ အများစုကတော်တော်ကြာကြာ ပြန်အိပ်ပျော်သွားတတ်တာကြောင့် အကောင်းဆုံးက အိပ်ယာနိုးနိုးချင်း ကိုယ်လက်လှုပ်ရှားမှုလုပ်တာမျိုး ၊ မျက်နှာသစ်လိုက်တာမျိုးက အကောင်းဆုံးဖြစ်ပါတယ်။

(၃) နိုးစက် Application တွေ အသုံးပြုပါ
နိုးစက် Application တွေဆိုပေမယ့် လွယ်လွယ်ကူကူပြန်ပိတ်ပြီး အိပ်လို့မရတဲ့ App တွေကို အသုံးပြုပါ။ တစ်ချို့ App တွေဆိုရင် Alarm ပိတ်နိုင်ဖို့ သင်္ချာတွက်ရတာမျိုး ၊ သတ်မှတ်ထားတဲ့ဓာတ်ပုံအတိုင်း တစ်ပုံထဲရအောင်ရိုက်ရတာမျိုး စတဲ့ လုပ်ဆောင်ချက်တွေကို အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်မှသာ Alarm ပိတ်နိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ သင်္ချာတွက်ရတာ ၊ ဓာတ်ပုံရိုက်ရတာနဲ့တင် အိပ်ချင်ပြေပြီး အိပ်ယာကနေ ကောင်းကောင်းမွန်မွန်နိုးထနိုင်မှာဖြစ်ပါတယ်။

(၄) အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝ အိပ်စက်ထားသူတစ်ယောက်အတွက်တော့ မနက်နိုးထဖို့ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ညဘက်တွေမှာ ဖုန်းအလွန်အကျွံသုံးတာတွေ ၊ ဂိမ်းဆော့နေတာတွေကိုရှောင်ကျဉ်ပြီး အတတ်နိုင်ဆုံး အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပေးဖို့လိုပါတယ်။ ဒါမှလည်း မနက်ခင်းမှာ လန်းလန်းဆန်းဆန်းနဲ့ အားအင်ပြည့်ဝစွာ နိုးထလာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ညဘက်တွေမှာ အတတ်နိုင်ဆုံး စောစောအိပ်နိုင်အောင် သင့်ရဲ့အိပ်ချိန်ကို ဂရုစိုက်သင့်ပါတယ်။
Lifestyle_Myanmar
ref-herzing.edu