
အချစ်ရေးမှာ အဆင်မပြေဘူးဆိုရင် အလုပ်နဲ့ ကျန်းမာရေးကိုပါ ဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ချစ်သူနဲ့ ဘဝတစ်ခုတည်ထောင်ဖို့ထိ ရည်ရွယ်ထားရင် နှစ်ယောက်စလုံးအနေနဲ့ လေးနက်မှုရှိဖို့ လိုပါတယ်။ ကိုယ့်ဘက်ကနေလည်း လေးစားမှုထားပြီး ဆက်ဆံဖို့ လိုသလို တစ်ဖက်လူက ကိုယ့်ကို လေးနက်မှုရှိရဲ့လားဆိုတာလည်း လေ့လာကြည့်ရမှာပါ။ ကိုယ့်ချစ်သူနဲ့ ပန်းခင်းလမ်းကို လျှောက်နေတာလား၊ ဆူးခင်းလမ်းကို လျှောက်နေတာလားဆိုတာ သိချင်ရင် ဆက်ဖတ်ကြည့်ကြနော်။
အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်း ပေါင်းစပ်တာမဟုတ်ဘဲ မိသားစုနှစ်ခု၊ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်တာပါ။ ကိုယ်က သူနဲ့ ယူဖို့အထိ စဉ်းစားထားရင် သူ့မိသားစုအခြေအနေကိုပါ စဉ်းစား ရလိမ့်မယ်။ အိမ်ထောင်မပြုခင်တည်းက မိသားစုနဲ့ ဆွေမျိုးတွေကြောင့် စိတ်ညစ်၊ စိတ်ရှုပ်နေရပြီဆိုရင် သူနဲ့ ညှိနှိုင်းဖို့ လိုပါပြီ။ ကိုယ့်ချစ်သူက မိသားစုနဲ့ပတ်သက်လာရင် အတ္တကြီးတတ်သူလား ဒါမှမဟုတ် မျှတွေးပြီး ဆုံးဖြတ်တတ်သူလားဆိုတာ သိဖို့ လိုပါတယ်။ အတ္တကြီးကြီး ပြောဆိုပြုမူတတ်တဲ့သူဆိုရင်တော့ သူနဲ့ ယူဖို့ကို ပြန်စဉ်းစားသင့်ပါပြီ။
ငွေရေးကြေးရေးကိစ္စကလည်း ညှိနှိုင်းရမယ့်အထဲ ပါပါတယ်။ သမီးရည်းစားဘဝမှာတော့ ကိုယ့်လစာ သူ့လစာ ဝင်စွက်ဖက်စရာမလိုပေမယ့် ယူဖို့ထိ ဆုံးဖြတ်ပြီးပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ငွေရေးကြေးရေးပိုင်းတွေကို သိထားဖို့ လိုပါတယ်။ မြန်မာလူမျိုးတွေရဲ့အယူအဆအရ မိန်းမဖြစ်သူက ခင်ပွန်းသည်ရဲ့ ငွေရေးကြေးရေးပေါ် မှီခိုလို့ရတယ်ဆိုပေမယ့် အိမ်ထောင်တစ်ခုဆိုတာ နှစ်ယောက်အတူပေါင်းပြီး တည်ထောင်ရတာမို့ ကုန်ကျစရိတ်ကအစ အတူတူ မျှပြီး ကျခံသင့်ပါတယ်။ ယောက်ျားအပေါ် မှီခိုတာမျိုးမလုပ်ဘဲ မိသားစုအပေါ် နှစ်ယောက်စလုံး တာဝန်ခွဲယူသင့်ပါတယ်။ သင့်ချစ်သူက ငွေရေးကြေးရေးအပိုင်းတွေမှာ သင့်ကို သိသင့်သလောက် ပေးမသိဘူးလို့ ခံစားနေရတယ်ဆိုရင် သူနဲ့အတူ ညှိနှိုင်းသင့်ပါတယ်။
အခုပြောမယ့်အချက်က အရေးကြီးဆုံးအချက်ထဲမှာ ပါပါတယ်။ သင်နဲ့ သင့်ချစ်သူက တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုရှိပါရဲ့လား။ တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က လေးစားမှုရှိပါရဲ့လား။ ယုံကြည်မှုမရှိတဲ့ဆက်ဆံရေးက ရေရှည်မှာ စိတ်အနှောင့်အယှက်ပေးနိုင်ပါတယ်။ ကိုယ့်ခံစားချက်နဲ့ ပြောတဲ့စကားတွေကို လျစ်လျူရှုနေပြီဆိုရင် သင့်အချစ်ရေးက မကျန်းမာတဲ့အခြေအနေကို ရောက်နေပါပြီ။ ဆေးကုတဲ့အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီးညှိနှိုင်းဖို့လည်း လိုပါပြီ။
နောက်ဆုံးအချက်ကတော့ ချုပ်ချယ်တတ်တဲ့ကိစ္စပါ။ သင့်ချစ်သူက သင့်ကို ချစ်လို့ သဝန်တိုတယ်ဆိုတာ လက်ခံပါတယ်။ သဝန်တိုတာထက် ပိုလာရင်တော့ ချုပ်ချယ်တဲ့အဆင့်ကို ရောက်မှန်းမသိ ရောက်လာတတ်ပါတယ်။ ကိုယ့်သိက္ခာကို ထိပါးစေမယ့် အပြုအမူနဲ့ အပြောအဆိုမျိုးတွေကို သူ့ဘက်က လုပ်လာရင် လက်မခံပါနဲ့။ လိုတာထက်ပိုတဲ့ချုပ်ချယ်မှုတွေကြောင့်၊ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေ၊ ကိုယ့်ဘဝအတွက် အခွင့်အလမ်းတွေကို ထိခိုက်စေနိုင်တာကြောင့် သူနဲ့ ညှိနှိုင်းပါ။ ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့ဘူးဆိုရင်တော့ သင်တို့ရဲ့ဆက်ဆံရေးကို ရပ်ပစ်လိုက်သင့်ပါတယ်။