
စိတ်ဖိစီးမှုဆိုတာ လူတိုင်း ဖြစ်လေ့ရှိတဲ့၊ ရှောင်လွဲမရတဲ့ အရာတစ်ခုပါ။ စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာအပေါ်မှာပါ သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။ စိတ်ဖိစီးမှုတွေကို ချက်ချင်း ရပ်တန့်ပေးနိုင်မယ့် နည်းလမ်းတွေကို လက်တွေ့ အသုံးချရင်း ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေရှင်။
အပြင်ထွက်ပါ။
စိတ်ဖိစီးမှုများနေတဲ့အချိန်က အိမ်ထဲမှာ ဒါမှမဟုတ် အလုပ်ခန်းထဲမှာဆိုရင် အခန်းထဲကနေ အပြင်ကို ချက်ချင်း ထွက်လိုက်ပါ။ ပြင်ပမှာ မြင်တွေ့လိုက်ရတဲ့ သဘာဝရှုခင်းတွေက အာရုံပြောင်းတာကို ဖြစ်စေသလို စိတ်ခံစားချက်ကို ပိုကောင်းလာစေပြီး စိတ်ဖိစီးမှုတွေ ပြေလျော့စေပါတယ်။
ပြုံးပါ။
“မချစ်သော်လည်း အောင့်ကာနမ်း” ဆိုတဲ့ စကားအတိုင်း ဘယ်လောက်ပဲ စိတ်ရှုပ်ရှုပ် စိတ်ညစ်ညစ် အလှဆုံးသာ ပြုံးထားပါ။ ပြုံးလိုက်တာကြောင့် မျက်နှာမှာရှိတဲ့၊ တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားပြီး စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။
သီချင်း နားထောင်ပါ။
အစည်းအဝေးမှာ အလုပ်ကိစ္စ ပြောစရာရှိတာ၊ အရေးကြီးတဲ့ ပွဲအခမ်းအနားကို ဦးဆောင်နေရတာ စတာတွေကို ပြုလုပ်ရတဲ့အခါ စိတ်ဖိစီးမှုတွေအပြည့် ခံစားနေရတယ်ဆိုရင် ဓမ္မတေး ဒါမှမဟုတ် စိတ်ပျော်ရွှင်စေမယ့် သီချင်းတစ်ပုဒ်ကို နားဆင်လိုက်ပါ။ လေ့လာမှုတွေအရ သီချင်းနားထောင်တာက ကော်တီစောလို့ ခေါ်တဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
အသက်၀၀ရှုပါ။
အသက်ရှူလေ့ကျင့်ခန်းက စိတ်ဖိစီးမှုတွေကို ချက်ချင်း သက်သာပျောက်ကင်းစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုတွေကို တွန်းကန်နိုင်စွမ်းရှိပြီး စိတ်တည်ငြိမ်အေးချမ်းမှုကို ရစေတယ်။ နှာခေါင်းကနေတစ်ဆင့် လေကို ဖြည်းဖြည်းချင်း အဆုတ်ထိရောက်အောင် ရှုသွင်းပါ။ အသက် ခဏအောင့်ပြီး အမှတ်စဉ် တစ်ကနေ ငါးအထိ ရေတွက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ ၁၀ မိနစ်လောက် လုပ်ပြီးရင်တော့ စိတ်ဖိစီးနေတာတွေအားလုံး သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပါ။
အကောင်းမြင်စိတ်ရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးပွားပြီး ပြဿနာတိုင်းကို ဖြေရှင်းနိုင်ကာ အခက်အခဲတွေကို ကျော်လွှားတတ်စေပါတယ်။ ပြဿနာတစ်ခုနဲ့ ကြုံနေရတဲ့အချိန် ဒါမှမဟုတ် စိတ်တိုနေတဲ့အချိန်တွေမှာ “အဆင်ပြေသွားမှာပါ” ၊ “ငါ လုပ်နိုင်တယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးစကား ပြောပါ။
စာရေးချပါ။
ကိုယ်တိုင်သတိမထားမိတဲ့ ပြဿနာသေးသေးလေးတွေ ပေါင်းစုပြီး စိတ်ဖိစီးမှုဆိုတဲ့ခံစားချက် ဖြစ်လာတာပါ။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေကို ချရေးပါ။ ဒီလို ရေးလိုက်တာကြောင့် ပြဿနာဖြစ်ရတဲ့ ရင်းမြစ်ကို သေချာနားလည်သဘောပေါက်သွားပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုပါ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းလေးတွေက စိတ်ဖိစီးမှုဖြစ်နေတဲ့ နေရာမှာတင် ပြုလုပ်လို့ရနိုင်တဲ့ လက်တွေ့အသုံးဝင်တဲ့ နည်းလမ်းလေးတွေပါ။