
ချစ်သူသမီးရည်းစားတွေ တွဲတဲ့အချိန်ကြာလာရင် များသောအားဖြင့် သွေးအေးသွားတတ်ကြပါတယ်။ သွေးအေးတယ်ဆိုတာက မချစ်ဘူးလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။ သူနဲ့ ချိန်းထားတဲ့နေ့လေး ရောက်ဖို့ စောင့်နေရတာကို စိတ်မရှည်တဲ့နေ့တွေကနေ အေးအေးဆေးဆေး စောင့်နိုင်လာတာမျိုး၊ သူနဲ့ တွေ့ရင် လှနေအောင် ဘာလေးဝတ်ရမလဲ၊ သူ့ကို ဘယ်လိုနမ်းရမလဲ၊ သူနမ်းရင်ရော ဘယ်လိုလေးတုံ့ပြန်ရမလဲဆိုတဲ့ ရင်ခုန်စရာ ခံစားချက်လေးတွေ နည်းပါးသွားတာမျိုးပေါ့။ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ သူ့အသံပဲ ကြားချင်၊ သူ့မျက်နှာလေး မြင်ရဖို့ အပြေးအလွှား သွားတွေ့ချင်တဲ့စိတ်တွေလည်း တဖြည်းဖြည်း ကုန်ဆုံးလာတာမျိုး၊ သင့်ဘက်က ဒီလိုမျိုးတွေ ခံစားလာရလို့ရှိရင် ငါ့ဘဝမှာ သူ့ကိုအရမ်းလည်း မလိုအပ်ပါလား၊ ငါ သူမရှိလည်း နေနိုင်တာပဲဆိုတဲ့ မဟုတ်တဲ့အတွေးတွေ ဝင်လာနိုင်ပါတယ်။ သင့်ချစ်သူက သင့်အပေါ် သွေးအေး နေပြီလို့ ခံစားနေရရင်လည်း ဝမ်းနည်းနေမယ့်အစား အချိန်မလွန်ခင် အပြောင်းအလဲတစ်ခုခုဖြစ်အောင် လုပ်သင့်ပါတယ်။ အရင်လို ရင်ခုန်လတ်ဆတ်တဲ့ပျော်ရွှင်မှုလေးတွေ ပြန်ရအောင် ကြိုးစားချင်တယ်ဆိုရင် တော့ ဒီဆောင်းပါးတိုလေးကို အဆုံးထိ ဖတ်ကြည့်ပေးနော်။
ဓာတ်ပုံတွေ ပြန်ကြည့်ပါ
သူနဲ့ အတူရိုက်ခဲ့တဲ့ပုံလေးတွေကို ပြန်ကြည့်ပါ။ ဟိုးစစချင်း ရိုက်ဖြစ်ခဲ့တဲ့ပုံတွေအထိ ပြန်ရှာပြီး ကြည့်ပါ။ ပုံတစ်ပုံချင်းစီမှာ ရှိတဲ့အမှတ်တရတွေရယ်၊ သူနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်လေးတွေရယ်ကို ပြန်ပြီးတွေးကြည့်ပါ။
ချစ်သူရည်းစားဖြစ်စ အချိန်ကို ပြန်သွားပါ
ကိုယ် သူနဲ့ ချစ်ခါစ ဘယ်လိုပြောဆိုတယ်၊ အရင်က တီတီတာတာလေးတွေ ပြောခဲ့တဲ့အတိုင်း သူ့အပေါ် ဆက်ဆံပေးပါ။ အရင်က သူ့အပေါ် ဂရုစိုက်ခဲ့တဲ့အတိုင်း ပြန်ပြီးဂရုစိုက်ပေးဖို့ လိုပါတယ်။ သူကြိုက်တာလေးတွေ ဝယ်ကျွေးတာ၊ ရုပ်ရှင် အတူကြည့်တာမျိုး၊ ပြီးတော့ ပြောခဲ့ဖူးတဲ့ အကြင်နာစကား တွေကိုလည်း ဒီချိန်မှာ ပြန်ပြောဖို့ အကောင်းဆုံးပါပဲ။ ကိုယ့်အပြုအမူ ထူးဆန်းနေလို့ သူ့ဘက်က မေးခဲ့ရင် လည်း နှစ်ယောက်တစ်ဘဝ ပိုပြီးစိတ်ချမ်းသာဖို့နဲ့ အချစ်ခရီးလေး ပိုပြီးအဓိပ္ပာယ်ရှိအောင်လို့ ကြိုးစားနေ တာဖြစ်ကြောင်း သူသိအောင် ရှင်းပြပေးပါ။
ချစ်တင်နှောဖူးတယ်ဆိုရင် ပုံစံဆန်းတွေကို ကြိုးစားကြည့်ပါ
ချစ်သူနဲ့ အတူနေတဲ့အခါ စိတ်ကျေနပ်မှုရှိ မရှိဆိုတာကလည်း သမီးရည်းစားဆက်ဆံရေးမှာ အရေးပါတဲ့ ကိစ္စတစ်ခုပါပဲ။ ကိုယ့်ချစ်သူရော ကိုယ်ရော ခံစားချက်အသစ်လေးတွေရအောင် လိင်ဆက်ဆံတဲ့ ခန္ဓာကိုယ်အနေအထားတွေကို ပုံစံဆန်းဆန်းလေးတွေနဲ့ စမ်းကြည့်ပါ။ စိတ်ကျေနပ်မှု ပိုရလေလေ ချစ်သူနှစ်ဉီးဆက်ဆံရေးပိုကောင်းလေပဲမို့ စမ်းကြည့်စေချင်ပါတယ်။
ပြုပြင်ပါ
ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ခန္ဓာကိုယ်အချိုးအဆနဲ့ အပြောအဆိုတွေကို ဆင်ခြင်ကြည့်ပါ။ ချစ်သက်တမ်း ကြာလာတာနဲ့အမျှ အဝတ်အစားနဲ့ အပြင်အဆင်ကို ဂရုမစိုက်တော့တာမျိုး၊ အလှအပကို စိတ်မဝင်စားတော့တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဘက်ကစပြီး ပြောင်းလဲနေတာဖြစ်တဲ့ အတွက် အရင်ချစ်စက လှပချင်သလို၊ ကိုယ်အလေးချိန်ကို ဂရုစိုက်သလို၊ စကားအပြောအဆိုလေးတွေ ပြန်ပြီးချိုသာအောင် နေပေးဖို့ လိုပါတယ်။